digital media literacy
Spyware ပါဝင်နေတဲ့ VPN တွေရဲ့ အန္တရာယ်
လွန်ခဲ့သော ၃ နာရီ က
BAP၊ မေ ၁၉။
အင်တာနက် ပိတ်ဆို့မှုတွေကို ကျော်လွှားတဲ့အခါ၊ ကိုယ်ရေးအချက်အလက်တွေ လုံခြုံချင်စေချင်တဲ့အခါ VPN ကို အသုံးပြုကြပေမယ့် ကိုယ်သုံးတဲ့ VPN က ကိုယ့်ကို ပြန်ပြီး ထောက်လှမ်းခံရနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလလယ်ပိုင်းမှာ အီရန်နိုင်ငံမှာ Jhina (Mahsa) Amini ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး အီရန်ရဲ့ ကိုယ်ကျင့်တရားရဲတပ်ဖွဲ့က ထိန်းသိမ်းထားချိန်အတွင်း သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အီရန်နိုင်ငံတဝန်း လူထူအုံကြွမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ဖြိုခွဲနှိမ်နင်းခဲ့တဲ့အတွက် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ UN Fact-Finding Mission က ဆိုပါတယ်။ ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်ဟာလည်း လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားတဲ့ Article 19 အဖွဲ့က တင်ပြထားပါတယ်။
ဒီလို လူထုအုံကြွမှု စတင်ချိန်မှာ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေနဲ့ ပိတ်ဆို့မှုတွေကို အီရန်အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ Article 19 အဖွဲ့က ဆိုပါတယ်။ ဒီလို လုပ်ဆောင်တာဟာ ကြီးလေးတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့နဲ့ အပြစ်ပေးခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ဖိနှိပ်မှုနည်းလမ်းတွေထဲမှာ VPN တွေကို အသုံးမပြုနိုင်အောင် ပိတ်ဆို့ခြင်းလည်း ပါဝင်ပါတယ်။
အီရန်နိုင်ငံရဲ့ ဒီလို အကျပ်အတည်းကြားက VPN ရယူသုံးစွဲမှုကလည်း အဆပေါင်းများစွာ မြင့်တက်လာပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး အီရန်အစိုးရက ထောက်လှမ်းရေးဆော့ဝဲ(Spyware) ထည့်သွင်းထားတဲ့ VPN ကို ထုတ်လုပ်ခဲ့ပါတယ်။ 20Speed VPN ဆော့ဝဲမှာ SecondEye ဆိုတဲ့ ကြားဖြတ်စောင့်ကြည့်ရေး ဆော့ဝဲကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ VPN ဆော့ဝဲနဲ့ Spyware နှစ်ခုကို သာမန်ကြည့်ရှုသူအနေနဲ့ VPN Installer ဖိုင်တစ်ခုအနေနဲ့သာ မြင်ရအောင် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ 20Speed VPN ကို ထည့်သွင်းလိုက်ချိန်မှာ SecondEye ဆိုတဲ့ spyware ကိုပါ လျှို့ဝှက်ထည့်သွင်းလိုက်တယ်။ ဒီ Spyware က ကိုယ့်ရဲ့ ကီးဘုတ်မှာ ရိုက်သွင်းသမျှ မှတ်သားထားမယ်၊ Screenshot တွေ ရယူမယ်၊ မိုက်ခရိုဖုန်းကနေ အသံဖမ်းယူထားနိုင်မယ်၊ အရေးကြီး စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ password တွေကို ခိုးယူနိုင်မယ့်အပြင် Browser မှာ ကြည့်ရှုသမျှကိုလည်း သိရှိနိုင်ပါတယ်။ ခိုးယူထားတဲ့ အချက်အလက်အားလုံးကို FTP(File Transfer Protocol) က အလိုအလျောက် ပြန်လည်ပေးပို့နေမှာ ဖြစ်ပါတယ်။
