bap-logo
Politics

မြန်မာကို အရေးယူပိတ်ဆို့မှု EU သက်တမ်းတိုး

YJlSMt-AtSfq4CAAIB7ES-image

လွန်ခဲ့သော ၃ ရက် က

 

BAP၊ မေ ၁၄။

 


ဥရောပသမဂ္ဂ (
EU) သည် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် မြန်မာနှင့် ဆက်နွှယ် သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်သည်။

 

ထို့အပြင် EU အဖွဲ့ဝင်မဟုတ်သော ဥရောပမဟာမိတ်နိုင်ငံများကလည်း ဤမူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

 

EU ကောင်စီအနေဖြင့် ထိုဆုံးဖြတ်ချက်ကို ယခုနှစ် ဧပြီလ ၂၇ ရက်တွင် အတည်ပြုခဲ့ပြီး EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလပ်စ်က ယမန်နေ့၌ ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

 

ယခုဆုံးဖြတ်ချက်သည် ကန့်သတ်ချုပ်ချယ်မှု အစီအမံများအပေါ် နှစ်ပတ်လည် ပြန်လည်သုံးသပ်ချက်ကို အခြေခံပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထိခိုက်ပျက်ပြားစေသည့် လုပ်ရပ်များနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပါအဝင် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း EU က ထုတ်ပြန်ထားသည်။

 

EU၏ ပိတ်ဆို့အရေးယူမှုများ၌ လက်ရှိအချိန်အထိ စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၂၈ ခု ပါဝင်ပြီး ယင်းတို့အနက် လူပုဂ္ဂိုလ် ၁၀၅ ဦး၊ ကုမ္ပဏီ ၂၀ ခုနှင့် အဖွဲ့အစည်း ၂ ခု ပါဝင်သည်။

 

ထိုအထဲမှ တဦးမှာ ကွယ်လွန်ခဲ့သည့်အတွက် စာရင်းမှ ပယ်ဖျက်ထားသည်ဟုလည်းဆိုသည်။

 

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်ပြီးဖြစ်သော လူပုဂ္ဂိုလ် ၃၃ ဦးနှင့် အဖွဲ့အစည်း ၉ ခုတို့၏ အချက်အလက်များ ပြင်ဆင်ပြီး နောက်ဆုံးစာရင်းကို ထုတ်ပြန်သွားမည်ဟု ဆိုသည်။

  

ကန့်သတ်ချုပ်ချယ်သည့် အစီအမံများဟုလည်း ခေါ်ဆိုသည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပုံမှန်အားဖြင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ဆို့ခြင်း သို့မဟုတ် ရန်ပုံငွေများ ရယူသုံးစွဲခွင့် ကန့်သတ်ခြင်း၊ ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းတို့ ပါဝင်လေ့ရှိသည်။

  

EU အနေဖြင့် မြန်မာစစ်တပ်ထံ တိုက်ရိုက် ငွေကြေးထောက်ပံ့မှုများကို ရပ်ဆိုင်းထားသော်လည်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုမူ လွတ်လပ်သော အဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများထံသို့ ဆက်လက်ပေးအပ်နေဆဲ ဖြစ်သည်။

 

ပုံစာ - မတ်လ ၂၇ ရက် ၂၀၂၁ ခုနှစ် နေပြည်တော် တပ်မတော်နေ့ချီတက်မှုမှ စစ်အာဏာရှင် မင်းအောင်လှိုင်။ (Photo: REUTERS/Stringer/File Photo)

 

အီးယူ
မြန်မာ

Share With
bap-logo