bap-logo
Weekly

ဘီအေပီ၏ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

wULQjJrl37Wu2qez7VNHI-image

လွန်ခဲ့သော ၂ နှစ် က

ဝါဆိုလပြည့် အဘိဓမ္မာအခါတော်နေ့ကို အကြောင်းပြုလို့ အကျဉ်းသား၊ အကျဉ်းသူ ၇,၇၀၀ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။ အဲဒီလို လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့အထဲ ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အနက် တချို့ကို လျော့ပေါ့ပေးတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုထဲကနေ ၅ မှုကို အခုလို ပြစ်ဒဏ်သက်သာခွင့် ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိ စုစုပေါင်း ချမှတ်ထားတဲ့ ထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ် ကိုသာ သက်သာခွင့် ပြုခဲ့တာဖြစ်ပါတယ်။ ထို့အတူ သမ္မတဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၂ နှစ်ကနေ ၂ နှစ်ကို သက်သာခွင့် ပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းသက်သာမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီလိုလွတ်ငြိမ်းသက်သာ ထုတ်ပြန်မှုမတိုင်မီ ဇူလိုင်လ ၃၁ ရက်မှာတော့ စစ်ကောင်စီဟာ သူတို့ ကိုယ်တိုင် ကိုင်စွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အ‌ရေးပေါ်ကာလသက်တမ်းကို ၆ လ ထပ်မံ တိုးမြှင့်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ရင် အရေးပေါ်ကာလကို သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးနိုင်တယ်လို့ ဆိုထားပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တာ အခုတစ်ကြိမ်ဆိုရင် လေးကြိမ်ရှိပြီ ဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ခေါ်ယူတယ် ဆိုတဲ့ ယင်း ကာလုံအစည်းအဝေးမှာ တိုင်းပြည်ရဲ့ အခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေ ဖြစ်နေဆဲမို့ အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလုံ အစည်းအဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် NLD အစိုးရလက်ထက်က ဒုတိယသမ္မတ ဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူလည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းတိုးမှုအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Matthew Miller က စစ်ကောင်စီက ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်ကို လျစ်လျူရှုတာဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းကို ဆက်လက်ရှည်လျား စေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

လူသတ်ဘုရားတည်သူလို့ ညွှန်းဆိုခံရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ ၎င်းတည်ထား ကိုးကွယ်တဲ့ မာရဝိဇယကျောက်ဆင်းတုတော် အနေကဇာတင်ဖွင့်ဖွဲ့အခမ်းအနားကို ဩဂုတ်လ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရ ကုသိုလ်တော်ဘုရားတည်ဟန်အတိုင်း ပုံစံတူယူ တည်ဆောက် ထားတဲ့ အဲဒီဆင်းတုတော် ဖွင့်ပွဲအခမ်းအနားကို အာဏာရှင်တို့အကြိုက် ၉ ဂဏန်းနမိတ်နဲ့ တည်ထားပြုလုပ် စီမံခဲ့တာဖြစ်သလို ရဟန်းသံဃာပေါင်း ၉၀၀ ကို ၉ နိုင်ငံကနေ ပင့်ဖိတ်ဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ ဆင်းတုတော်ထုထားတဲ့ ကျောက်တုံးဟာ စစ်အာဏာရှင်ဟောင်း သန်းရွှေက တပ်မတော်ကို လွှဲပြောင်းပေးခဲ့တဲ့ ကျောက်တုံးဖြစ်ပါတယ်။ ဆင်းတု ကျောက်ဖိုးအပါ ဆင်းတုတော်တည်ထားမှု စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ သန်း ၄၀ ထက် မနည်းရှိခဲ့ပါတယ်။ မောင်ဝိတ် အပါအဝင် မြန်မာပြည်ရဲ့ အထင်ကရ ခရိုနီကြီးတွေက ယင်းကျောက်ဆင်းတုတော် တည်ထားကိုးကွယ်မှုအတွက် ကျပ် ၃၈ ဘီလျံကျော် ထည့်ဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဆင်းတုတော်ဖွင့်ပွဲအခမ်းအနား‌မှာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဌ ကျောက်မဲ ဆရာတော် ဟောကြားခဲ့တဲ့ အနုမောဒ နာ ဓမ္မကထာ တရားတော်ဟာ အဓမ္မမှုပေါင်းများစွာကို ကျူးလွန်ထားသူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လက်အုပ်ချီကြည်ညိုမပူဇော်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။  တဆက်တည်း မှာပဲ စစ်ခေါင်းဆောင်ရဲ့မင်းဆရာ သီတဂူဆရာတော်ကြီး ဟောကြားတဲ့ တရားတော်ဟာ ပြည်သူကြား ဝေဖန်စရာဖြစ်ခဲ့ပြီး တရားတော်ထဲထည့်ပြောခဲ့တဲ့ Smiling Buddha ဆိုတဲ့ အသုံးဟာ လူထုကြား လှောင်ရယ်စရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

