Weekly
တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ယခုရက်သတ္တပတ်ကတော့ ဖိနှိပ်ပုန်ကန်မှုတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ ပြည့်နေတဲ့ ရက်သတ္တပတ်လည်း ဖြစ်ခဲ့ပါတယ်။
အာဏာရှင်တွေ ရှိသ၍ တော်လှန်ရေးက ရှိနေဦးမယ်ဆိုတာကို ယခုလမှာ ကျရောက်တဲ့ ရှစ်လေးလုံး ၃၅ နှစ် ခရီးက သက်သေခံနေပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့ တိုက်ဆိုင်နေတဲ့ ရက်သတ္တပတ်ထဲက ထူးခြားသတင်းဖြစ်စဉ်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဦးဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်
စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒုသမ္မတဟောင်း ဦးဟင်နရီ ဗန်ထီးယူကို ပါတီဝင်အဖြစ်က ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLDက ဩဂုတ် ၉ ရက်မှာ ကြေညာပါတယ်။
အဆိုပါအစည်းအဝေးကို တက်ရောက်တာဟာ ပြည်သူကို ဖမ်းဆီးနှိပ်စက်၊ မတရား ထောင်ချ၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းဖြစ်လို့ လက်သင့်မခံနိုင်တဲ့အတွက် အခုလို ထုတ်ပယ်ရခြင်းဖြစ်တယ်လို့လည်း NLDက ဆိုပါတယ်။
ဇူလိုင်လကုန်မှာ ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်း ၆ လထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွေမှာ ဦးဟင်နရီဗန်ထီးယူကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်ပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ NLD ပါတီက တာဝန်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
NLD ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၇၇ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ
မြန်မာ့သမိုင်းမှာ အကြီးဆုံးလူထုအုံကြွမှုတစ်ခုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ၃၅ နှစ်တိုင်သည့်တိုင်ခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်လူထုသပိတ်ရဲ့ “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အနီရောင်ထီးသပိတ်လှုပ်ရှားမှုဟာ လူမှုကွန်ရက်တစ်ခွင်မှာ လူပြောများခဲ့ ပါတယ်။
မနှစ်တုန်းက ရန်ကုန်လူထုသပိတ်ရဲ့ "တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အနက်ရောင်ထီးသပိတ်လှုပ်ရှားမှုဟာလည်း ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ဖော်ပြခံခဲ့ရတဲ့အထိ အာရုံစိုက်မှုရခဲ့ပါတယ်။
လုံခြုံရေးတင်းကြပ်တဲ့ မြို့ပြတွေမှာသာမက စစ်ကိုင်း၊ မကွေး၊ တနင်္သာရီလို စစ်ရေးတင်းမာတဲ့ဒေသတွေမှာလည်း ရှစ်လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု တွေနဲ့အတူ အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ပြင်သစ်၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှား၊ ဗြတိန်နိုင်ငံတို့မှာလည်း ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ရှစ်လေးလုံးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်လျက်ရှိတယ်လို့လည်း ရှစ်လေးလုံးနေ့မှာ ဗြိတိန်နဲ့ အမေရိကန်သံရုံးတို့က ထုတ်ပြန်လာပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းမြေပြို
မြန်မာ-ထိုင်း ကုန်သွယ်မှု အချက်အခြာဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရဲ့ တောနော်ရေတံခွန်အနီးမှာ ဩဂုတ် ၇ ရက်က အနက် ပေ ၃၀ အရှည် ပေ ၂၀၀ ကျော် မြေပြိုမှု ဖြစ်ပွားခဲ့လို့ သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှု အခက်ခဲတွေကို ရင်ဆိုင်နေရ ပါတယ်။
စစ်ကောင်စီကတော့ မြေပြိုကျသွားတဲ့နေရာကို ယာယီဘေလီတံတားနဲ့ တစ်လအတွင်း အစားထိုး ဆောက်သွားမယ်လို့ ပြောထားပါတယ်။
သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် မြင့်တက်ခဲ့ပြီး ရေကြီး နစ်မြုပ် မှုကြောင့် လူဦးရေ ၇,၀၀၀ ခန့် ဘေးလွတ်ရာကို ယာယီ ရွေ့ပြောင်းခဲ့ရပါတယ်။
ဒီတစ်ပတ်အတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ပဲခူး၊ ရခိုင်၊ မြောက်ဦး၊ မွန်၊ ကရင် စတဲ့ ဒေသတွေက ပြည်သူ ထောင်နဲ့ချီ ရေဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ဒေသအများစု မိုးဆက်ကောင်းနိုင်တဲ့အတွက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဘေးကို ဆက်လက်သတိပြုဖို့ NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားပါတယ်။
စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်
စစ်တပ်ပိုင် ကုန်စည်တံဆိပ် ၈ မျိုးရဲ့ ရောင်းအားကို နှစ်လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားစေမယ့် သပိတ်မှောက်ကမ်ပိန်းတစ်ခုကို တော်လှန်ရေး အင်အားစုတွေက သြဂုတ် ၉ ရက်မှာ စတင်ခဲ့ကြပါတယ်။
စစ်တပ်ပိုင် တံဆိပ်တွေဖြစ်တဲ့ မြန်မာဘီယာ၊ Andama အရက်ဘီယာ၊ အချိုရည်၊ ဒဂုံ အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ဖြစ်တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုGSCB က ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းတို့ကလည်း ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်သပိတ်မှောက်ကြဖို့ တိုက်တွန်း ထားကြပါတယ်။
ကျပ်တန်ဖိုးကျပြီး ထိုင်းဘတ်စျေး ထိုးတက်
စစ်ကောင်စီရဲ့ နှစ်သောင်းကျပ်တန် ထုတ်ဝေမှုအပြီးမှာ ကုန်ဈေးနှုန်းတွေ ထိုးတက် လာသလို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ တစ်စစ ထိုးတက်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က ထိုင်း-မြန်မာနယ်စပ်တွေမှာ ထိုင်း တစ်ဘတ်ကို မြန်မာငွေ ၁၀၀ ကျော်စျေးပေါက်နေလို့ နိုင်ငံခြားငွေလဲလှယ်သူတွေက အရောင်းရပ်နားရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
လတ်တလောမှာလည်း စင်ကာပူအခြေစိုက် United Overseas Bank - UOB ဘဏ်က မြန်မာဘဏ်အချို့နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ဘဏ်လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။
ပုံစာ- ယခုနှစ် ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေး၌ တွေ့ရသည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က