Weekly
ဘီအေပီ၏ တစ်ပတ်အတွင်း ပြည်တွင်း သတင်းကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စက်တင်ဘာ ၁၆။
စစ်အာဏာရှင်လက်အောက် မျိုးစုံသော ဒုက္ခတရားတွေကြုံတွေ့နေရဆဲမှာပဲ ဒုဗ္ဘိက္ခန္တရကပ်ဟာ လူထုဆီ ဆိုက် ဆိုက် မြိုက်မြိုက် ရောက်ရှိလာခဲ့ပြန်ပါပြီ။ ဘာသာတရားအလိုအရ ကပ်ကြီးသုံးပါးဟာ တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်တတ်လေ့ရှိတယ်လို့ ဆိုတာမို့ မင်းကျင့်တရားမရှိ ယုတ်မာမှုအတိသာ အပြည့်ပြီးနေတဲ့ စစ်အာဏာရှင် ခေါင်းဆောင်လက်ထက် အခုလို ကြုံတွေ့ရခြင်းတွေက မထူးဆန်းလှပါဘူး။ ရောဂါကပ်ဆိုးမှာ မီးရှို့မနိုင်အောင် အလောင်းတွေပုံထပ်ပြီး သေခဲ့ကြရတယ်။ စစ်မီးလက်နက်ဘေးကို ဓိဌကြုံနေရဆဲမှာပဲ အငတ် ဘေးဟာ လူတွေကို ခလောက်ဆန် အကြောင်းဖန် ရှိလာစေခဲ့ပြန်ပါတယ်။
တိုင်းပြည်အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်လက်ထက် ကပ်ကြီးသုံးပါးကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ လူထုဟာ လက်ရှိ စစ် ခေါင်းဆောင် မင်းအောင်လှိုင် လက်ထပ်မှာ တစ်ခါဖူးမှ မကြုံဖူးတဲ့ အငတ်ဘေးကို ရင်ဆိုင်လာနေရတာ ဖြစ် ပါတယ်။ သမခေတ်၊ မှောင်ခိုခေတ်၊ လက်သင့်ရာဖဲဝေခေတ် စတဲ့ခေတ်တွေနဲ့ မတူဘဲ အဆိုးရွားဆုံး ကြီးမြင့်လာ နေတဲ့ ကုန်ဈေးနှုန်းမှာ ဆန်ကြမ်းတောင် ဝယ်မစားနိုင်လို့ ဆန်ကွဲကို ချက်စားရတဲ့ထိ ဒုက္ခတရားကို ကြုံတွေ့နေရ တာဖြစ်ပါတယ်။ သမခေတ် ခွဲတမ်းကျ တန်းစီဝယ်ရသလို ဆန်တစ်ပြည်၊ ဆီငါးဆယ်သားရဖို့ အဲဒီခေတ်ကထပ် ပိုဆိုးရွားတဲ့ စနစ်အမှောင်တစ်ခုထဲမှာ ကြီးငယ်လတ်မရွေး တန်းစီနေရတာဖြစ်ပါတယ်။ စစ်အာဏာရှင် လက် အောက် လူ့အဖြစ် လူ့ဘဝတွေဟာ လူနဲ့မတူဘဲ အရာရာသော အခွင့်အရေးတို့ ဆုံးရှုံးရင်း ဖြတ်သန်းနေရတဲ့ ခရီး ရှည် တစ်ခုလို ဖြစ်နေခဲ့တာ အမှန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်စိုးရိမ်ရ
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်ထဲက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ဖွယ်ရာရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာတည်မြဲရေးအတွက် ဓားစာခံ သဘောဖမ်းဆီးထားတာမို့ လျှို့ဝှက်နေရာမှာ အကျဉ်းချထားပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အတွက် အခုလို စိုးရိမ်စရာအခြေအနေဖြစ်နေခဲ့တာလို့ NLD ကဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ၎င်းရဲ့ ကျန်းမာရေး တစ်စုံတစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ် ကိုပါ ထိခိုက်မှု ဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိတယ်လို့ NLD က ဆိုထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအသက်အရွယ်ဟာ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေး ထားရမယ့်အရွယ် ရောက်လာပြီမို့ အရေးပေါ်ကုသစောင့်ရှောက်မှုတွေလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကလည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင်နဲ့ သွားကိုက်ဝေဒနာ ခံစားနေရပြီး သွားဆရာဝန်နဲ့ကုသနိုင်ဖို့ ထောင် အာဏာပိုင်တွေကို ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးသားနေတာဖြစ်ပါတယ်။
ပွဲမစည်တဲ့ စစ်ကောင်စီရဲ့ အာဆီယံလေတပ်စစ်ဦးစီးချုပ် ညီလာခံ
အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက အကြိမ် ၂၀ မြောက် အာဆီယံ လေတပ်စစ်ဦးစီးချုပ်ညီလာခံကို စက်တင်ဘာလ ၁၃ ရက်မှာ ကျင်းပခဲ့ပါတယ်။ အရပ်သားဒေသတွေနဲ့ စစ်ရေးဧရိယာမဟုတ်တဲ့ ဆေးရုံ၊ စာသင်ကျောင်း နေရာတွေကိုပါ ပြင်းအားမြင့်လက်နက်ကြီးတွေအသုံးပြုပြီး လေကြောင်းကတစ်ဆင့် ထိုးစစ် ဆင် တိုက်ခိုက်နေတာကြောင့် လူပေါင်းများစွာထိခိုက်သေဆုံးနေတဲ့အတွက် စစ်ကောင်စီက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပတဲ့ အဲဒီ ညီလာခံကို Justice for Myanmar အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများစွာက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံဟာ အာဆီယံပဲမို့ လေတပ်စစ်ဦးစီးချုပ် ညီလာခံကို ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူပြီး ကျင်းပခွင့်ရခဲ့ပါတယ်။ အဲဒီညီလာခံကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံက လေတပ်ဦးစီးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ နေပြည်တော်ထိ ရောက်မလာ ပေမဲ့ ရုပ်သံမိန့်ခွန်းပေးပို့ပြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ညီလာခံကို အာဆီယံဒေသတွင်း ဆန့်ကျင် မပါဝင်တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားပဲဖြစ်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို မလိုက်နာသရွေ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ ကိုယ်စားပြုခွင့် ပေးမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထို့အတူ မြန်မာစစ်တပ်က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးမို့ မတက်ရောက်တာဖြစ်တယ်လို့ မလေးရှားလေတပ်ဦးစီးချုပ် ပြောရေး ဆိုခွင့် ရှိသူက ပြောကြားခဲ့ပါတယ်။
မုံရွာထောင်က Hunger Strike
တစ်ပတ်နီးပါးကြာတဲ့ မုံရွာထောင်တွင်းအစာငတ်ခံ ဆန္ဒပြပွဲဟာ စက်တင်ဘာလ ၁၃ ရက်မှာ ထောင်အာဏာပိုင် တွေဘက်က လိုက်လျောမှုကြောင့် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၈ ရက်က အကျဉ်း သား ၁၄ ဦးက စတင်ခဲ့တဲ့ မုံရွာထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲဟာ အကျဉ်းသား ၅၀ နီးပါးထိ ပါဝင်လာခဲ့ပြီး နောက် ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရတာဖြစ်ပါတယ်။ ထောင်တွင်းစစ်ဆေးရေးမှာ သိမ်းဆည်းခံရတဲ့ အကျဉ်းသားပိုင် ပစ္စည်းတွေ ပြန်ပေးဖို့၊ ထောင်ဝင်စာ မကန့်သတ်ဖို့၊ ဆန္ဒပြမှုမှာ ပါဝင်တဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးကို အပြည့်အဝ တာဝန်ယူဖို့ စတဲ့ တောင်းဆိုချက်တွေကို နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုတွေကို ထောင်အာဏာပိုင်တွေဘက်က ညှိနှိုင်းခဲ့ပြီးနောက် စက်တင်ဘာလ ၁၃ ရက်မှာ ပြေလည်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစာငတ်ခံဆန္ဒပြမှုမှာ မုံရွာ ထောင်တွင်း နှစ်ရှည်အကျဉ်းကျခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြမှုကြောင့် စက်တင်ဘာလ ၁၁ ရက်မှာ အကျဉ်းသား လေးဦး မူးဝေလဲကျတာမျိုး ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၂ ရက်ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး လူပေါင်း နှစ်သောင်းနီးပါးကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ၂၀၂၃ ခုနှစ် မေလကစပြီး အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြင်းပြင်း ထန်ထန် ဖိနှိပ်တာ၊ ထောင်ဝင်စာကန့်သတ်တာ၊ အကျဉ်းသားတွေကို အငြိုးထားသတ်ဖြတ်တာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဖမ်းဆီးခံနေရ ဗိုလ်ချုပ်နဲ့ စီးပွားရေးသမားများ
စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထပ်မှာ အာဏာရှင်ကို ဆန့်ကျင်သူတွေချည်းသာ ဖမ်းဆီးခံရတာ မဟုတ်ပါ ဘူး။ ၎င်းရဲ့ ဇာတ်တူသား စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီစီးပွားရေးသမားတွေလည်း မျက်ခုံးတစ်လှုပ်လှုပ်နဲ့ ဖမ်းဆီး စစ် ဆေးခံနေရတာဖြစ်ပါတယ်။ ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ခပ်ချာချာ အာဏာရူးဟာ ယခုတစ်ပတ်ထဲမှာလည်း စစ်ဗိုလ်ချုပ်တချို့နဲ့ စီးပွားရေးသမားတချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ စစ်ဗိုလ်ချုပ်နဲ့ စီးပွားရေးသမား အရေအတွက်ဟာ ရာဂဏန်းနီးပါးရှိပြီး နိုင်ငံခြားငွေကြေး၊ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်း လုပ်ကိုင်ကြသူတွေ၊ အဲဒါနဲ့ ဆက်စပ်သူ စီးပွားရေး လုပ်ငန်းရှင် တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆမတန်မြင့်တက်လာနေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ စက်သုံးဆီ၊ စားသုံးဆီ ဈေးနှုန်း၊ ရွှေဈေးနှုန်းတွေကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ဖို့ လုပ်နေခဲ့ပြီး ကုန်သည်တွေ၊ စီးပွားရေး သမားတွေ၊ လုပ်ငန်းရှင်တွေကို ၎င်းတို့ သတ်မှတ်ကန့်သတ်ပေးထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချဖို့ ဖိအား ပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပလက်တွေ့ဈေးကွက်မှာတော့ စစ်ကောင်စီက ဖိအားပေး သတ်မှတ် ကန့် သတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချတာမျိုး ရှိမနေခဲ့တာမို့ ယင်းနဲ့ဆက်စပ်နေတဲ့ ဗိုလ်ချုပ်တွေ၊ စီးပွားရေး သမားတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေခဲ့ တာဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ဗိုလ်ချုပ်တွေထဲမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွဲ့ထားတဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး စစ်ဗိုလ်ချုပ်လည်းပါဝင်သလို ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းက စက်သုံးဆီလုပ်ငန်းဒေဝါလီခံကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ လုပ်ငန်းရှင်လည်း ပါဝင်တယ်လို့ဆိုပါတယ်။
ဇွတ်တင်ရောင်းခိုင်းပြန်တဲ့ စစ်တပ်ထုတ်ကုန်တွေ
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု၊ လူထုရဲ့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်မှု၊ တိုင်းပြည် အခွန်ဝင်ငွေ ကျဆင်းလာမှု၊ စီးပွားရေးကန့်သတ်ခံရမှုတွေကြောင့် တိုင်းပြည်ဝင်ငွေ အရနည်းလာတဲ့ စစ်ကောင်စီဟာ ၎င်းရဲ့ စီးပွားရေးကို ကျားကန်ပေးထားနိုင်တဲ့ စစ်တပ်ထုတ်ကုန်တွေကို အတင်းအကြပ် ရောင်းချခိုင်းတာတွေ ပြုလုပ်လာခဲ့ပါတယ်။ စစ်တပ်ရဲ့ စီးပွားရေးကို အဓိက ကျားကန်ပေးထားတဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဆေးလိပ်၊ ဘီယာတွေအပြင် Mytel ဖုန်းဆင်းကတ်တွေကိုပါ စူပါမားကတ်တွေအပါအဝင် လက်လီလက်ကား အရောင်းဆိုင်တွေမှာ မဖြစ်မနေ တင်ပြီးရောင်းချဖို့ စက်တင်ဘာလ ၁၀ ရက်ကစပြီး ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လူထုရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင် သပိတ်မှောက်မှု ခံနေရတဲ့ မြန်မာဘီယာ ထုတ်ကုန်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို တင်မရောင်းဘူးဆိုရင် မရောင်းတဲ့ဆိုင် တွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ပြီး အဓမ္မတင် ရောင်းခိုင်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ မြန်မာဘီယာအပြင် ဒဂုံဘီယာ၊ ဒဂုံ အရက်၊ ဒဂုံအချိုရည်၊ Andaman Gold ဘီယာ၊ မန္တလေးဘီယာ၊ မန္တလေးရမ်၊ အာမီရမ်၊ Red Ruby ဆေးလိပ်နဲ့ Premium Gold ဆေးလိပ်တွေကို စျေးကွက် ထဲမှာ ဖြန့်ချိ ရောင်းချနေတာဖြစ်ပါတယ်။
Burma Associated Press