Articles
မြန်မာ့ရွေးကောက်ပွဲ အလောင်းအစား
လွန်ခဲ့သော ၃ ရက် က
BAP၊ ဘာသာပြန်။
နိုင်ငံတကာအသိုက်အဝန်းရှိ အများစုက စစ်အာဏာရှင်၏ မသမာသော ရွေးကောက်ပွဲကြောင့် ဆိုးကျိုးအနည်းငယ်သာရှိမည်ဟု ယုံကြည်နေကြသော်လည်း ဆန့်ကျင်ဘက်အားဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုမည့် အန္တရာယ်ရှိနေသည်။
ပဋိပက္ခရေးရာကျွမ်းကျင်သူအများစုက ပြည်တွင်းစစ်ဖြစ်နေစဥ် အကြမ်းဖက်မှုကို ပိုမိုမြင့်တက်စေမည့် အသေအချာဆုံး နည်းလမ်းတစ်ခုမှာ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်ဟု ပြောကြားလေ့ရှိကြသည်။
ပြည်တွင်းပဋိပက္ခများသည် အရေးပါသော နိုင်ငံရေးဆိုင်ရာ အင်အားစုများက နိုင်ငံကို အုပ်ချုပ်မည့် အခြေခံမူများအပေါ် သဘောတူညီမှုမရှိသည့်အခါ ဖြစ်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင် စစ်တပ်သည် အစိုးရအဖြစ် တာဝန်ယူလိုသော်လည်း လူအများစုက နိုင်ငံရေးတွင် လုံးဝပါဝင်ပတ်သက်မှု မရှိစေလိုပေ။
အဆိုပါ မပြေလည်နိုင်သည့် ကွာခြားချက်သည် စစ်တပ်က ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ၌ အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီး သုံးလအကြာတွင် အာဏာသိမ်းယူခဲ့ရာမှ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့သည်။ စစ်တပ်သည် ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် အဆင့်များစွာဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေသည်နှင့်အမျှ ဤရွေးကောက်ပွဲသည် အကြမ်းဖက်မှုများဖြင့် ဖုံးလွှမ်းသွားနိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။
ဒီမိုကရေစီလိုလားသည့် အဓိကပါတီများကို ပိတ်ပင်တားမြစ်ထားပြီး စစ်တပ်နှင့် ၎င်းတို့ ရွေးချယ် ထားသော ကိုယ်စားလှယ်များ အနိုင်ရရှိစေရန် မဲရုံများကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲမည် ဖြစ်သော်လည်း ရွေးကောက်ပွဲသည် အမှန်တကယ်တွင် ပဋိပက္ခလျော့ပါးစေမည့် နည်းလမ်းဖြစ်နိုင် သည်ဟု အချို့သော သံတမန်များနှင့် လေ့လာသုံးသပ်သူများက မျှော်လင့်နေကြသည်။
၂၀၀၈ ခုနှစ်တွင် စစ်တပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာကို မတူညီသည့် နိုင်ငံရေးရုံး၊ ဌာနများအကြား ခွဲဝေထားသော်လည်း လက်ရှိအချိန်တွင် အာဏာသိမ်းသူ မင်းအောင်လှိုင်က ဗဟိုမှ ချုပ်ကိုင်ထားသည်။ အချို့သော သံတမန်အသိုက်အဝန်းကပင်လျှင် ရွေးကောက်ပွဲကျင်းပ ခြင်းသည် မတူညီသော စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များအကြား အာဏာကို ခွဲဝေပေးနိုင်ပြီး အတိုက် အခံတပ်ဖွဲ့များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သို့မဟုတ် ဆွေးနွေးမှုများအတွက် လမ်းဖွင့်ပေးနိုင်လိမ့်မည် ဟု မျှော်လင့်နေကြသည်။
အကြမ်းဖက်မှုတွေအများအပြားရှိမယ်၊ လူထုရဲ့ မကျေနပ်မှုတွေကိုလည်း နှိမ်နင်းမှုတွေ အများကြီးရှိမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအတွက် အပြည့်အဝလက်ခံဖို့ ပိုခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်
