Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ယခုတစ်ပတ်ရဲ့ သတင်းစာမျက်နှာနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရှမ်းမြောက်နဲ့ စစ်ကိုင်းက မြို့သိမ်းတိုက်ပွဲတွေ၊ ဒီတိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကသာ လွှမ်းမိုးခဲ့ပါတယ်။
မြို့တွေဆက်သိမ်းနေတဲ့ အော်ပရေးရှင်း ၁၀၂၇
မြောက်ပိုင်းညီနောင်မဟာမိတ်လို့ ခေါ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တာ ဟာ အောက်တိုဘာ ၂၇ ကနေစပြီးရေတွက်ရင် နှစ်ပတ်ပြည့်ခဲ့ပါပြီ။
ပထမတစ်ပတ်တုန်းကတော့ မြောက်ပိုင်းသုံးဖွဲ့ဟာရှမ်းပြည်မြောက်ပိုင်းက ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်း၊ ဖောင်းဆိုင်ကို ထိန်းချုပ်ခဲ့ပြီး ဒုတိယတစ်ပတ်မှာတော့ နမ့်ခမ်း၊ မုံးကိုး၊ ကွမ်းလုံနဲ့ သိန္နီမြို့တွေကို ထိန်းချုပ် နိုင်လာတာတွေ့ရပါတယ်။ စစ်တပ်ဘက်က သေဆုံးသူနဲ့ လက်နက်ချသူများခဲ့သလို စစ်တပ်စခန်း ၁၅၀ နီးပါး သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း တော်လှန်ရေးဘက်ကတာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါ့အပြင် မုံးကိုးတိုက်ပွဲမှာ တပ်မမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ကျော်လွင်သေဆုံးသွားခဲ့ပြီး ရှမ်းမြောက် စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ရာထူးအကြီးဆုံး သေဆုံးမှုဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ကောလင်းနဲ့ ခမ်းပတ်ကိုသိမ်းပိုက်
ခရိုင်အဆင့်ရှိတဲ့ ကောလင်းနဲ့ အိန္ဒိယနယ်စပ်နားက ခမ်းပတ်မြို့နှစ်မြို့ကို NUG ရဲ့လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေ နဲ့ KIA တိုင်းရင်းသားပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေဟာ ရက်ပိုင်းကြာတဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲခဲ့ရပြီး တနင်္လာနေ့မှာ ကောလင်း၊ အင်္ဂါနေ့မှာ ခမ်းပတ်တို့ကိုရရှိခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာ ပင်လယ်ဘူးမြို့နယ်ကို သိမ်းနိုင်ပြီလို့ သတင်းထွက်ခဲ့ပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။
လက်ရှိမှာတော့ အဆိုပါမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ တွေက စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကိုခုခံဖို့ ပြင်ဆင်နေကြပါတယ်။
ဒီလိုမြို့သိမ်းအောင်ပွဲတွေဟာ ဒီမိုကရေစီအရေးလက်နက်ကိုင်လှုပ်ရှားမှုတွေကို အင်အားသစ်တွေ ဖြည့်ပေး တယ်လို့ ဆိုစမှတ်ပြုကြတဲ့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်း တိုက်ပွဲတွေအပြီးမှာ ပေါ်ပေါက်ခဲ့တာပါ။
ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီက ကာလုံခေါ်ခဲ့ရ
စစ်ကောင်စီဟာ အများပြည်သူရဲ့ ဆန္ဒမပါဝင်တဲ့ အရေးပေါ်အခြေအနေသက်တမ်း တိုးတဲ့အချိန်မှာသာ ပြုလုပ်လေ့ရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ရှမ်းပြည်နဲ့ စစ်ကိုင်းက မြို့သိမ်း တိုက်ပွဲတွေကြောင့် ယခုတစ်ပတ်မှာ ခေါ်ဆိုခဲ့ရပါတယ်။
