Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စက်တင်ဘာလဟာ ၁၉၈၈ လူထုအရေးတော်ပုံကို အကြောင်းပြုပြီး မြန်မာနိုင်ငံမှာ စစ်တပ်က သုံးကြိမ်မြောက် အာဏာသိမ်းခဲ့တဲ့ ၃၅ နှစ်ပြည့်လည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ ၂၀၂၁ အာဏာသိမ်း ခရီးကတော့ ရက်ပေါင်း ၉၆၀ ကျော်လာခဲ့ပါပြီ။ အဲဒီအချိန်အတွင်းမှာ စစ်ရေးအရတင်မက သံတမန်ရေးအရ အားပြိုင်မှုတွေကိုပါ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တစ်ပြိုင်နက် ပြုလုပ်နေကြပါတယ်။
ယခုတစ်ပတ်အတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအပြောင်းအလဲတွေနဲ့ ကုလအထွေထွေညီလာခံက သံတမန်ရေးရာ အားပြိုင်မှုကိုတွေ BAP က တင်ဆက်ထားပါတယ်။
သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ကုလမှာဆက်ရှိနေ
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေဦးမယ်လို့ ကုလသမဂ္ဂ အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြပါတယ်။
ဗြိတိန်အခြေစိုက် Myanmar Accountability Project က ကုလရဲ့ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သက်တမ်းတိုးလိုက်တာကို ထောက်ခံ ကြိုဆိုကြောင်း စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းသံအမတ်ကြီး အဖြစ် အထွေထွေညီလာခံကို တက်ရောက်နေပါတယ်။
အဖွဲ့ဝင်နိုင်ငံအသီးသီးက စေလွှတ်တဲ့ ကုလအမြဲတမ်းသံအမတ်ကြီးရာထူးကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီက နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရတာပါ။
အခုနှစ်အတွက် ပြန်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအသစ်က အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်တာမရှိသေးတဲ့ အတွက် ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့ အထွေထွေ ညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က RFA ကို ပြောထား ပါတယ်။
စစ်ကောင်စီဘက်ကတော့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ တင်သွင်းထားပါတယ်။
ကုလအထွေထွေညီလာခံမတိုင်ခင်မှာလည်း ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ ကုလမှာ ဦးကျော်မိုးထွန်း ဆက်ရှိရေးအတွက် ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လာဘ်ယူကြမ်းတယ်ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးခံရ
အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် အဲဒါနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာမှာ နောက်ထပ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစားထိုးခန့် အပ်လိုက်ပါတယ်။
စစ်ကောင်စီက ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဥက္ကဌအဖြစ် အစားထိုးလိုက်တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်မှုဝန်ကြီး ဒေါက်တာ ကံဇော်က အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံထားရပါတယ်။
အဖွဲ့ဝင်တွေကတော့ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ခေါင်းဆောင်အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဖြစ်ပါတယ်။
