Articles
သတိထားရမည့် လူမှုမီဒီယာမှ စိတ်ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်မှားများ
လွန်ခဲ့သော ၅ နာရီ က
မကြာသေးမီ နှစ်များအတွင်း လူအများက ၎င်းတို့၏ စိတ်ကျန်းမာရေးဆိုင်ရာ ကိုယ်ပိုင်အတွေ့အကြုံတို့ကို သက်သောင့်သက်သာ မျှဝေကြလာသည်ကို တွေ့ရသည်။ စိတ်ကျန်းမာရေးအကြောင်း မဝံ့မရဲ ပြောခဲ့ရမှုတို့ လျော့နည်းလာသည်။ Instagram နှင့် TikTok တို့နှစ်ခုပေါင်းတွင် ‘mental health’ ဟု hashtag တွဲ၍ တင်ထားထားသည့် ပို့များ သန်း ၉၀ နီးပါး ရှိသည်။ #gaslighting #trauma #toxicrelations စသည်တို့မှာ နေ့စဉ်ပြောဆိုမှုတို့ တွင် ပါဝင်နေကြသည်။ သို့သော် အွန်လိုင်းမှ အချက်အလက်များ အားလုံး မမှန်ကန်နိုင်ပါ။ PBS သတင်းဌာနမှ Stephanie Sy က အသိအမှတ်ပြုလိုင်စင်ရ စိတ်ပညာရှင်ဖြစ်သူ၊ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးသည့် The Black Girl Doctor ကို တည်ထောင်သူ Taisha Caldwell-Harvey နှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
STEPHANIE: Taisha၊ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်အမှားတွေကို လူမှုမီဒီယာတွေမှာ ဘယ်လောက်တောင် ထည့်သွင်းဖော်ပြလာကြတာကို မြင်ရပါသလဲ?
TAISHA: ဟုတ်ပါတယ်။ ကျွန်မတို့ အများကြီး မြင်ရပါတယ်။ တကယ်တမ်းမှာ ဘယ်သူမဆို သူတို့ ပြောချင်တဲ့ ဘာအကြောင်း အရာမဆို အွန်လိုင်းလိုင်းမှာ ပြောနိုင်ကြတယ်။ ဒါကလည်း တနည်းအားဖြင့် တကယ်ကောင်းပါတယ်။ ဒါက သူတို့ကို လုပ်ပိုင်ခွင့်ပေးတာဖြစ်သလို တစ်ချိန်တည်းမှာ တောမီးလို့ပေါ့။ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပေမယ့် အချက်အလက်က မှန်ကန်ပါတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
အွန်လိုင်း (အကြောင်းအရာ) ဖန်တီးသူတွေနဲ့ လူတွေက သူ့တို့ရဲ့ ကိုယ်တွေ့အကြောင်းအရာတွေကို မျှဝေနေကြတာကို အခုအချိန်မှာ ကျွန်မတို့ တွေ့နေရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တစ်ဉီးချင်း အတွေ့အကြုံတွေကို တခြားသူတွေအတွက်လည်း မှန်ကန်ပါတယ်လို့ ညီမျှခြင်း ချတာကတော့ တကယ်တန်းမှာ မမှန်ကန်ပါဘူး။
STEPHANIE: ကျွန်မတို့ အားလုံးမှာ ရှိကြတဲ့ ပုံမှန်စိတ်ခံစားချက်တွေ၊ ဖိအားကြောင့် တုန့်ပြန်မှုတွေ ရှိကြတာပဲလေ။ လူမှုမီဒီယာတွေမှာ သတင်းအချက်အလက်မှားတွေနဲ့ မိမိကိုယ်ကို ရောဂါ စစ်ဆေးဖော်ထုတ်တာတွေက ပုံမှန်မဟုတ်ဘူးဆိုပြီး ရောဂါအမည်တပ်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလိုလုပ်တဲ့အတွက် ဘာအန္တရာယ်တွေ ရှိလာနိုင်သလဲ?