သို့သော်လည်း စစ်အာဏာရှင်၏ ရွေးကောက်ပွဲကျင်းပရခြင်း အကြောင်းပြချက် အတွင်းသဏ္ဌာန်မှာ လုံးဝကွဲပြားသည်။ စစ်အာဏာရှင်၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့အပေါ် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း အထူးသဖြင့် ဒေသတွင်းနိုင်ငံများ၏ ငြိုငြိုငြင်ငြင် လက်ခံမှု ကြီးထွားလာမှုကို ပိုမိုခိုင်မာစေရန် ဖြစ်သည်။ ငါးနှစ်နီးပါး လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်ခဲ့ပြီးနောက် မြန်မာ နိုင်ငံ၏ အိမ်နီးချင်းများစွာက အစိုးရသည် ရေရှည်တည်တံ့မည်ဟု ကောက်ချက်ချမှတ်လာကြသည်။ ၎င်းတို့ ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်လာစေရန် ၎င်းတို့ကိုယ်တိုင်ကပင် နိုင်ငံတည်ငြိမ်ရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများဘက်သို့ ပြောင်းလဲရှေးရှုလာကြပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ဟောင်း Nicholas Coppel က မကြာသေးမီက Frontier Myanmar ၏ podcast တစ်ခုတွင် အိမ်နီးချင်းနိုင်ငံများက ရွေးကောက်ပွဲသည် အတုအယောင် ဖြစ်သည်ကို သိရှိထားသော်လည်း အကယ်၍ ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေ သော အလုံးစုံပျက်သုဉ်းခြင်း မဟုတ်ပါက လက်ခံဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
“အကြမ်းဖက်မှုတွေအများအပြားရှိမယ်၊ လူထုရဲ့ မကျေနပ်မှုတွေကိုလည်း နှိမ်နင်းမှုတွေ အများကြီးရှိမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအတွက် အပြည့်အဝလက်ခံဖို့ ပိုခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ပြောကြားမှု မှန်ကောင်းမှန်နိုင်သော်လည်း မှတ်ချက်များတွင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့များအတွက် လက်ခံနိုင်ဖွယ်မရှိသည့်ပုံစံကို ဖော်ပြနေသည်။ ရွေးကောက်ပွဲကို အကြမ်းဖက်ပြီး နှောင့်ယှက်ရန် သို့မဟုတ် စစ်တပ်က ၎င်းတို့၏တရားဝင်မှုကို ခိုင်မာစေမည့် အန္တရာယ်ကို ရင်ဆိုင်ရန် နိုင်ငံတကာအသိုက်အဝန်းက လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းသကဲ့သို့ဖြစ်နေသည်။
ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမတိုင်မီ သန်းခေါင်စာရင်းကောက်ယူမှုသည်လည်း အလားတူအကြောင်းပြ ချက်များကြောင့် အကြမ်းဖက်ရန် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ ဖြစ်စဥ်အများအပြားတွင် သန်းခေါင် စာရင်းကောက်ယူသူများအတွက် လုံခြုံရေးပေးနေသော စစ်သားများနှင့် ရဲများကို စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီး မည်သည့် အရပ်သားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ခြင်းရှိမရှိကို အများအားဖြင့် ရှောင်တိမ်းပြောဆိုခဲ့သည်။
အနည်းဆုံးဖြစ်ရပ်တစ်ခုတွင် ဒီမိုကရေစီလိုလားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုက သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း သတင်းရရှိခဲ့ပြီး ၎င်းတို့အများစုမှာ အမျိုးသမီးဆရာမများ ဖြစ်ကြသည်။ အချို့က ၎င်းတို့သည် အစိုးရအား သတင်းအချက်အလက်စုဆောင်းခြင်းနှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများအဖြစ် အသုံးပြုနိုင်သည့် လုပ်ငန်းတစ်ခုတွင် ကူညီပေးနေသောကြောင့် တရားဝင်ပစ်မှတ်များဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ အခြားသူများကမူ ဆရာမများကို ပါဝင်ရန် အတင်းအကျပ်ခိုင်းစေခံရဖွယ်ရှိပြီး ၎င်းတို့ကို ချန်ထားသင့်သည်ဟု ပြောကြားခဲ့ကြသည်။
