Politics
ဒီမော့ဆိုတွင် စစ်ကောင်စီတပ်အား KNDF တိုက်ခိုက်၊ စစ်ကောင်စီ ဖက်မှ ၂၀ ဦးကျော်သေ
လွန်ခဲ့သော ၂ နှစ် က
ဒီမော့ဆို၊ ဒီဇင်ဘာ ၄
ဒီမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား KNDF တပ်ရင်းများနှင့် KA တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ယမန်နေ့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ နံနက် (၉)နာရီခွဲမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ကြောင်းဆို သည်။
ထို့ပြင် တပ်ကြပ်ကြီး (၁)ဦး ၊ တပ်ကြပ် (၂)ဦး ၊ တပ်သား (၁)ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကာ MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း (၂)ပြောင်း ၊ ကွန် ပျူတာ (၁)လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အ သုံးအဆောင် အချို့တို့အား သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ဆိုသည်။
" တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီဖက်မှ လက် နက်ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့တဲ့အပြင် ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် (၃)ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင်လည်း တိုက်လေယာဥ် ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်" ဟု KNDF က ဆိုသည် ။
ယမန်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ် ရင်းသည် တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက်တပ်ရင်းဖြစ်ပြီး ယင်းတပ်ရင်းသည် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ (၂၄) ရက်တွင် ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ (၄၀)ကျော်အား မီးရှို့သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တပ်ရင်း ဖြစ်သည်။
ထိုတပ်ရင်းအား တိုက်ခိုက်အောင်မြင်မှုနှင့် လက်တုံ့ပြန်နိုင်ခဲ့မှုသည် ယင်းတို့ လူမဆန်စွာမီးရှို့သတ်ဖြတ်ခဲ့၍ သေဆုံးသွားခဲ့ရသော အပြစ်မဲ့ပြည်သူ ( ၄၀) ကျော်တို့အား ရည်ညွှန်းကြောင်း KNDF က ဆိုသည် ။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင် စစ်ကောင်စီမှ စစ်ကြောင်းများ ပြန်ထိုးနေခြင်းကြောင့် စစ်ရေးအခြေနေတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသဖြင့် အဆိုပါ နေရာများအနီး ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြရန် နှင့် ထုတ်ပြန်နေသည့် စစ်ရေးအခြေနေများကို ဂရုပြုကြရန် မိဘပြည်သူများအား KNDF က တိုက်တွန်းထားသည် ။
ပုံစာ ။ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
ဓာတ်ပုံ။ KNDF