စစ်ကောင်စီမှာ အဆင့် ၆ နေရာရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ မိသားစုကို စစ်ကောင်စီက အဂတိလိုက်စားမှုတွေနဲ့ ပတ်သတ်ပြီး နေအိမ်အကျယ်ချုပ် စစ်ဆေးနေတယ်လို့ သတင်းတွေထွက်နေတာပါ။
လူတစ်ရာကျော်ပါတဲ့ သင်္ဘော ချင်းတွင်းမြစ်တွင်း နစ်မြုပ်
ကျောက်စိမ်းတင်ဆောင်ထားပြီး လူ ၁၅၀ ကျော် လိုက်ပါစီးနင်းတဲ့ သင်္ဘောတစ်စီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ထဲမှာ စက်တင်ဘာ ၁၉ ရက်က နစ်မြှုပ်ခဲ့ပါတယ်။
လိုက်ပါစီးနင်းသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီး၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ မင်းကင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BAP ကို ပြောပါတယ်။
အဲဒီသင်္ဘောပေါ် လိုက်ပါသွားတဲ့သူတွေ သေဆုံး၊ ပျောက်ဆုံးတဲ့သတင်းကို အတည်ပြုနေကြဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ သင်္ဘောနစ်မြုပ်မှုကို ဝန်ခံထားပြီး လူ ၁၂ ယောက်ပျောက်ဆုံးနေဆဲလို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၆ ခုနှစ် တုန်းကလည်း ချင်းတွင်းမြစ်ထဲမှာ လူအပြည့်တင်ဆောင်လာတဲ့ သင်္ဘော တိမ်းမှောက်မှု ကြောင့် ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသားအပါအဝင် လူ ၇၃ ဦး ရေနစ်သေဆုံး ခဲ့ဖူးပါတယ်။
မြန်မာရေတပ်အတွက် ဆိုနာစနစ်ရောင်းပေးသည့် စင်ကာပူ ၂ ဦး ဒေါ်လာ ၈၀,၀၀၀ ဒဏ်တပ်ခံရ
မြန်မာစစ်ကောင်စီရေတပ်အတွက် ဆိုနာအသံလှိုင်းသုံး ရှာဖွေရေးစနစ်တခုကို ရောင်းချပေးခဲ့တဲ့ စင်ကာပူ နိုင်ငံသား ၂ ယောက်ကို ဒဏ်ငွေ ဒေါ်လာ ၈၀,၀၀၀ ပေးဆောင်ဖို့ စင်ကာပူ တရားရုံးက အမိန့်ချလိုက်ပါတယ်။
စင်ကာပူအခြေစိုက် Hydronav ကုမ္ပဏီက အသက် ၅၇ နှစ်အရွယ် မစ္စတာ ပွိုင်တာအက်ဂတ်စ်ကန့်ထ် ဂျန်နာနဲ့ အသက် ၇၀ အရွယ် ဝီအောင်ချူအန်းတို့ကို စက်တင်ဘာ ၁၉ ရက်က ဒဏ်ငွေ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။
Hydronav ကုမ္ပဏီဟာ နော်ဝေကုမ္ပဏီတစ်ခုကထုတ်တဲ့ ဆိုနာစနစ်ကို ဝယ်ပြီး မြန်မာရေတပ်ကို ပြန်ရောင်းခဲ့ကာ နော်ဝေကုမ္ပဏီဘက်ကိုတော့ အင်ဒိုနီးရှား ကုမ္ပဏီတစ်ခုကို ရောင်းခဲ့တာဆိုပြီး စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်ခဲ့တယ်လို့ ဝန်ခံထားကြပါတယ်။
အဲဒီစနစ်ကို မြန်မာနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Light of Universe ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနီးပါးနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရောင်းချခဲ့တာပါ။
မြန်မာစစ်တပ်အတွက် စစ်လက်နက်တင်ပို့ရာမှာ နောက်ထပ် စင်ကာပူကုမ္ပဏီ ၉၀ ကျော် ပါဝင် ပတ်သက်နေတယ်လို့ စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှသတင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်း တုန်းက ဖော်ပြခဲ့ပါတယ်။
NUG ကို တိုင်းရင်းသားတွေယုံကြည်မှုတိုးလာတယ်လို့ UK စစ်တမ်းဖော်ပြ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပေါ် ယုံကြည်မှုမြင့်တက်တယ်လို့ လန်ဒန် စီးပွါးရေးတက္ကသိုလ် အခြေစိုက် International Growth Centre- IGC က စက်တင်ဘာ ၁၉ ရက်က ပြောလိုက်ပါတယ်။
