bap-logo
Weekly

ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

KzO-asr0lTXYUy6_U_DX_-image

လွန်ခဲ့သော ၂ နှစ် က

 

အာဏာသိမ်းစစ်ကောင်စီအပေါ်  နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု နောက်ဆက်တွဲအဖြစ် နိုင်ငံခြား ငွေလဲလှယ်နှုန်းနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ အခုတစ်ပတ်ထဲမှာ ကြောက်စရာကောင်းအောင် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းထား ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်ကအစည်းအဝေးခေါ်ယူ သတိပေးပြီးနောက်တစ်နေ့မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေ ထိုးကျသွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ မူလအတိုင်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ကုန်သွယ်မှုအပါအဝင် နိုင်ငံခြားငွေကြေးစီးဆင်းမှု အရေးယူ ပိတ်ဆို့ခံနေရတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားငွေရနိုင်မယ့် နည်းလမ်းပေါင်းစုံကို ကြံစည်နေရပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေလက်ဝယ်ကိုင်ဆောင်ထားပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမယ်လို့ ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ ပြည်တွင်းနေထိုင်သူတစ်ဦးဟာ တရားဝင် နည်းလမ်းနဲ့ ရထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် အဲဒါနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို လက်ခံ ရရှိတဲ့နေ့ကစပြီး ၆ လ အတွင်းသာ ကိုင်ဆောင်ခွင့် ရှိမယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၆ လကျော်တဲ့အထိ အသုံးမပြုရသေးဘူးဆိုရင် လိုင်စင်ရ ငွေလဲလုပ်ငန်းတွေမှာ ဈေးကွက်ပေါက်ဈေးနဲ့လဲလှယ်ဖို့၊ ဒါမှမဟုတ်ရင် ဘဏ်စာရင်းဖွင့် ငွေသွင်းဖို့ ဆောင်ရွက်ရမယ်လို့ သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

၂၀,၀၀၀ တန်တွေ မသုံးနဲ့

 

အခုလ အစပိုင်းက စစ်ကောင်စီက ထုတ်ဝေဖြန့်ချိထားတဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်ကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ အသုံးမပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းတွေအနေနဲ့ အဲဒီငွေစက္ကူသစ်ကို အသုံးပြုမယ်ဆိုပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ (NUG) က ဆိုထားပါတယ်။ စစ်ကောင်စီထုတ်ဝေထားတဲ့  ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်ဟာ တရားမဝင်ငွေစက္ကူဖြစ်တယ်လို့  NUG  ကြားကာလဗဟိုဘဏ်က အခုလ ပထမပတ်ထဲမှာ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါကြောင့် အဲဒီငွေစက္ကူကို လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာ၊ တစ်နည်းနည်းနဲ့လွှဲပြောင်းတာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း (၁၂) ပါ ပြစ်မှုတွေကို ကျူးလွန်ရာ ရောက်တယ်လို့ NUG က ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီလိုထုတ်ပြန်တားမြစ်ရတာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုတွေအတွက်  တားဆီးနှိမ်နင်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း တရားမဝင် ငွေစက္ကူ ကျပ် ၂၀,၀၀၀ တန်တွေကို အသိအမှတ်ပြု လက်ခံသုံးစွဲတဲ့ ဘဏ် တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အထောက်အထားနဲ့တကွ NUG အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟို အဖွဲ့ထံ အသိပေးတိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသူများကို ကန်ပိတ်ဆို့

 

စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ ဝယ်ယူ၊ တင်သွင်း၊ ဖြန့်ချိပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတချို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တစ်ခုကို ဩဂုတ်လ ၂၃ ရက်မှာ ထပ်မံချမှတ်ခဲ့ပါတယ်။ အခုနှစ် အစောပိုင်းကတည်းက ဗြိတန်အစိုးရနဲ့ အမေရိကန်အစိုးရတို့က အရေးယူပိတ်ဆို့မှုချမှတ်ထားပြီးဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီအများစုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းနဲ့ Shoon Energy PTE.LTD ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်းတို့ကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့အရေးယူမှု ပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကတစ်ဆင့် စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ တင်သွင်းဖြန့်ဖြူးပေးနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုထဲမှာ ဒေါ်ခင်ဖြူဝင်းပါဝင်ပတ်သက်နေတဲ့  P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း လေယာဉ်လောင်စာဆီ တင်သွင်းရောင်းချတဲ့ လုပ်ငန်း လုပ်ကိုင်သူတွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်နေတာဖြစ်ပြီး ဒီလို ပိတ်ဆို့အရေးယူမှုတိုးချဲ့လုပ်ဆောင်ရတာဟာ စစ်ကောင်စီကို ပိုမိုဖိအားပေးရာ ရောက်သလို မြန်မာပြည်သူတွေကိုလည်း ကူညီရာရောက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ မက်သရူးမေလာက ပြောဆိုခဲ့ပါ တယ်။