စစ်ကောင်စီဟာ အဆိုပါအစည်းအဝေးမှာ ရှမ်းမြောက်ထိုးစစ်ဟာ လူမျိုးရေးအခြေခံပြီးဖြစ်ပွားတာဖြစ်ကြောင်း၊ MNDAA ဟာ ကိုးကန့်ဒေသက မူးယစ်ဆေးဝါးနဲ့ အခြားတရားမဝင်လုပ်ငန်းတွေကရတဲ့ အကျိုးအမြတ်တွေကို ရလိုမှုနဲ့အတူ အဆိုပါဒေသမှာ အာဏာနဲ့ လွှမ်းမိုးနိုင်မှုရဖို့ ဆောင်ရွက်ခဲ့တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ရှမ်းနဲ့ စစ်ကိုင်းမြေပြင်မှာ အလဲလဲအကွဲကွဲဖြစ်ပြီး စိတ်ဓါတ်ပျက်ပြားနေကြပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညီနောက်သုံးဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိုးစစ်ကို လက်တုံ့ပြန်မယ်လို့ အစည်းအဝေးမှာကြွေးကြော်ခဲ့ပါတယ်။
စစ်တပ်ကခန့်ခဲ့တဲ့ ယာယီသမ္မတဦးမြင့်ဆွေကလည်း စစ်တပ်ကသာ အသေအချာမကိုင်တွယ်နိုင်ရင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာဖြစ်သွားမယ်လို့ အစည်းအဝေးမှာပြောခဲ့ပါတယ်။
ရုပ်ရှင်လောကသားများ ရှမ်းမြောက်ရှေ့တန်းသို့ စာပို့ရန်နှင့် ဖျော်ဖြေရန်စစ်ကောင်စီပြော
မဟာမိတ်သုံးဖွဲ့ကြောင့် အထိနာနေတဲ့ ရှမ်းမြောက်က စစ်ကောင်စီ တပ်ဖွဲ့များထံ ရုပ်ရှင်လောကသားများ စာရေး ဖို့နဲ့ မိသားစုများကို ဖျော်ဖြေဖို့ စစ်ကောင်စီပြန်ကြားရေးက ပြောဆိုခဲ့ပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထိုးစစ်ကိုလက်မခံကြောင်းနဲ့ ရှေ့တန်းကိုစာ၊ သဝဏ်လွှာနဲ့ ကူညီထောက်ပံ့မှုတွေပေးပြီး အဆင်ပြေတဲ့အချိန်မှာ ရှေ့တန်းမှာရှိနေတဲ့သူတွေကို သွားရောက်ဖျော်ဖြေပေးဖို့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုခဲ့တာပါ။
ဒီအစီအစဉ်အပေါ် မြန်မာပြည်သူအများစု ပွဲကျခဲ့ပြီး ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ ရဟန်း၊ သီလရှင် ဝတ်ကြတုန်းကပုံတွေကို ဖေစ်ဘွတ်မှာအချင်းချင်းမျှဝေပြီး ရယ်မောခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ရုရှားရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြလုပ်
စစ်ကောင်စီဟာ ရှမ်းနဲ့ စစ်ကိုင်းမှာ နယ်မြေနဲ့ စစ်တပ်စခန်းတွေဆုံးရှုံးမှုတွေကြုံနေရတဲ့အချိန်မှာပဲ ရုရှားနဲ့ ပူးတွဲပြီး ပထမဆုံးအကြိမ် ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
ရုရှားရဲ့ ရေတပ်နဲ့ မြန်မာရေတပ်တို့ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြိတ်မြို့အနောက်ဘက်က ကပ္ပလီပင်လယ်ပြင်မှာ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ ပြုလုပ်ခဲ့တာပါ။
နှစ်နိုင်ငံ သင်္ဘောနဲ့ လေယာဉ်တွေပါဝင်ကြတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဝေဟင်နဲ့ ရေပြင် အန္တရာယ် ကာကွယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးအစီအမံတွေအတွက် ရည်ရွယ်တယ်လို့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်း ဌာနတွေက ပြောပါတယ်။
NLD ပါတီဝင် ၁၀၀ ကျော် ဖမ်းဆီးခံရတဲ့အချိန်မှာ သေဆုံးခဲ့
စစ်တပ်က ဖမ်းဆီးထားချိန်အတွင်း သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီဝင် ၁၀၁ ဦး ရှိတယ်လို့ NLD က ၂၀၂၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ နိုဝင်ဘာ ၁ စာရင်းအရ ဖမ်းဆီးခံရတဲ့ NLD ပါတီဝင်စုစုပေါင်း ၁,၂၉၀ယောက်ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၆၀ ကြိမ် ရှိပြီး ပါတီဝင် ၄၀၇ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်များ ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ နယ် အနက် မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့ပြီး ပြည်သူထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
Photo - NUG ကာကွယ်ရေးဝန်ကြီးဌာန