bap-logo
digital media literacy

အမှောင်ထဲက ထောင်ချောက်များ (Dark Patterns)

jfI_jwX_oc1rDKZdVc_SJ-image

လွန်ခဲ့သော ၈ နာရီ က

 

BAP၊ မတ် ၆။

⏹︎ ဒီဇိုင်းက သင့်ရွေးချယ်မှုများကို လှည့်စားခြယ်လှယ်နေသောအခါ

 

သင်ဟာ Screen ပေါ်မှာ ရွေးချယ်စရာတစ်ခုပဲ အထင်အရှား ရှိနေတာကြောင့် “အားလုံးကို လက်ခံသည်” (Accept All) ဆိုတာကို နှိပ်မိဖူးပါသလား။ ဒါမှမဟုတ် Email Subscription တစ်ခုကို ပယ်ဖျက်ဖို့ ကြိုးစားရင်း လမ်းပျောက်ဖူးပါသလား။

 

အဲဒါဟာ မတော်တဆ ဖြစ်တာမဟုတ်ပါဘူး။

 

ဒီလို ဒီဇိုင်းဗျူဟာတွေကို “အမှောင်ထောင်ချောက်များ” (dark patterns) လို့ ခေါ်ပါတယ်။ အဲဒါတွေဟာ အသုံးပြုသူတွေကို ပုံမှန်ဆိုရင် ရွေးချယ်ဖြစ်မှာမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေ ချလာအောင် လှည့်စားတိုက်တွန်းတဲ့ ဒစ်ဂျစ်တယ် အပြင်အဆင် ဗျူဟာတွေ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းကို ၂၀၁၀ ပြည့်နှစ်မှာ UX ဒီဇိုင်းပညာရှင် Harry Brignull က အသုံးပြုသူတွေရဲ့ နစ်နာမှုအပေါ် အခြေခံပြီး ကုမ္ပဏီတွေ အကျိုးအမြတ်ရရှိစေဖို့ လုပ်ဆောင်ထားတဲ့ လှည့်စားတတ်တဲ့ ဒီဇိုင်းအလေ့အထတွေကို ဖော်ပြဖို့ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

 

သိသာထင်ရှားတဲ့ လိမ်လည်မှုတွေနဲ့မတူတာက အမှောင်ထောင်ချောက်တွေဟာ တိတ်တဆိတ် လုပ်ဆောင်တတ်ခြင်း ဖြစ်ပါတယ်။ သူတို့က သင့်ကို အဓမ္မမခိုင်းပါဘူး။ အဲဒီအစား သင့်ကို နှိပ်မိအောင်၊ သဘောတူမိအောင် ဒါမှမဟုတ် စာရင်းသွင်းမိအောင် လမ်းကြောင်းပေးတာ၊ ဖိအားပေးတာ ဒါမှမဟုတ် ရှုပ်ထွေးအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

 

အတွေ့ရများသော အမှောင်ထောင်ချောက် အမျိုးအစားများ

 

၁။ လမ်းမှားသို့ ပို့ဆောင်ခြင်း (Misdirection)

 

လက်ခံသည်” ခလုတ်ကို ကြီးကြီးမားမား၊ အရောင်အသွေး စုံစုံလင်လင်နဲ့ မြင်သာအောင် လုပ်ထားတတ်ပါတယ်။ “ငြင်းပယ်ရန်” သို့မဟုတ် “Settings များကို စီမံရန်” ဆိုတဲ့ ရွေးချယ်စရာကိုတော့ သေးသေးလေး၊ မီးခိုးရောင် ဒါမှမဟုတ် ဝှက်ထားတတ်ပါတယ်။

 

၂။ အဝင်လွယ်ပြီး အထွက်ခက်သည့် ထောင်ချောက် (Roach Motel)

 