 

ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရတဲ့ အဆိုတော် ဗျူဟာ

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဆိုးရွားရွားကြုံတွေ့လာရတဲ့ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝေဖန်ပြောဆိုမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အဆိုတော်ဗျူဟာကို စစ်ကောင်စီတရားရုံးက ဩဂုတ်လ ၂၃ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ အဆိုတော်ဗျူဟာ ဟာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က လျှပ်စစ်မီးရရှိမှုနဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချိုကျို နားရွက်ပဲ့လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုကြောင့် အခုနှစ်မေလမှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတယ်လို့ဆိုကာ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခဲ့ပေမဲ့ သြဂုတ် ၂၃ ရက် အမိန့်ချမှတ်ရာမှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ပါ ထည့်သွင်း အမိန့်ချခဲ့တာဖြစ်ပါတယ်။ အဆိုတော် ဗျူဟာကို ရန်ကုန်မြို့ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ပြီး အင်းစိန် ထောင်တွင်း စစ်ခုံရုံးကနေ အမိန့်ချခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးသုံးဦး ဒဏ်ရာရ

 

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဖရူဆိုမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ခုကို ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ကလေးသုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဩဂုတ်လ ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဖရူဆိုအခြေစိုက် အမှတ်(၁၄) တန်းမြင့် လေ့ကျင့်ရေးကျောင်းအတွင်းကနေ ဒရုန်းနဲ့အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ရှစ်နှစ်၊ ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ KNDF က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တဲ့ နေရာဟာ အရပ်သားပြည်သူတွေအများစု နေထိုင်ကြတဲ့နေရာဖြစ်ပြီး အဲဒီရက်မတိုင်ခင်ကလည်း ဖရူဆိုမြို့ ရွာသစ်ကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်အတွင်း ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ သြဂုတ်လ ၂ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေကြား  နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

 

မန်းက မျက်စိအထူးကုဆေးခန်းပိုင်ရှင်မိသားစုကို စစ်ကောင်စီဖမ်းဆီး

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမြို့ အောင်မြေသာဇံ မြို့နယ်၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၂၄ လမ်းပေါ်ရှိ တက်နေလင်း မျက်စိအထူးကု ဆေးခန်းပိုင်ရှင် မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေက မျက်စိ အထူးကုဆရာဝန်ကြီးဖြစ်တဲ့ ဦးမြသန်း၊ CDM လုပ်ထားသူ အဝေးသင် တွဲဖက်ပါမောက္ခ ဆရာမ ဒေါ်မြင့်မြတ်ခိုင်၊ ကိုရန်နောင်ထွန်းတို့ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၂၄ လမ်းပေါ်ရှိ တက်နေလင်း မျက်စိအထူးကုဆေးခန်းနဲ့ Asahi ကွန်ဒိုတိုက်ခန်းတို့ကို သြဂုတ်၂၃ ရက် ညနေပိုင်းမှာ ချိတ်ပိတ် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ “တက်နေလင်း မျက်စိ၊ မျက်မှန်ဆိုင် ဖုန်းတွေစစ်လိုက်တာ အကြမ်းဖက် PDF ကို ငွေပါ ထောက်ပံ့တာ စစ်ဆေးတွေ့ရှိတဲ့အတွက် အကြမ်း ဖက်အားပေး PDF ထောက်ပို့ ပြုလုပ်သူများဖြစ်တယ်” ဆိုပြီး ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။

 

Burma Associated Press

 

ဒေါ်လာ
လောင်စာဆီ
အမေရိကန်
ဒဏ်ခတ်ပိတ်ဆို့မှု
အဆိုတော်
ဗျူဟာ
အမိန့်ချ

Share With
bap-logo