bap-logo
Politics

စစ်တပ်ကို နိုင်ငံရေးမှအပြီးတိုင်ထုတ်ပယ်ရန် ကြိုးစားလုပ် ဆောင်မည်ဟု NUG ယာယီသမ္မတဆို

ypTF9I0akupy8B4WK3YVa-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဒီဇင်ဘာ ၆။

 

စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်ထုတ်ပယ်ရန်အာမခံချက်ရှိသည့် အခြေအနေရောက်အောင်ကြိုးစား လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

NUG အနေဖြင့် စစ်တပ်ကိုနိုင်ငံရေးထဲမှအပြီးတိုင်ထုတ် ပယ်ရန် အာမခံချက်ရှိသည့်အခြေအနေ ရောက်ရန် ကြိုးစားလုပ်ဆောင်နေကြောင်း၊ အနာဂတ်တွင်ဖြစ်ထွန်းလာမည့် ဖက်ဒရယ်တပ်မတော်သည် ပရော်ဖက်ရှင် နယ်တပ်မတော်တစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

လက်ရှိတွင်ပြည်သူလူထုအနေဖြင့် စစ်ကောင်စီအုပ်စုက ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရက ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန်စဉ်းစားနေကြောင်း မေးခွန်းထုတ်မှု များရှိလာနေသည်ဟု ၎င်းကဆိုသည်။

 

 

" အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ၊ နားလည်ပေး ချင်စရာတစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ်ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလ ကပြောသည်။

 

 

ထို့ပြင် မြန်မာစစ်တပ်လိုမျိုး နိုင်ငံရေးအခြေအနေထဲတွင် တောက်လျှောက်ပါဝင်နေခြင်းကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် ယင်းအချက်ကိုအမျှော်အမြင်ရှိရှိဖြင့် သေချာထည့်သွင်းစဉ်းစား ထားကြရန် လိုကြောင်း၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဟုခေါ်သည့် security sector reform ကိစ္စများကိုလည်း အထူးတလည် ထည့်သွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။

 

အသက်ပေးစွန့်လွှတ်အနစ်နာခံခဲ့သည့် တော်လှန်ရေးရဲဘော်များ၏ လုပ်ရပ်များကိုအကျိုးမဲ့အလဟသ မဖြစ်သွားရန် NUG အနေဖြင့်ကြိုးစားလုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ တန်းတူအခွင့်အရေးများအတွက် မိသားစုများစွာမှ ဆွေစဉ်မျိုးဆက်တော်လှန်ရေးအမွေကိုဆက်ခံ ကာ၊ တရားမျှတသောတော်လှန်ရေး အတွက်အထွေထွေသော ကြိုးပမ်းချက်များသည် မည်သည့်အရာ နှင့်မျှအစားထိုးမရ နိုင်ကြောင်း ယာယီသမ္မတဒူဝါလရှီးလကပြောသည်။

 

" စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်နဲ့ခန္ဓာကို ပေး ဆပ်ပြီး တိုက်ပွဲဝင်ခဲ့သူ အပေါင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်တို့ အားလုံး အဓိကထားဆောင်ရွက်ရမှာ ဖြစ်တယ်" ဟု ၎င်းကဆိုသည်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
ယာယီသမ္မတ

Share With
bap-logo