စာရင်းသွင်းဖို့က အရမ်းလွယ်ကူပေမယ့် ပြန်ဖျက်သိမ်းဖို့ကျတော့ အလွန်ခက်ခဲနေတာမျိုး ဖြစ်ပါတယ်။ အချို့သော ဝန်ဆောင်မှုတွေရဲ့ ရှုပ်ထွေးလှတဲ့ ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်တွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဥပမာ

• subscription လုပ်ရတာ လွယ်

• cancel လုပ်ရတာ အရမ်းခက်

ဒါကို Roach Motel design pattern လို့ခေါ်ပါတယ်။

၃။ အရှက်ရစေ၍ အတည်ပြုခိုင်းခြင်း (Confirmshaming)

 

အစီအစဉ်ထဲကနေ နုတ်ထွက်ချင်တဲ့ အသုံးပြုသူတွေကို အပြစ်ရှိသလို ခံစားရအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

 

ဥပမာ

ဝယ်ယူရန် ကမ်းလှမ်းချက်: “ပထမဆုံးမှာယူမှုအတွက် ၁၀% လျော့စျေး!”

✅Yes: “အိုကေ၊ လျော့စျေးရယူချင်ပါတယ်!”

❌No: “မလိုပါဘူး၊ ပုံမှန်ဈေးနဲ့ပဲ ဝယ်မယ်။”

တခါတရံ security software တွေတောင် ဒီနည်းလမ်းကို သုံးတတ်ပါတယ်။

✅Yes: “ဟုတ်ကဲ့၊ ကျွန်တော့်ကွန်ပျူတာကို ကာကွယ်ပေးပါ။”

❌No: “မလိုပါဘူး၊ virus တွေနဲ့ပဲ အဆင်ပြေပါတယ်။”

၄။ အတင်းအကျပ် ဆက်လက်လုပ်ဆောင်စေခြင်း (Forced Continuity)

အခမဲ့ စမ်းသုံးကြည့်ခြင်း (Free trial) ကာလ ကုန်ဆုံးသွားတဲ့အခါ ရှင်းလင်းတဲ့ သတိပေးချက်မပေးဘဲ အခပေးဝန်ဆောင်မှုအဖြစ် အလိုအလျောက် ပြောင်းလဲသွားစေခြင်း ဖြစ်ပါတယ်။

၅။ ကိုယ်ရေးအချက်အလက် ခိုးယူခြင်း (Privacy Zuckering)

 

အသုံးပြုသူတွေ ရည်ရွယ်ထားတာထက် ပိုပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မျှဝေမိအောင် လှည့်စားခြင်း ဖြစ်ပါတယ်။ ဒီစကားလုံးက Mark Zuckerberg နာမည်ကနေ လာတာပါ။

 

အထူးသဖြင့် social network platform ဖြစ်တဲ့ Facebook က

• privacy settings မရှင်းလင်းတာ

• user data ကို share ဖြစ်အောင် default settings လုပ်ထားတာ တွေကြောင့်

UX expert တွေက Privacy Zuckering လို့ခေါ်လာကြတာပါ။

 

ဥပမာ

အကောင့်ဖွင့်တဲ့အချိန် (signing up) မှာ —

သင့်သူငယ်ချင်းတွေကို ပိုမိုမြန်မြန် ရှာဖို့ သင့် contacts တွေကို upload လုပ်ပါ။”

Buttons:

✅Yes, upload contacts – ဟုတ်ကဲ့၊ contacts တွေကို upload လုပ်မယ်

❌Skip – မလုပ်ဘူး။

User အများစုက သူတို့ရဲ့ contact list အားလုံးကို platform ဆီ upload ဖြစ်သွားမယ်ဆိုတာ မသိဘဲ “Yes” ကိုနှိပ်လိုက်ကြတတ်ပါတယ်။

 

ဒီလိုနည်းနဲ့ company က သူတို့ရဲ့ data network ကို မသိမသာ ချဲ့ထွင်နိုင်ပါတယ်။

 

အမှောင်ထောင်ချောက်တွေဟာ လူသားတွေရဲ့ စိတ်ပညာကို အသုံးချတာ ဖြစ်ပါတယ်။ သူတို့က အောက်ပါအချက်တွေအပေါ် အမှီပြုပါတယ် -