အကယ်၍ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် မဲရုံများပေါ်သို့ အလားတူတိုက်ခိုက်မှုများ ဖြစ်ပွားပါက အရပ်သားများ၊ မဲဆန္ဒရှင်များနှင့် ပုံမှန် မဲရုံများတွင် တာဝန်ထမ်းဆောင်လေ့ရှိသော အမျိုးသမီး ဆရာမများ၏ သေဆုံးမှုအများအပြား ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်သည့်အတွက် ရှင်းလင်းပြတ်သားသော မဟာဗျူဟာမြောက် အကျိုးကျေးဇူးများ ရှိနေသည်ဟု နိုင်ငံတကာ အသိုက် အဝန်းက မြန်မာနိုင်ငံရှိ အတိုက်အခံတပ်ဖွဲ့များကို ၎င်းအချက်ပြခဲ့သည်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားက ယခင်က ရွေးကောက်ပွဲကို “ဦးစားပေး” အဖြစ် မသတ်မှတ်သင့်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အချို့နိုင်ငံများကမူ လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတိအကျ ပြောဆိုခြင်းမရှိသေးဘဲ စောင့်ကြည့်သည့် ချဉ်းကပ် မှုကို လက်ခံကျင့်သုံးပုံရသည်
စစ်အာဏာရှင်၏ အဓိကနိုင်ငံရေးထောက်ခံသူဖြစ်သည့် တရုတ်နိုင်ငံက စစ်အာဏာရှင်၏ ရွေးကောက် ပွဲကို အပြင်းအထန်တွန်းအားပေးနေကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းများတင်ပြခဲ့သည်။ တရုတ်သည် မင်းအောင်လှိုင်ကို အပြောင်းအလဲမြန်ပြီး အရည်အချင်းမရှိသူအဖြစ် ရှုမြင်သောကြောင့် ၎င်း၏ တစ်ကိုယ်ရေအာဏာကို ကန့်သတ်လိုပြီးနှင့် နယ်စပ်တစ်လျှောက်နှင့် နိုင်ငံအတွင်းရှိ ရှုပ်ထွေးမှုများကို တည်ငြိမ်စေရန် မျှော်လင့်ထားကြောင်း သတင်းတင်ပြမှုများရှိသည်။ ထိုင်းနှင့် အိန္ဒိယကဲ့သို့သော အခြားအိမ်နီးချင်းနိုင်ငံများကလည်း သဘောထားတစ်ခုတည်း ဖြစ်ပုံရသည်။
ဒီဇင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟူသော မြန်မာစစ်တပ်၏ သြဂုတ်လ ကြေညာချက်ကို အပြစ်တင်ပြောဆိုခဲ့သည့် ဒေသတွင်း သြဇာကြီးနိုင်ငံအနည်းငယ်ထဲမှ တစ်ခုမှာ ဂျပန်နိုင်ငံဖြစ်သည်။ “ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးခြင်းနှင့် သက်ဆိုင်သူများအကြား စိတ်ရင်းမှန်ဖြင့် ဆွေးနွေး ခြင်းကဲ့သို့ နိုင်ငံရေးတိုးတက်မှုဆီသို့ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရဘဲ အထွေထွေရွေးကောက်ပွဲများ ကျင်းပပါက မြန်မာပြည်သူများထံမှ ပိုမိုပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ပိုမိုခက်ခဲစေနိုင်သည်ကို ဂျပန်က အလေးအနက် စိုးရိမ်ပါသည်။” ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားက ယခင်က ရွေးကောက်ပွဲကို “ဦးစားပေး” အဖြစ် မသတ်မှတ်သင့်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အချို့နိုင်ငံများကမူ လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတိအကျ ပြောဆိုခြင်းမရှိသေးဘဲ စောင့်ကြည့်သည့် ချဉ်းကပ် မှုကို လက်ခံကျင့်သုံးပုံရသည်။
ပို၍အံ့အားသင့်စရာကောင်းသည်မှာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံအများစုသည် တိတ်ဆိတ်နေခြင်းပင် ဖြစ်သည်။ ဥရောပနိုင်ငံအချို့က ယခင်က ပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းမှုများမှာ အချည်းနှီးဖြစ်ခဲ့သော ကြောင့် ရွေးကောက်ပွဲက မည်သို့ဖြစ်လာမည်ကို ကြည့်ရှုပြီး မမျှော်လင့်ဘဲ အခွင့်အလမ်းများ ပွင့်လာ မည်ဟု မျှော်လင့်နေကြပုံရသည်။