TAISHA: အဓိက အန္တရာယ်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကို ယေဘုယျ လက္ခဏာတွေနဲ့ ညီမျှခြင်း ချလိုက်တဲ့အတွက် တကယ့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကို သာမန်လို မှေးမှိန်၊ ပျက်ပြယ် သွားစေပါတယ်။
ကျွန်မတို့အားလုံး စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အာရုံထွေပြားရတဲ့ ကာလတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒါက ကျွန်မတို့မှာ စိုးရိမ်သောကလွန်ရောဂါ(anxiety disorder)၊ စိတ်ကျရောဂါတွေ ရှိနေပါတယ်လို့ မဆိုလိုပါဘူး။ စိတ်ပိုင်းနဲ့ အာရုံကြောတွေ ပုံမှန်မဟုတ်ပါဘူးလို့လည်း မဆိုလိုပါဘူး။ ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ (Post-traumatic stress disorder (PTSD)) ရှိနေတယ်လို့လည်း မဆိုလိုပါဘူး။
ဆေးပညာအသုံးအနှုန်းတွေကို အလွယ်တကူသုံးနေကြတာဟာ တကယ် ဒီဝေဒနာကို တကယ်တွေ့ရှိ ခံစားနေရတဲ့သူတွေအတွက် အပြင်းအထန် ထိခိုက်စေနိုင်ပါတယ်။ ဒီလို အလွယ်တကူ သုံးနှုန်းနေတာကြောင့် သူတို့ကို သူတို့ သံသယတွေ ရှိလာမယ်။ လူမှုအသိုင်းအဝိုင်းတွေကလည်း ပိုပြီး ဝေဖန်လာကြမယ်။ ကူညီအားပေးမှုတွေလည်း နည်းလာပါမယ်။
STEPHANIE: ဘာတွေကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ? အာရုံမစူးစိုက်နိုင်တဲ့ ရောဂါ Attention deficit hyperactivity disorder(ADHD)၊ Austim တို့လို့ တစ်နည်းနည်းနဲ့ အမည်တပ်ပြီး မိမိကိုယ်ကို ရောဂါဖော်ထုတ်တာဟာ ကိုယ့်အကြောင်းကို ပြောတဲ့ ပုံစံတစ်ခု ဖြစ်လာတာလား?
TAISHA: ကျွန်မထင်တာက လူတွေက အသိုင်းအဝိုင်းတစ်ခုကို ရှာဖွေနေကြတယ်။ ရှင်တစ်ခုခု ကြုံရတဲ့အခါ ဒါကို ဘယ်လို ဖော်ပြရှင်းလင်းရမလဲဆိုတာကို ရှာဖွေကြပါတယ်။ လူမှုမီဒီယာက တခြားလူတွေကို ရှာဖွေဖို့ အားကောင်းတဲ့ နေရာတစ်ခုပါ။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာလည်း သိလာရတာပေါ့။ ဒါက အဓိပ္ပာယ်ရှိပါတယ်။
ဒါက လူတွေ သူတို့ အကူအညီယူမယူခင် ပထမဆုံး ခြေလှမ်းလည်း ဖြစ်သွားလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်မက ဒီလိုပြောဆိုမှုတွေ တိုးပွားလာတာကို ကျေနပ်နှစ်သက်မိပါတယ်။ လူတွေ ဘာမှမလုပ်ဘဲ ထိုင်ပြီး ခံစားနေရမယ့်အစား စိတ်ပညာရှင်တွေက နှစ်ပေါင်းများစွာကတည်းက လူတွေကို အကူအညီပေးနိုင်အောင် ကြိုးစားနေခဲ့ကြတာပါ။
အခုအခါမှာတော့ ယဉ်ကျေးမှု အရွေ့ဖြစ်နေပါပြီ။ ငယ်ရွယ်တဲ့ Gen Y နဲ့ Gen Z တွေက ဦးဆောင်ချီတက်နေတယ်လို့ ကျွန်မ ခံစားမိတယ်။ လူတွေကို သူတို့ကိုသူတို့ ဖော်ထုတ်ပြသနိုင်မယ့် ဘာသာဗေဒကို ဆာလောင်တမ်းတနေကြပါတယ်။
သူတို့ ဘယ်လို့ ခံစားနေရတယ်ဆိုတာကို ပြောပြချင်ကြတယ်။ အရှက်ရတာတွေ၊ အမည်းစက်တွေကို ဖယ်ထုတ်လိုက်ချင်ကြပါတယ်။ “ငါ ဟာ လူသားတစ်ယောက်ရဲ့ အတွေ့အကြုံ အပြည့်အဝ ရယူနိုင်တယ်။” လို့ ကိုယ့်ဖြစ်တည်မှုအတိုင်း တခြားသူတွေ ထင်မြင်ယူဆချက်တွေမပါဘဲ နေထိုင်ချင်လာကြပါတယ်။
ဒါက အလွန်အင်မတန်မှ လှပပါတယ်။
STEPHANIE: ယဉ်ကျေးမှု အရွေ့က အရင်က ဖြစ်ခဲ့တာတွေကို အလွန်အကျွံများ ပြင်ဆောင်ပြောင်းလဲလိုက်ပြီလို့ ထင်မြင်ယူဆစရာ ဖြစ်နေပုံပဲ။ ဒီတော့ ဒါတွေကို အလွန်အကျွံမဖြစ်ဖို့အတွက် လူတစ်ယောက်က သူ တကယ့် ကုထုံးပညာရှင်တွေကို သွားတွေ့ဖို့ ဘယ်အချိန်မှာ လိုအပ်တယ်ဆိုတာ ရှင် အကြံဉာဏ် ဘယ်လို ပေးမလဲ?