 

ဆုံးရှုံးရမှာကို ကြောက်ရွံ့ခြင်း (Loss aversion)

အရေးတကြီး လိုအပ်နေသည်ဟု ထင်မြင်စေခြင်း (Urgency bias)

သတ်မှတ်ထားသည့်အတိုင်းသာ လုပ်ဆောင်လိုခြင်း (Default bias)

သိမြင်နားလည်မှု ဝန်ပိခြင်း (Cognitive overload) - ရှည်လျားပြီး ရှုပ်ထွေးတဲ့ စာသားတွေသုံးပြီး မြန်မြန်လက်ခံမိအောင် တိုက်တွန်းခြင်း

 

ဒီဗျူဟာတွေဟာ ဆုံးဖြတ်ချက်ချတဲ့အခါ လူတွေရဲ့ သဘာဝအတိုင်း ဖြတ်လမ်းလိုက်တတ်တဲ့ အလေ့အထနဲ့ ကိုက်ညီနေတာကြောင့် အသုံးပြုသူ အတော်များများဟာ သူတို့အပေါ် လွှမ်းမိုးခံနေရတာကိုတောင် သတိမထားမိကြပါဘူး။

 

⏹︎ ထိန်းညှိကွပ်ကဲရေးအဖွဲ့များ၏ သတိပြုမှု မြင့်တက်လာခြင်း

 

အစိုးရတွေကလည်း စတင်တုံ့ပြန်လာကြပါပြီ။ Federal Trade Commission (FTC) က လှည့်စားတတ်တဲ့ ဝန်ဆောင်မှု စာရင်းသွင်းခြင်းနဲ့ ဖျက်သိမ်းခြင်း စနစ်တွေအတွက် ကုမ္ပဏီအချို့ကို အရေးယူခဲ့ပါတယ်။ ဖက်ဒရယ် ကုန်သွယ်မှု ကော်မရှင် (FTC) ဆိုတာကတော့ စားသုံးသူတွေကို အကာအကွယ်ပေးရန်၊ စျေးကွက်အတွင်း တရားမျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်စေရန် ဆောင်ရွက်ပေးတဲ့ အမေရိကန်အစိုးရရဲ့ လွတ်လပ်တဲ့ အေဂျင်စီတစ်ခု ဖြစ်ပါတယ်။ ဥရောပမှာလည်း ဥရောပကော်မရှင်လက်အောက်က ထိန်းညှိကွပ်ကဲရေးအဖွဲ့တွေဟာ စားသုံးသူ ကာကွယ်ရေးနဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေအရ လှည့်စားတတ်တဲ့ သဘောတူညီမှု ရယူတဲ့ စနစ်တွေကို ပစ်မှတ်ထား လာပါတယ်။ စည်းမျဥ်းစည်းကမ်းတွေ အားနည်းနေတဲ့ နိုင်ငံတွေလည်း အများအပြား ကျန်နေဆဲပါပဲ။

 

ဒါဟာ ငွေကြေးဆိုင်ရာကိစ္စ တစ်ခုတည်းတင် မဟုတ်ပါဘူး။ သိနားလည်ပြီး သဘောတူညီမှုပေးနိုင်ခြင်း (informed consent) ဆိုင်ရာ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီဇိုင်းက အသုံးပြုသူတွေကို မမျှမတ တွန်းအားပေးတဲ့အခါ သဘောတူညီမှုဟာ ရှင်းလင်းမှု မရှိတော့ပါဘူး။

 

⏹︎ မီဒီယာနဲ့ ဒစ်ဂျစ်တယ်နားလည်ကျွမ်းဝင်မှုအတွက် ဘာ့ကြောင့်အရေးကြီးသလဲ။

 