 

ကျောက်ဆင်းတုတော်ဖွင့်ပွဲအခမ်းအနားအပြီး နောက်တစ်ရက် ဩဂုတ်လ ၂ ရက်မှာတော့ စစ်ကောင်စီဟာ သာသနာရေးဝန်ကြီး အပါအဝင် ဝန်ကြီး တစ်ဒါဇင်ခန့်ကို ဖြုတ်ထုတ်သတ် ပြုလုပ်ခဲ့ပါတယ်။ ဒီလို ဖြုတ်ထုတ်သတ် ပြုလုပ်ခံရတဲ့ဝန်ကြီးတွေထဲမှာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တာဝန်ထမ်းဆောင် ခဲ့တဲ့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးလည်း ပါဝင်ပါတယ်။ ဒါ့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ အလုပ်သမား ဝန်ကြီး၊ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးချုပ်ဟောင်း မောင်ကို၊ ဒေါက်တာ အောင်ကျော်မင်းတို့လည်း ပါဝင်ခဲ့ပါတယ်။  ဝန်ကြီးတွေကို ဖြုတ်ထုတ်သတ်ပြုလုပ်ခဲ့သလို အပြောင်းအလဲအ နေဖြင့်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ် နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုးခန့်အပ်တာ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနေရာ ပြောင်းလဲခန့်အပ်တာ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုတော့ ကာကွယ်ရေး ဝန်ကြီး နေရာအစားထိုးတာ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး အဖြစ် ပြောင်းလဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌတို့ကိုလည်း ရာထူးက ဖယ်ရှားခဲ့ပါတယ်။

 

ဘုရားတည်ကျောင်းဆောက်၊ ဆင်ဖြူရှင်မွေးနေ့အမှတ်တရ ဆိုပြီး စစ်ကောင်စီဟာ ဩဂုတ်လ ၁ ရက်မှာ ငွေကျပ် ၂၀,၀၀၀ တန်သစ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ငွေကျပ် ၂၀,၀၀၀ တန်သစ်ပါ နံပါတ်များအရ ‌ငွေစက္ကူရွက်ရေ ၄ သန်းကျော် ရိုက်နှိပ်ထုတ်ဝေထားတဲ့သဘောရှိတယ်လို့ ငွေကြေး ဆိုင်ရာနားလည်သူတွေက ဆိုခဲ့ကြပါတယ်။ အဆိုပါ ကျပ် ၂၀,၀၀၀ တန်မထွက်မီနဲ့ ထွက်ရှိပြီးနောက်ပိုင်း ဒေါ်လာ၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း၊ စားသုံးဆီ၊ ဆန် အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။ အထူးသဖြင့် ဆန်ဈေးနှုန်းဟာ အဆမတန် မြင့်တက်ခဲ့ပြီး အချို့သောဆန်အရောင်း အဝယ်ဆိုင်တွေ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ထို့အတူ စားသုံးဆီ ဈေးနှုန်းဟာ တစ်ပိဿာ ကျပ်  ,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပြီး အခြေခံပြည်သူတွေအတွက် အခက်အခဲကြုံစေခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန် တစ်ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ ကျပ် ၄,၀၀၀ နီးပါးထိ ဖြစ်ခဲ့ပြီး ရွှေဈေးနှုန်းဟာလည်း ကျပ် ၃၆ သိန်းကျော်ထိ မြင့်တက်ခဲ့ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်နီးပါးကာလအတွင်း ပြည်သူလူထုအနေနဲ့ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ အကျပ်အတည်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

 Burma Associated Press

အောင်ဆန်းစုကြည်
သမ္မတ
နိုင်ငံရေးအကျဉ်းသား
အကျဉ်းသား

Share With
bap-logo