Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ယခုတစ်ပတ်ရဲ့ အစ တနင်္ဂနွေနေ့မှာ စစ်ကောင်စီဟာ ရဲတပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ ရက်ကနေ ယခုနှစ် အောက် တိုဘာလ ၁ ရက်ထိ တစ်နှစ်တာကာလအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့လို့ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့ဝင်တွေကို အခုလို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။
ဒီလို ဆုချီးမြှင့်ခဲ့တဲ့အထဲမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ၇ ဦး၊ ရဲသီဟတံဆိပ် ၁ ဦး၊ ရဲသူရတံဆိပ် ၁၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်သူ တံဆိပ် ၅ ဦး၊ လူမှု ထူးချွန်တံဆိပ်(တတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်း ၃၃၀ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၈၂၉ ဦး၊ မြန်မာနိုင် ငံရဲပူးတွဲတိုက်ပွဲဝင်တံဆိပ် ၁,၉၁၀ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၂၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး နဲ့ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ် ၄,၁၆၇ ဦး တို့ ပါဝင်တာဖြစ်ပါတယ်။
သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူ
အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းစမ်းသပ်ကောက်ယူမှုကို စတင်ခဲ့ တယ်လို့ စစ် ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ရက်အတွင်း တိုင်းနဲ့ ပြည်နယ်အားလုံးရှိ မြို့နယ် ၂၀ ကို ရွေးချယ်သတ် မှတ်ပြီး ကောက်ကွက် ၁၀၀ ကို စတင်ကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ အခုလို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုဟာ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ရှေ့ပြေးဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ပြည်လုံး ကျွတ်သန်း ခေါင်စာရင်းကောက်ယူမှုကို ဆက်လက်ပါဝင်ကူညီပေးဖို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ကို စစ်ကောင်စီက တောင်းဆိုထားပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကိုအခြေခံ၍ ၂၀၂၃ အောက်တိုဘာ ၁ ရက်တွင် ရှိသော မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်း ရှိတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ပွဲစားအဖြစ်စွပ်စွဲခံခဲ့ရသူ ရှင်းလင်းခံရ
စစ်ကောင်စီအတွက် နိုင်ငံတကာကနေ လက်နက်ဝယ်ယူပေးနေတဲ့စွပ်စွဲခံရတဲ့ လူတစ်ဦးကို ရန်ကုန်မြို့ လယ်ခေါင် ၁၇ လမ်း ထိပ်မှာ Urban Owls မြို့ပြပျောက်ကြားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ ပစ်ခတ် ရှင်းလင်းခံခဲ့တဲ့ ဉာဏ်လွင်အောင်ဟာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနအတွက် လက်နက်ဝယ်ယူပေးနေသူ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဌာနအတွက် Facial Recognition CCTV တပ်ဆင်ရေး လုပ်ငန်းကို ပူးပေါင်း လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ အ ဆိုပါ မြို့ပြပျောက်ကြားအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
Urban Owls မြို့ပြပျောက်ကြားအဖွဲ့ရဲ့ ပစ်ခတ်ရှင်းလင်းခံရမှု ကြောင့် ဝဲဘက်နားထင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တဲ့ ဉာဏ်လွင်အောင်ကို ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသနေရပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံမီဒီယာ တချို့က ဖော်ပြကြ ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခု ခွင့်ပြု
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို အောက်တိုဘာလ ၂ ရက်မှာခွင့်ပြုခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းသစ် ၆ ခုရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမယ့် ကဏ္ဍတွေက တော့ လျှပ်စစ်၊ ဟိုတယ်နဲ့ခရီးသွား၊ စက်မှု ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး စတာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံတွေက စင်ကာပူ ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ တို့ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ကို အင်ဒိုကုမ္ပဏီ လက်နက်ရောင်းချတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြော
စစ်ကောင်စီတပ်ကို အင်ဒိုနီးရှားအစိုးရပိုင်ကုမ္ပဏီ ၃ ခုက လက်နက်ရောင်းချခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေက အောက်တိုဘာလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ရောင်းချမှုအတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့တာပါ။
ဒါ့ပြင် အင်ဒိုနီးရှား လူ့ အခွင့်အရေးကောင်စီကိုလည်း တိုင်ကြားခဲ့တာဖြစ်ပါတယ်။ တောင်းဆိုတိုင်ကြားမှုကို မြန်မာအဖွဲ့ အစည်း နှစ် ခုဖြစ်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ တာဝန်ခံမှုရှိစေရေး မြန်မာပရောဂျက် (Myanmar Accountability Project) နဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရက်စ်မန်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မြန် မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ အင်ဒိုနီးရှား ကုမ္ပဏီတွေက PT Pindad ၊ PT PAL နဲ့ PT Dirgantara Indonesia တို့ပဲ ဖြစ်ပါတယ် ။ အဆိုပါ ကုမ္ပဏီတွေဟာ မြန်မာကုမ္ပဏီဖြစ်တဲ့ True North တစ်ဆင့် စစ်တပ်ဆီကို လက်နက်တွေရောင်းချနေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုထားပါတယ်။
True North ကုမ္ပဏီဟာ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ သားဖြစ်သူ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ အင်ဒိုနီးရှား ကုမ္ပဏီတွေဘက်က ငြင်းဆိုထားပါတယ်။
အာဏာသိမ်း ၂ နှစ်အတွင်း ကလေး ၅၀၀ နီးပါးသေဆုံး
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၀၀ နီးပါး သေဆုံးခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကလေးငယ် တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာတွေကို ဝင်ရောက် စီး နင်းမှုတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကလေးငယ်တွေသေဆုံးမှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန် မှု ဖြစ်တယ်လို့ (NUG) က ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံအဝှမ်းရှိ စာသင် ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ - စာရွက်စာတမ်းများ ပြင်ဆင်နေသော ရခိုင်ပြည်နယ်မှ သန်းခေါင်စာရင်း ဝန်ထမ်းများ။ (Photo: AP)