Politics
ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မီးရှို့ခံရ၊ မိုင်းအန္တရာယ်စိုးရိမ်၍ ရွာသားများရွာထဲမဝင်သေး
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပင့်သာကျေးရွာကို ယနေ့တွင် စစ်ကောင်စီက တတိယအကြိမ် မီးရှို့ ဖျက်ဆီး သွားပြီး မိုင်းထောင်အန္တရာယ် စိုးရိမ်ရသဖြင့် ရွာသားများ ရွာထဲသို့ မဝင်ရဲကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ခမရ -၃၆၉ တပ်သားများနှင့် နောက်လိုက် ပျူစောထီးများအပါအဝင် အင်အား ၁၀၀ ခန့်ဖြင့် ပင့်သာကျေးရွာထဲသို့ စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ပင့်သာကျေးရွာအတွင်းရှိ အိမ်များကို တတိယအကြိမ် မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ် သည်။
" စစ်ကြောင်းတော့ ထွက်သွားပြီ၊ အပျက်အဆီးတော့ မနက်မှ သေချာသိရမှာပါ၊ ရွာသားတွေတော့ ပြန်မဝင် ရဲသေးဘူး။ စစ်ကြောင်းက ချပ်ကြီးနားဆိုတော့ ပင့်သာနဲ့လဲ မဝေးဘူး။ စစ်ကြောင်းပြန်ပတ်လာမှာ စိုးရိမ်ရတော့ ရွာထဲဘယ်သူမှ မဝင်ရဲသေးဘူး။ မိုင်းအန္တရာယ်လဲကြောက်ရတယ်" ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ် ရှားသူများအဖွဲ့ က တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအပြင် ပင့်သာကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ပြည်သူ ၁,၀၀၀ ကျော်ခန့် ဘေးလွတ်ကင်းရာသို့ ထွက် ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ပြီး ပြန်ထွက်သည့် စစ်ကောင်စီ စစ်ကြောင်းက ရွာထဲတွင် မိုင်းထောင်ခဲ့သဖြင့် အသက်၅၁နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပျက်ဆီးသွားရကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်နှင့် နိုဝင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းက ပင့်သာကျေးရွာရှိ နေအိမ်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။