မီဒီယာနဲ့ ဒစ်ဂျစ်တယ်နားလည်ကျွမ်းဝင်မှုအကြောင်း ပြောတဲ့အခါ သတင်းအမှားတွေ ဒါမှမဟုတ် အွန်လိုင်းလိမ်လည်မှုတွေကိုပဲ အဓိကထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီဇိုင်းကိုယ်တိုင်ကလည်း အပြုအမူတွေကို ပုံဖော်နိုင်ပါတယ်။

 

အမှောင်ထောင်ချောက်တွေဟာ ဆွဲဆောင်စည်းရုံးခြင်းနဲ့ လှည့်စားခြယ်လှယ်ခြင်းကြားက စည်းကို ဝေဝါးသွားစေပါတယ်။ သူတို့က နစ်နာစေမယ့် ရွေးချယ်မှုတွေကို လွယ်ကူသယောင်ဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ့် ရွေးချယ်မှုတွေကိုတော့ ခက်ခဲသယောင် ဖြစ်စေပါတယ်။

 

စားသုံးသူ ကာကွယ်ရေးဥပဒေတွေ အားနည်းတဲ့ သို့မဟုတ် အာဏာသက်ရောက်မှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်က အသုံးပြုသူတွေအတွက် အသိပညာရှိဖို့က ပိုလို့တောင် အရေးကြီးပါတယ်။

 

⏹︎ သင့်ကိုယ်သင် ကာကွယ်နည်း

 

စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လာပေမယ့် အသုံးပြုသူတွေအနေနဲ့ လက်တွေ့ကျတဲ့ အဆင့်တွေကို လုပ်ဆောင်နိုင်ပါတယ် -

တောက်ပပြီး ထင်ရှားတဲ့ ခလုတ်အကြီးကြီးတွေကို မနှိပ်ခင် အချိန်ပေးပြီး စဉ်းစားပါ

• “ဆက်တင်များကို စီမံရန်” (Manage Settings) သို့မဟုတ် “စိတ်ကြိုက်ပြင်ဆင်ရန်” (Customize) ရွေးချယ်စရာတွေကို သေချာရှာဖွေပါ

ဝန်ဆောင်မှု မယူခင် ဖျက်သိမ်းခြင်းဆိုင်ရာ မူဝါဒတွေကို စစ်ဆေးပါ

ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ဆက်တင်တွေကို ပုံမှန်စစ်ဆေးပါ

ဝန်ဆောင်မှု မယူခင် အဲဒီအစီအစဉ်ကို ပြန်ဖျက်သိမ်းခဲ့ဖူးသူတွေရဲ့ အတွေ့အကြုံကို အွန်လိုင်းမှာ ရှာဖွေကြည့်ပါ

ဒစ်ဂျစ်တယ်နားလည်ကျွမ်းဝင်မှုဆိုတာ သတင်းအချက်အလက်တွေကို ဝေဖန်ပိုင်းခြားတတ်ရုံတင် မဟုတ်ပါဘူး။ အပြင်အဆင် ဒီဇိုင်းတွေက သင့်ရဲ့ အပြုအမူအပေါ် ဘယ်လိုလွှမ်းမိုးနေသလဲဆိုတာကို နားလည်ဖို့လည်း ဖြစ်ပါတယ်။

နောက်တစ်ကြိမ်မှာ အလွယ်တကူ နှိပ်ဖို့ ဖန်တီးထားတဲ့ “လက်ခံသည်” စာသားကို မြင်ရင် ခဏလောက် ရပ်ပြီး စဉ်းစားကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

ဒါဟာ တကယ်ပဲ ငါ့ရဲ့ ရွေးချယ်မှုလား?

ဒါမှမဟုတ်

ဒီဇိုင်းက ငါ့အတွက် ရွေးချယ်ပေးလိုက်တာလား?”

#BAP #Digital #Media #Literacy #DarkPatterns

Burma Associated Press

 

 

အမှောင်ထဲက ထောင်ချောက်များ
subscription
လမ်းမှားသို့ ပို့ဆောင်ခြင်း

Share With
bap-logo