စစ်တမ်းမေးခွန်းတွေကို ဗမာအပြင် တိုင်းရင်းသား ဘာသာစကား ၆ မျိုးနဲ့ မေးမြန်းကောက်ခံခဲ့တာဖြစ်ပြီး လူပေါင်း ၁,၁၁၃ ယောက် ဖြေကြားခဲ့ကာ ဖြေကြားကြသူတွေဟာ မတူညီတဲ့တိုင်းရင်းသား ၃၅ မျိုးဖြစ်ကြတယ်လို့ IGC က ပြောပါတယ်။
အိုင်ဂျီစီရဲ့လေ့လာချက်အရ ဖြေကြားသူ ၆၉ ရာခိုင်နှုန်းက NUG အပေါ် ယုံကြည်ကြပြီး တိုင်းရင်းသား ဒေသတွေကို လူမှုဝန်ဆောင်မှုပေးဖို့ NUGဟာ ထိရောက်နိုင်လိမ့်မယ်လို့ ၇၉ ရာခိုင်နှုန်းက ပြောကြပါတယ်။
တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွါးကို ဆော်ဩစည်းရုံးပေးလိမ့်မယ်လို့ ၇၀ ရာခိုင်နှုန်းက ယုံကြည်ပေမယ့် အာဏာရှိတဲ့နေရာတွေမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်တွေကို နေရာပေးထားမယ်ဆိုတာ ကိုတော့ ၄၉ ရာနှုန်းကပဲ ယုံကြည်ကြပါတယ်။
ဗမာ နဲ့ တိုင်းရင်းသားလူနည်းစုကို တန်းတူညီမျှ ဦးစားပေးလုပ်ကိုင်မယ်ဆိုတာကိုတော့ ၅၁ ရာနှုန်းကပဲ ယုံကြည်ကြတာကို စစ်တမ်းက တွေ့ရှိပါတယ်။
IGC ဟာ ပဋိပက္ခ ဖြစ်နေတဲ့နိုင်ငံတွေက စီးပွါးရေးကို အဓိကထားလေ့လာတဲ့အဖွဲ့ဖြစ်ပြီး အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ London School of Economics- LSE တက္ကသိုလ်က ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။
တအာင်းပလောင်နဲ့ စစ်ကောင်စီတိုက်ပွဲပြင်းထန်နေ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်-TNLAနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဟာ မန္တလေး - ရှမ်းအဆက် မိုးကုတ်မြို့နယ်နဲ့ ရှမ်းမြောက်၊ မူဆယ်မြို့နယ်တွေမှာ ဖြစ်ပွားနေပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၁၈ ရက် တစ်ရက်တည်းမှာ မိုးကုတ်၊ ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲ ၇ ကြိမ် ဖြစ်ခဲ့ပြီး သေနတ် ၅ လက်၊ ဗုံးသီးတွေအပြင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ကဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် အနီးအနားက ဒေသခံ ၅၀၀ နီးပါးနဲ့ မူဆယ်မြို့နယ် ရွာ ၄ ရွာက ဒေသခံ(၄၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။
Money Changer ကုမ္ပဏီ တစ်ရာကျော်ကို ဗဟိုဘဏ်ရုပ်သိမ်း
နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်ရကုမ္ပဏီ ၁၂၃ ခုရဲ့ လိုင်စင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီ ဗဟိုဘဏ်က ရုပ်သိမ်းလိုက်ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်းမရှိလို့ အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လိုင်စင်ရုပ်သိမ်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘယ်အချက်တွေကို မလိုက်နာတာလဲဆိုတာကိုတော့ အသေးစိတ်မဖော်ပြပါဘူး။
လက်ရှိဒေါ်လာပေါက်ဈေးဟာ ဗဟိုဘဏ်ရည်ညွှန်းစျေးက တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ပေမယ့် ပြင်ပမှာ တစ်ဒေါ်လာကို မြန်မာကျပ် လေးထောင်နီးပါးအထိ ပေါက်ဈေးရှိပါတယ်။
BAPက ပြုစုထားတဲ့စာရင်းအရ အခုနှစ် မတ်လကစပြီး စက်တင်ဘာ ၂၀ ရက်ထိ စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်တဲ့ ကုမ္ပဏီ ၁၆၆ ခုရဲ့ လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းပြီးဖြစ်ပါတယ်။
Burma Associated Press