သို့သော်လည်း ဤအရာက တော်လှန်ရေးသမားများအတွက် ရွေးကောက်ပွဲကို နှောင့်ယှက်ရန်အတွက် ထပ်မံဆွဲဆောင်နေသည်။ ယင်းသည် စစ်အာဏာရှင်၏ နိုင်ငံတကာတွင် ပုံမှန်ဖြစ်လာမှုကို တားဆီး ရေးနှင့် လက်နက်ကိုင်အဖွဲ့များစွာက ညှိနှိုင်းခြင်းဖြင့်မဟုတ်ဘဲ စစ်တပ်ကို လုံးဝအနိုင်ယူခြင်းဖြင့် ပဋိပက္ခ အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်နေကြသောကြောင့် ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းက ဒီမိုကရေစီလိုလားသူများအား မှန်ကန်သင့်လျော်စွာ ဆွဲဆောင်နိုင် ခြင်းမရှိခဲ့သည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်း အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုသည် မူဆလင်အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်တပ်နှင့် ရပ်တည်ခဲ့ခြင်းကြောင့် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ၎င်းသည် လူပေါင်း ၇၀၀,၀၀၀ ကျော်ကို နေရပ်စွန့်ခွာစေခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး မကြာမီတွင် စီးပွားရေးမြို့တော် ရန်ကုန်တွင် အဓိကနေထိုင်သော အထက် လွှာ၊ အင်္ဂလိပ်စကားပြော လှုပ်ရှားတက်ကြွသူများနှင့် နိုင်ငံရေးသမား အနည်းငယ်က ပြည်သူများ၏ သဘောထား ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဆန္ဒပြမှုများကို နှိမ်နင်းမှုများကြောင့် စစ်တပ်၏ အကြမ်းဖက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီးနောက် မြန်မာပြည်သူများသည် ရိုဟင်ဂျာများ၏ ဒုက္ခကို နားလည်လာပြီဖြစ်သည်ဟု ၎င်းတို့က ပြောခဲ့သည်။
ဤပြောင်းလဲမှုသည် ချဲ့ကားပြောဆိုခြင်းဖြစ်ပြီး တိုးတက်သော တက်ကြွလှုပ်ရှားသူ အသိုင်းအဝန်း များတွင်သာ အကန့်အသတ်ဖြင့် ရှိနေခဲ့သည်။ သို့သော် ယင်းကြေညာချက်ကိုယ်တိုင်က ရိုဟင်ဂျာ အရေးကို အလေးအနက်ထားကြောင်း မြန်မာနိုင်ငံကို ထင်မြင်စေရန် နိုင်ငံတကာအသိုက်အဝန်းသို့ ချဥ်းကပ်ချက်တစ်ခုဖြစ်သည်။
အနောက်နိုင်ငံများက ဤချဥ်းကပ်ချက်ကို ကြိုဆိုမည့်အစား သံသယဖြင့် ဥပေက္ခာပြုခဲ့ကြသည်။ ဒီမိုကရေစီလှုပ်ရှားမှု၏ မှတ်တမ်းကိုကြည့်လျှင် သံသယဝင်ရန် လိုအပ်သော်လည်း နိုင်ငံတကာ အသိုက်အဝန်းက ဒီမိုကရေစီလှုပ်ရှားမှုအတွက် ပိုမိုပံ့ပိုးကူညီမှုများ ပေးခြင်းဖြင့် ဤချဥ်းကပ်ချက်ကို အားပေးချီးမြှင့်မှုများ ပြုလုပ်ခဲ့သင့်သည်။ ထိုသို့သော တုံ့ပြန်မှုက ပြည်သူ့ထင်မြင်ယူဆချက် ပြောင်းလဲမှုကို ပိုမိုအားပေးနိုင်ခဲ့မည်ဖြစ်သော်လည်း နိုင်ငံတကာအသိုက်အဝန်းသည် ရိုဟင်ဂျာအရေးကို တကယ်တမ်း အလေးအနက်မထားကြောင်း မြန်မာပြည်သူများက သိရှိလာသောအခါ အားလျော့ သွားခဲ့သည်။
အနောက်နိုင်ငံများသည် ရိုဟင်ဂျာအရေးအခင်းနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားဆိုင်ရာ သဘော ထားများကို ထုတ်ဖော်ခဲ့သော်လည်း ဒေသတွင်းနိုင်ငံများတွင်လည်း မြန်မာနိုင်ငံရှိ လူမျိုးစုများအကြား သဟဇာတဖြစ်မှုကို အားပေးရန် လက်တွေ့ကျသည့် အကြောင်းပြချက်များ ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကျယ်ပြန့်သော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာ ၁ ဒသမ ၅ သန်းခန့်ကြောင့် ဝန်ပိနေသည်။
ထိုအတောအတွင်း အိန္ဒိယ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ကလည်း ခိုလှုံခွင့်တောင်းခံရန် ထွက်ပြေး လာကြသည့် ရိုဟင်ဂျာများကြောင့် ပြည်သူလူထု၏ မကျေနပ်မှုများကို ရင်ဆိုင်နေရသည်။ ဤနိုင်ငံများ အနက် နိုင်ငံတစ်ခုကသာ ပြန်လည်ပို့ဆောင်ရေးကို အလေးအနက်ထားပါက မြန်မာနိုင်ငံရှိ ပြည်သူများ ကြားတွင် ရိုဟင်ဂျာများကို လက်ခံမှု မြှင့်တင်ပေးရေးကို ဦးစားပေးမူဝါဒအဖြစ် မြှင့်တင်လုပ်ဆောင် သင့်သည်။