TAISHA: ဟုတ်ပါတယ်။ တစ်ခု ပြောရရင် TikTok မှာတော့ ကိုယ့်ကိုကိုယ် ရောဂါရှာဖွေတာ မလုပ်ပါနဲ့။
ပြီးတော့ ယဉ်ကျေးမှု ပြောင်းလဲရွေ့လျားချိန်ဆိုတာ ချိန်ခွင်လျာလို လွှဲပြောင်းမှု ကြုံတတ်ပါတယ်။ ဒီတော့ တစ်ဘက်ဘက်ကို အစွန်းရောက်တဲ့ထိ လွှဲပြောင်းရောက်ရှိသွားတတ်ပါတယ်။ ကျွန်မထင်တာကတော့ အလယ်တစ်နေရာကို ပြန်ရောက်လာပြီး တည်ငြိမ်လာဉီးမှာပါ။
အရွယ်ရောက်ပြီးသူတွေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းက သူတို့ရဲ့ ဘဝတစ်လျှောက်မှာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတစ်ခု ကြုံရတတ်တယ်ဆိုတာ သုသေတနတွေကနေ ကျွန်မတို့ သိထားပါတယ်။
လူတွေက အွန်လိုင်းမှာ သူတို့ ဘဝတစ်ခုလုံးအကြောင်းကို လေးလေးနက်နက် ယုံကြည်ချက်အပြည့်နဲ့ ပြောခြင်းကြောင့် လူတွေ သူတို့ ဘာတွေ နားလည်ထားကြတယ်၊ သူတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ဘယ်လို ကိုင်တွယ်ကြတယ်ဆိုတာ ကျွန်မတို့ သိလာရနိုင်ပါတယ်။
ကျွန်မက ဒါကို မှားတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သီးခြား ခွဲခြားထားဖို့တော့ လိုပါတယ်။
“ဒါကတော့ ငါ့အတွေ့အကြုံကို မျှဝေတာပါ။”
ဆိုတာနဲ့
“ငါတွေ့ကြုံရတာတွေဟာ ဒီဝေဒနာရဲ့ လက္ခဏာတွေ ဖြစ်တယ်။ အရမ်းအရေးအကြီးပါတယ်။” ဆိုတာနဲ့ မတူပါဘူး။
ပြီးတော့ လူတွေက သူတို့အတွက် အကြံဉာဏ်တွေ ဘယ်က ရယူသလဲဆိုတာ ဂရုစိုက်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွက် စဉ်စားသလိုပဲ စဉ်စားရမှာပါ။
ဆေးညွန်ပေးနိုင်တဲ့ အရည်အချင်းမရှိသူ TilTok ပေါ်က တစ်ယောက်ဆီက အကြံဉာဏ်ယူပြီး ဆေးသောက်မှာလား?
စိတ်ကျန်းမာရေးကိုလည်း ဒီအတိုင်းပဲ စဉ်စားရမှာပါ။
လူတွေရဲ့ အတွေ့အကြုံတွေကို နားထောင်တာ ကောင်းပါတယ်။ “ငါလည်း သူတို့လုပ်တဲ့အတိုင်း လိုက်လုပ်တော့မယ်။” လို့ တွေးမိလာရင်တော့ တကယ် ဒီနေရာမှာ ရပ်သင့်ပါပြီ။
ကိုးကား - PBS
ပုံစာ - လူမှုမီဒီယာတွင် အသုံးများနေသည့် စိတ်ကျန်းမာရေး ပို့စ်များမှာ hashtag များ။ (Screengrab from of PBS)
Top News
လွန်ခဲ့သော ၅ နာရီ က