နိုင်ငံအတော်များများမှာ VPN တွေကို လုံခြုံရေး၊ ကိုယ်ရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် အလွယ်တကူ ရယူသုံးစွဲနိုင်ကြပါတယ်။ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေမှာတော့ ခွင့်ပြုထားတဲ့ VPN တွေကိုပဲ အသုံးပြုခွင့်ရမှာဖြစ်ပြီး အစိုးရက အသုံးပြုသူတွေရဲ့ အချက်လက်တွေကို စောင့်ကြည့် ခြေရာခံနိုင်ပါတယ်။ ပါကစ္စတန်နိုင်ငံက VPN အသုံးပြုခြင်းဟာ အစ္စလာမ်ဘာသာတရားနဲ့ မညီညွတ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ Coda Story က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တင်ပြခဲ့ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နဲ့ အိုမန်နိုင်ငံတို့မှာလည်း အစိုးရအတည်ပြုထားတဲ့ (သို့မဟုတ်) ကုမ္ပဏီလိုင်စင်ရ VPN များကိုသာ ခွင့်ပြုထားပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ VPN ဝန်ဆောင်မှုပေးသူတွေဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ငါးနှစ်ထိ မှတ်တမ်းတင်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒစ်ဂျစ်တယ်ဖိနှိပ်မှု၊ အွန်လိုင်းအသုံးပြု စောင့်ကြည့်ဖမ်းဆီး အပြစ်ပေးမှု အများအပြားပြုလုပ်ခဲ့ပြီး တရုတ်နည်းပညာအသုံးပြု VPN ပိတ်ဆို့ခြင်းနဲ့ ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်နိုင်တဲ့ ဥပဒေထုတ်ပြန်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Zimperium ရဲ့ လေ့လာချက်တစ်ခုမှာ Android နဲ့ iOS VPN app လေးခုမှာ တစ်ခုက ကိုယ်ရေးအချက်အလက်စစ်ဆေးမှု ပျက်ကွက်နေတယ်လို့ တင်ပြခဲ့ပါတယ်။ iOS VPN အက်ပ် ၂၅ ရာခိုင်နှုန်းမှာ တရားဝင် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဖော်ပြချက် (Privacy Manifest) မပါရှိတဲ့အတွက် Apple ရဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ရာရောက်တဲ့အပြင် အချက်အလက်တွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာ သုံးစွဲသူတွေအနေနဲ့ မသိရှိဘဲ အမှောင်ချခံထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ TechRadar ရဲ့ သုသေနတစ်ခုမှာ Android VPN app ၂၆၆၆ ခုရဲ့ ၇၇% က တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု စစ်ဆေးချက်တွေပြုလုပ်ရာမှာ ပျက်ကွက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
VPN အတုအယောင်တွေရဲ့ အဓိက ဆွဲဆောင်မှုကတော့ အခမဲ့ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဒီလို အတုအယောင် VPN တွေကြောင့် ထိခိုက်နိုင်တာတွေကတော့
- ကိုယ့်ရဲ့ အွန်လိုင်းက မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ပေါက်ကြားနိုင်တယ်။
- ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရနိုင်ပြီး ရောင်းချခြင်း ခံရနိုင်တယ်။
- တိုက်ခိုက်သူက ကိုယ့်ရဲ့ စက်ကိရိယာ(ဖုန်း၊ ကွန်ပျူတာ စတာ)တွေကို ထိန်းချုပ် အသုံးပြုခွင့်ရစေနိုင်တယ်။
- ငွေပေးချေမှု အချက်အလက်တွေကို ခိုးယူခံရနိုင်တယ်။
- အွန်လိုင်းက ခြိမ်းခြောက်မှု အန္တရာယ်မျိုးစုံကို ကြုံတွေ့ရနိုင်တယ်။
⏹︎ အန္တရာယ်ရှိတဲ့ VPN တွေကို ဘယ်လို သိနိုင်မလဲ?