အနောက်နိုင်ငံသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပေါ် ကတိကဝတ်ပြုထားသော လက်နက်ကိုင် အဖွဲ့များကို ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပေ။ အမေရိကန်သည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ကဲ့သို့သော ဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေအချို့ကို ပေးအပ်ခဲ့သော်လည်း ယင်းအကူအညီ အများစုကို ပြီးခဲ့သည့်နှစ်တွင် ဒေါ်နယ်လ် ထရမ့်ပ် ပြန်လည်အရွေးခံရပြီးနောက် ဖြတ်တောက်ခံခဲ့ရသည်။
တစ်ချိန်တည်းတွင် ဤအဖွဲ့များ၏ ဒီမိုကရေစီစအခြေခံမူများနှင့် အနောက်နိုင်ငံနှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆမှုများကြောင့် တရုတ်နိုင်ငံက ယင်းအဖွဲ့များအပေါ် သတိထားခဲ့ပြီး ၎င်း၏နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များကို ယင်းတို့နှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဖိအားပေးခဲ့သည်။ တကယ်တမ်း တွင် ပြင်ပအထောက်အပံ့မှ အကျိုးအများဆုံးရရှိခဲ့သည့် အဖွဲ့များမှာ တရုတ်နှင့် နီးစပ်သော အဖွဲ့များ ဖြစ်ပြီး ၎င်းတို့သည် အာဏာရှင်ဆန်သည့် အဖွဲ့များလည်းဖြစ်သည်။ တရုတ်သည် ယခင်က မရှိခဲ့ဖူးသော ပမာဏအထိ ကြားဝင်စွက်ဖက်နေပြီး အာဏာရှင်ဆန်သော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်အာဏာရှင်အစိုးရကို နိုင်ငံရေးအဖြေရှာရန်အတွက် ပေါင်းစည်းပေးနေသည်။ ထိုအတော အတွင်း ဒီမိုကရေစီလိုလားသည့် အဖွဲ့များကို တရုတ်က ဖယ်ကျဉ်ထားပြီး အနောက်နိုင်ငံများကလည်း လျစ်လျူရှုထားသည်။
ဤအခြေအနေက တရုတ်သည် အနောက်နိုင်ငံထက် ပိုမိုခိုင်မာသော မိတ်ဆွေဖြစ်ကြောင်း သင်ခန်းစာပေးနေသည်။
အခြားမည်သည့်အကြံဉာဏ်မှမရှိသော အနောက်နှင့် ဒေသတွင်း သံတမန်အချို့က ဆိုးကျိုးနည်းပြီး တိုးတက်မှုအချို့ ဖြစ်ပေါ်နိုင်သည့် ရွေးကောက်ပွဲတစ်ခုကို ရင်ဆိုင်ရကျိုးနပ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း စစ်အာဏာရှင် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် အဓိပ္ပာယ်ရှိသော နိုင်ငံရေး ပြောင်းလဲမှုတစ်ခုဆီသို့ ဦးတည်မည်ဟု အာမခံချက်မရှိပေ။ မင်းအောင်လှိုင်သည် အခြားနိုင်ငံရေး ရုံးဌာနများတွင် သူ၏ သစ္စာခံများကို ရိုးရှင်းစွာ နေရာချထားနိုင်ပြီး အကြွင်းမဲ့ အာဏာရှင်အဖြစ် နိုင်ငံကို ဆက်လက်အုပ်ချုပ်နိုင်သည်။ ရွေးကောက်ပွဲပြီးနောက် ၎င်းသည် အာဏာခွဲဝေမှုကို ဖယ်ရှားရန်နှင့် သူ့ကိုယ်သူ အမြင့်ဆုံးခေါင်းဆောင်အဖြစ် တရားဝင်ပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ပြင်ဆင်နိုင်သည်။
ထင်ရှားသော ဆိုးကျိုးများလည်း ရှိပါသည်။
ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများ ရုတ်တရက်မြင့်တက်လာစေခြင်း၊ နိုင်ငံရေးကွဲပြားမှုများကို ပိုမို နက်ရှိုင်းစေခြင်း၊ မြန်မာစစ်တပ်ကို ၎င်း၏ပြည်သူများအပေါ် လူသတ်ပွဲ ဆင်နွှဲနေခြင်းကို ဆက်လက် လုပ်ဆောင်ရန် အားပေးနိုင်ခြင်းတို့ဖြစ်သည်။
ကိုးကား - The Diplomat
ပုံစာ - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ဆရာ၊ ဆရာမများ။