Politics
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီ သေဒဏ်ချမှတ်
လွန်ခဲ့သော ၃ နှစ် က
ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်ခုံရုံးမှ ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်တွင် သေဒဏ် ချမှတ်ခဲ့ကြောင်းသိရသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက် ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့အားပုဒ်မ ၃၀၂ (က) ဖြင့် မတရားစွပ်စွဲပြီး သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုသည်။
အဆိုပါ ကျောင်းသား ၇ ဦးကို ဧပြီလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရချိန်မှစတင်၍ အဆက်အသွယ် ပြတ်တောက်နေခဲ့ကာ၊ မိသားစုနှင့်လည်း ဆက်သွယ်ခွင့် မပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို သေဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂက ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစတင်ကာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးအား ထောင်တွင်းသေဒဏ် စီရင်ခဲ့သည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၂၈ ဦးထိ သေဒဏ် ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ မှတ်တမ်းများအရ သိရသည်။