Weekly
တစ်ပတ်တာပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
မြို့တွေ စခန်းတွေ သိမ်းမြဲသိမ်းဆဲ
ဒီတစ်ပတ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြို့နှစ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ ရွှေပြည်အေးမြို့နဲ့ ချင်းပြည်နယ် မတူပီမြို့နယ်မှာရှိတဲ့ ရေဇွာမြို့တို့ဖြစ်ပါတယ်။
ရွှေပြည်အေးမြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အင်္ဂါနေ့မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရေဇွာမြို့ကိုတော့ ဗုဒ္ဓဟူးနေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ရရှိခဲ့တာပါ။ မြို့သိမ်းပြီးနောက် စစ်ကောင်စီဘက်က တိုက်ခိုက်မှု တွေ ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းဘက်မှာတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းနိုင်ခဲ့တဲ့မြို့ သုံးမြို့ရှိပြီဖြစ်ပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကတော့ မြို့ခုနှစ်မြို့ကို သိမ်းထားနိုင်တယ်လို့ သိရပါတယ်။
ရှမ်းမြောက်က ညီနောင်မဟာမိတ်အဖွဲ့တွေ အရေးကြီးပစ်မှတ်များကို ဆက်လက်သိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကိုစတင်ဆင်နွှဲခဲ့တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ ဒီတစ်ပတ်မှာ လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုအပါအဝင် စစ်ကောင်စီရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ဆက်လက် သိမ်းပိုက်ခဲ့ပါတယ်။
မူဆယ်မြို့နယ်မှာရှိတဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးဝင်ထွက်ပေါက် ၅ ခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကျင်ဆန်းကျော့ဂိတ်ကို ညီနောင်မဟာမိတ်များက ပြီးခဲ့တဲ့ စနေနေ့မှာ သိမ်းပိုက်ခိုက်ပြီး မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်လေးခုအထိရှိလာပါတယ်။ ကိုးကန့်အထူးဒေသထဲက ကုန်ကြမ်းမြို့မှာရှိတဲ့ အကြီးဆုံးစစ်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ ကြူကုတ်ပန်ဆိုင်းဒေသမှာလည်း မြို့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး ယန္တရား တွေကို ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း၊ စာသင်ကျောင်း၊ စျေးများလည်းပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားထားကြောင်း သတင်းက ဆိုပါတယ်။
မြန်မာမှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စစ်သင်္ဘောသုံးစင်းလာရောက်
ရှမ်းမြောက်ကတိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ မြန်မာနဲ့ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းလုပ်ဖို့ဆိုပြီး တရုတ်ဘက်က စစ်သည် ၇၀၀ လောက်ပါတဲ့ စစ်ရေယာဉ် သုံးစင်း ရန်ကုန်ကို တနင်္လာနေ့က ရောက်လာခဲ့ ပါတယ်။
မြောက်ပိုင်းညီနောက်သုံးဖွဲ့ကို တရုတ်ကနောက်ကွယ်ကနေပံ့ပိုးပေးနေတယ်ဆိုပြီး စစ်ကောင်စီကို ထောက်ခံတဲ့ သူတွေ ဆန္ဒပြပြီး ရက်ပိုင်းအကြာမှာ ရောက်လာတာကြောင့် တရုတ်ဟာ မြန်မာစစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ပြသလိုတဲ့သဘောနဲ့လာရောက်ခြင်းဖြစ်တယ်လို့လည်း အကဲခတ်တွေကဆိုကြပါတယ်။