အန္တရာယ်ရှိတဲ့ VPN တွေကို ချက်ချင်း သိနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိပေမယ့် စစ်ဆေးနိုင်တဲ့အချက်တွေကို ဖော်ပြထားပါတယ်။
အခမဲ့ VPN တွေကို သတိထားပါ။
အခမဲ့ VPN အားလုံးကတော့ အဖျက်အမှောင့် ဆော့ဝဲတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ VPN တွေ အများစုကတော့ အခမဲ့ဆော့ဝဲဆိုတဲ့ အချက်နဲ့ ဆွဲဆောင်လေ့ ရှိပါတယ်။
တရားဝင် VPN အတော်များများကလည်း အခမဲ့ အသုံးပြုခွင့် ပေးလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့အတွက် ဝင်ငွေဘယ်လို ဖန်တီးရယူတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ App အတွင်း ဖော်ပြတဲ့ ကြော်ငြာတွေ၊ စမ်းသပ်သုံးစွဲခွင့်တွေ၊ လစဥ်အကန့်အသတ်နဲ့ ပေးတဲ့ data ပမာဏနဲ့ မြန်နှုန်း၊ အခြားသူတွေကို ညွှန်းပေးရင်ရမယ့် ခံစားခွင့်တွေနဲ့ ဝင်ငွေရရှိကြပါတယ်။
အန္တရာယ်ရှိတဲ့ VPN တွေကတော့ ကြော်ငြာမပါဝင်တဲ့ လုံးဝ အခမဲ့ဝန်ဆောင်မှု၊ ကန့်သတ်ချက်မရှိဆိုတဲ့ အချက်တွေနဲ့ ကြော်ငြာကြပါတယ်။ သူတို့ဝင်ငွေဘယ်က ရတယ်ဆိုတာလည်း မသိရှိရသလောက်ပဲဖြစ်ပါတယ်။ ဒီလို VPN တွေကို ရှောင်သင့်ပါတယ်။
VPN ဝန်ဆောင်မှုပေးသူရဲ့ ဂုဏ်သိက္ခာကို စစ်ဆေးပါ။
ကိုယ်ရွေးချယ်မယ့် VPN ကို ဘယ်ကုမ္ပဏီက ပိုင်ဆိုင်သလဲဆိုတာ အမြဲစစ်ဆေးသင့်ပါတယ်။ အခုမှ တည်ထောင်ခါစ ကုမ္ပဏီတစ်ခုက VPN ဝန်ဆောင်မှုတစ်ခုတည်းကိုပဲ လည်ပတ်လုပ်ဆောင်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။
ကုမ္ပဏီတစ်ခုဟာ အရင်က လုံခြုံရေးပြဿနာတွေ၊ အချက်အလက် ရှာဖွေစုဆောင်းတဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးခြင်း ရှိမရှိကို စစ်ဆေးပါ။ ဂုဏ်သိက္ခာရှိတဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဟာ လျင်လျင်မြန်မြန်၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူလေ့ရှိရပါမယ်။
ကိုယ်ရေးကိုယ်တာမူဝါဒ(Privacy policy)က ရှင်းလင်းရဲ့လား။
တရားဝင် VPN အက်ပ်တွေဟာ သုံးစွဲသူတွေကို ဝန်ဆောင်မှုနဲ့ ကိုယ်ရေးကိုယ်တာမူဝါဒတွေကို ဖော်ပြပေးထားကြပါတယ်။ အတုအယောင် VPN အက်ပ်တွေကတော့ သူတို့ရဲ့ အက်ပ်တွေ၊ ဝဘ်ဆိုက်တွေမှာ မရေမရာမူဝါဒတွေကိုသာ ဖော်ပြလေ့ရှိပါတယ်။ ပြီးတော့ သူတို့ဟာ တခြားသူတွေဆီက ကူးယူထားတဲ့ မူဝါဒတွေကိုသာ ဖော်ပြထားလေ့ ရှိပါတယ်။
Privacy policy မှာ ဒီအချက်တွေကို စစ်ဆေးနိုင်ပါတယ်။
၁။ တင်းကျပ်သော “No-Logs” Policy
အွန်လိုင်းမှာ ကိုယ်ပြုမူသမျှ မှတ်တမ်းတင်ထားခြင်း မရှိရပါဘူး။ ကိုယ်ကြည့်ရှုခဲ့တဲ့ Websiteတွေ၊ Download ရယူခဲ့တဲ့ ဖိုင်တွေ၊ ကိုယ့်ရဲ IP လိပ်စာတွေကို VPN က မှတ်တမ်းရယူသိမ်းဆည်းခြင်း မ ပြုဖို့ အရေးကြီးပါတယ်။
၂။ အချက်အလက် စုဆောင်းခြင်း