မြန်မာစစ်ကောင်စီရေတပ်နဲ့ တရုတ်ရေယာဉ်သုံးစီးတို့ရဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကိုတော့ သောကြာနေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာ လူငယ်တွေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်လူငယ်အင်အားစုတွေရဲ့ ပျောက်ကြားသပိတ်တစ်ခု ဖိနှိပ်မှုတွေရှိနေတဲ့ကြားကနေ ရန်ကုန်မှာ ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။ ရန်ကုန်လူငယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်း ဦးဆောင်တဲ့ အဆိုပါ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြမှုကို မြောက်ဒဂုံက ၄၀ စျေးမှာ စနေနေ့တုန်းက ပြုလုပ်ခဲ့တာပါ။
နောက်တစ်ရက်မှာတော့ ဆန္ဒပြမှုပြလုပ်သွားခဲ့တဲ့ စျေးအတွင်းက စျေးဆိုင်ခန်းတွေ ကိုစစ်ကောင်စီဘက်က ဖျက်စီးခဲ့ပြီး စျေးသည်တွေကို စျေးထပ်မရောင်းဖို့နဲ့ စျေးထပ်ရောင်းရင် မီးရှို့မယ်လို့ ပြောသွားခဲ့ပါတယ်။
ဦးရဲထွဋ် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရ
ပြီးခဲ့တဲ့လကုန်ပိုင်းက အဖမ်းခံခဲ့ရတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးက ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ပါတယ်။
ဆူပူအောင်လှုံ့ဆော်မှုအတွက် ၃ နှစ်နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် ၇ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခရီးသွားဆောင်းပါးနဲ့ အတွေးအမြင်ဆောင်းပါးတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို အကြည်ညိုပျက်စေတာတွေ ပါဝင်တာကြောင့်လို့ လည်း သိရပါတယ်။
စစ်တပ်ကိုကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ ဦးရဲထွဋ်ဟာ သမ္မတပြောရေး ဆိုခွင့်ရှိသူ အဖြစ်ရော ပြန်ကြားရေးဝန်ကြီးအဖြစ်ပါဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ရန်ကုန်မှာ ပါတီဥက္ကဌတစ်ယောက် အသတ်ခံရ
စစ်ကောင်စီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်တည်ထောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းထွန်းဟာ ရန်ကုန်၊ ငမိုးရိပ်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
ဦးသန်းထွန်းသေဆုံးမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ငမိုးရိပ် mission network က ထုတ်ပြောခဲ့ပြီး ၎င်းဟာစစ်တပ်အာဏာသိမ်းမှုကို ပေါ်ပေါ်ထင်ထင်ထောက်ခံသူ၊ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ထောက်ခံသူ ဖြစ်လို့ လုပ်ကြံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ စစ်တပ်အာဏာမသိမ်းခင်လပိုင်းတုန်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသွားရောက်ခဲ့တဲ့ ပါတီ ၃၀ ကျော်ထဲမှာပါဝင်ပါတယ်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပစ်ရပ်
ရှမ်းပြည်နယ်မှာအခြေစိုက်ပြီး အချင်းချင်းတိုက်ပွဲဖြစ်ပွားနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှစ်ဖွဲ့ အပစ်အခတ် ရပ်စဲကြောင်း နှစ်ဖက်စလုံးက ဗုဒ္ဓဟူနေ့မှာ ကြေညာခဲ့ပါတယ်။
ရှမ်းပြည်သူလူထုနဲ့ သံဃာတော်များရဲ့ တိုက်တွန်းပန်ကြားချက်နဲ့အညီ နှစ်ဖက်ဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲခဲ့တာဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူတွေကဆိုထားကြပြီး နှစ်ဖက်တပ်ဖွဲ့များအကြား စစ်သုံ့ပန်းနဲ့ ကူညီ ထောက်ပံ့သူ များကို အပြန်အလှန် လွတ်ငြိမ်းချမ်းသာဖို့ သဘောတူထားတယ်လို့လည်း ဒေသတွင်း သတင်း ဌာနတွေက ဆိုပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့အကြား ယုံကြည်မှု တည်ဆောက်ဖို့၊ နယ်မြေသတ်မှတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေကို ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
Photo - မူရင်းပိုင်ရှင်ကို ခရစ်ဒစ်ပေးပါသည်။