တရားဝင် VPN တွေဖြစ်ပေမယ့် ဝန်ဆောင်မှု ကောင်းမွန်ရေး ပြင်ဆင်နိုင်အောင် အချက်အလက်တွေ စုဆောင်းထားဖို့ လိုအပ်လေ့ရှိပါတယ်။ အီးမေးလိပ်စာ၊ ငွေချေစနစ်၊ App အသုံးပြုချိန်စတဲ့ အချက်အလက်တွေကို စုဆောင်းလေ့ ရှိကြပါတယ်။ Privacy policy မှာ ဘယ်လို ကိုယ်ရေး အချက်အလက်တွေကို စုဆောင်းထားရှိမယ်ဆိုတာ အသေးစိတ်၊ အတိအကျ ဖော်ပြရပါမယ်။
ဒါကို အခွင့်ကောင်းယူပြီး အန္တရာယ်ရှိတဲ့ VPN တွေက မလိုအပ်တဲ့ အချက်အလက်တွေ စုဆောင်း ရယူနေလားဆိုတာ သတိထားသင့်ပါတယ်။
၃။ အချက်အလက်များ ပြန်လည်မျှဝေခြင်း
တရားဝင် VPN တွေဟာ အသုံးပြုသူရဲ့ အချက်အလက်တွေကို အခြားသူတွေဆီ ပြန်လည် မျှဝေ၊ ရောင်းချခြင်း မပြုကြဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြပါတယ်။
၄။ ဥပဒေစိုးမိုးရေးနှင့် တရားရေးအဖွဲ့အစည်းများ၏ တောင်းဆိုချက်ကို တုန့်ပြန်ခြင်း
VPN ဝန်ဆောင်မှုပေးသူတွေဟာ ဥပဒေစိုးမိုးရေးနဲ့ တရားရေးအဖွဲ့အစည်းတွေက သုံးစွဲသူတွေရဲ့ အချက်အလက်ကို တောင်းဆိုလာရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါ မယ်။
၅။ အသုံးပြုသူ အခွင့်အရေးနှင့် အချက်အလက် ထိန်းချုပ်မှု
အသုံးပြုသူတွေက သူတို့ရဲ့ အချက်အလက်တွေကို ရယူသုံးစွဲမှု၊ မှန်ကန်စွာ ပြင်ဆင်မှု၊ ဖျက်သိမ်းနိုင် ခွင့်တွေ ရှိရပါမယ်။ ကိုယ့်ရဲ့ အချက်အလက်တွေကို သုံးစွဲခွင့်ပေးအပ်ထားခြင်းမှ ပြန်လည်ရုပ်သိမ်းခွင့်၊ ဈေးကွက်မြှင့်တင်ရေး(Marketing) အစီအစဥ်တွေမှာ ထည့်သွင်းခွင့်မပေးဖို့ ရွေးချယ်နိုင်ရပါမယ်။
၆။ ပွင့်လင်းမြင်သာသော အစီရင်ခံမှု
အစိုးရနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေဆီက VPN ဝန်ဆောင်မှုပေးသူတွေဆီကို အသုံးပြုသူ အချက်အလက် ပေးအပ်ဖို့ လျှို့ဝှက်တောင်းဆိုခြင်း ရှိ၊ မရှိ ပုံမှန်အစီရင်ခံ ထုတ်ပြန်ပေးလေ့ရှိပါ တယ်။
အလွယ်တကူ ဆက်သွယ်လို့ ရနိုင်လား။
အတုအယောင် VPN တွေဟာ သူတို့ဆီကို ဆက်သွယ်နိုင်တဲ့ အချက်အလက်တွေ အပြည့်အစုံ ပေးထားလေ့ မရှိပါဘူး။ အလိုအလျောက် အကြောင်းပြန်ချက်တွေပဲ ပြန်ရကြတာ များပါတယ်။
တခါတလေမှာ သူတို့ဟာ ရည်ရွယ်ချက်ရှိရှိ အားနည်း၊ ချို့ယွင်းချက်တွေ ထည့်သွင်းထားပြီး ဆက်သွယ်တိုင်ကြားလာတဲ့အခါ တိုင်ကြားသူရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို ချိုးဖောက်မှုတွေလည်း လုပ်တတ်ကြပါတယ်။
အလုပ်မလုပ်တဲ့ VPN
အတုအယောင် VPN တွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အနိမ့်ဆုံး လိုအပ်ချက်လောက်ပဲ ပြီးလွယ်စီးလွယ် ဖန်တီးထားတတ်ပါတယ်။ VPN ရဲ့ အရေးကြီး လုပ်ဆောင်ချက်ဖြစ်တဲ့ ကိုယ့်ရဲ့ IP Address ကိုတောင် ဖုံးကွယ်မပေးနိုင်ရင် လုံခြုံရေးအန္တရာယ် ကြီးပါတယ်။
ဘယ်လို့ ခွင့်ပြုချက်တွေ (Permissions) တောင်းဆိုလဲ။
အစစ်အမှန် VPN တစ်ခုဟာ ကွန်ရက်ဝင်ရောက်ခွင့်နဲ့ သက်ဆိုင်တဲ့ ခွင့်ပြုချက်တွေကိုပဲ တောင်းဆိုသင့်ပါတယ်။ သင့်ရဲ့ မက်ဆေ့ချ်တွေကို ဖတ်ဖို့၊ သင့်ရဲ့ဓာတ်ပုံတွေကို ဝင်ရောက်ကြည့်ရှုဖို့ ဒါမှမဟုတ် သင့်ရဲ့ဖုန်းခေါ်ဆိုမှုတွေကို ဝင်ရောက်စီမံဖို့ မလိုအပ်ပါဘူး။ အလွန်အကျွံ ခွင့်ပြုချက်တောင်းဆိုမှုတွေက app တစ်ခုဟာ VPN ဝန်ဆောင်မှုတွေ ပေးအပ်ခြင်းထက် ကျော်လွန်တဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိနေတာ သေချာပါတယ်။
⏹︎ လုံခြုံမှု ရှိတဲ့ VPN ကို ဘယ်လို ရွေးမလဲ။
ရှောင်သင့်တဲ့ VPN တွေအကြောင်းသိရှိပြီးရင် လုံခြုံစိတ်ချရတဲ့ VPN တွေကို ဘယ်လိုရွေးကြမလဲ။
တရားဝင် App store တွေကနေသာ download လုပ်ပါ။
Google Play၊ Apple’s App Store နဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကနေပဲ download လုပ်သင့်ပါတယ်။ အဖျက်ဆော့ဝဲတွေ အများစု ဖြန့်ချီကြတဲ့ တရားမဝင် App store တွေ၊ torrent site တွေ၊ သံသယဖြစ်ဖွယ်ရှိတဲ့ လင့်ခ်တွေကနေ download မလုပ်သင့်ပါ။
တရားဝင် App store တွေမှာလည်း Verify အမှတ်အသားပါတဲ့ app တွေကို ဦးစားပေး download လုပ်သင့်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ဝေဖန်ချက်တွေကို ရှာဖွေလေ့လာပါ။
ဂုဏ်သိက္ခာရှိတဲ့ ဆိုက်ဘာလုံခြုံရေးသုံးသပ်သူတွေက သာမန်အသုံးပြုသူတွေထက် VPN ဝန်ဆောင်မှုတွေကို စစ်ဆေးရာမှာ ထဲထဲဝင်ဝင် စစ်ဆေးဖို့ ကိရိယာအစုံအလင်ရှိကြပါတယ်။ သူတို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို လေ့လာပြီးမှ VPN ကို ရွေးချယ်တာ အမှားနည်းနိုင်ပါတယ်။
အလွန်အကျွံ ညွှန်းဆိုတာတွေ၊ VPN ဆော့ဝဲရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အားသာချက်တွေကိုပဲ မယုံကြည်သင့်ပါ။
နှစ်ရှည်လများ လည်ပတ်လုပ်ကိုင်နေပြီး နာမည်ပျက်မရှိ၊ ချို့ယွင်းအားနည်းချက်တွေကို အလျင်အမြန် တုံ့ပြန်ဖြေရှင်းနိုင်တဲ့ အာမခံချက်ရှိတဲ့ VPN တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
ရေရှည်အသုံးမပြုခင် စမ်းသပ်သုံးစွဲကြည့်ပါ။
တချို့ VPN တွေဟာ အခမဲ့ စမ်းသပ်သုံးစွဲခွင့်ကာလ တစ်ခု ပေးလေ့ရှိပါတယ်။ အစမ်းသုံးစွဲပြီးမှ ရေရှည်အသုံးပြုဖို့ စဥ်းစားသင့်ပါတယ်။
⏹︎ အထူးအခွင့်အရေး မဖြစ်သင့်
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မဟာမင်းကြီး Volker Türk က "အင်တာနက် အသုံးပြုခွင့်ကို အထူးအခွင့်အရေးတစ်ခုလို မဟုတ်ဘဲ လူတိုင်းရရှိရမယ့် လူ့အခွင့်အရေးတစ်ခုအဖြစ် ပိုပြီးတော့ ခိုင်ခိုင်မာမာ သတ်မှတ်ပေးဖို့ အချိန်တန်ပါပြီ။" လို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀၂၅ ခုနှစ်မှာ Google က ဘီလီယံနှင့်ချီတဲ့ သုံးစွဲသူတွေကို ထိခိုက်နိုင်တဲ့ အရေးကြီးတဲ့ VPN ဆိုင်ရာ ခြိမ်းခြောက်မှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ VPN တွေကို ရွေးချယ်သုံးစွဲမှုက အရေးကြီးလာပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၃ နာရီ က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၅ ရက် က