Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်လူအများစု စီးပွားရေးကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ စစ်ကောင်စီက ၂၀၀၀၀ တန် ငွေအမျိုးအစားအသစ်ကို ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ဦးဆောင်ပြီးတည်ထားတဲ့ ဘုရားဆင်းတုတော်ကြီး တည်ဆောက်ပြီးစီးတဲ့ အထိမ်းအမှတ်နဲ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ဆင်ဖြူတော်လို့ စစ်ဗိုလ်ချုပ်တွေကခေါ်ကြတဲ့ ဆင်လေးတကောင်ရဲ့ တနှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက် ငွေကို ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပေမယ့် နောက်ကွယ်က တကယ့် ရည်ရွယ်ချက်ကို မသိရပါဘူး။
စစ်ကောင်စီကလည်း ငွေ ၂၀၀၀၀ တန်ကို ကန့်သတ်ထုတ်မယ်လို့ ပြောပေမယ့် ဘယ်လောက် ပမာဏအထိ ကန့်သတ်ထုတ်မလဲဆိုတာလည်း မပြောထားပါဘူး။
စုတ်ပြဲဟောင်းနွမ်းတဲ့ ငွေတွေကိုလာလဲတဲ့အခါမှ ပမာဏတူအတိုင်း ထုတ်ပေးမှာဖြစ်ပြီး တဦးကို ၃ ရွက် ပဲရမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေလစာထုတ်တဲ့အခါ ရောပြီးပေးဖို့များတယ် ဆိုတဲ့ စဉ်းစား ချက်တွေလည်း လူတွေကြားမှာရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ထဲမှာ ငွေအတော်လေးနည်းလာတဲ့အတွက် ငွေအသစ်ရိုက်ထုတ်ခြင်း ဖြစ်တယ်လို့ စီးပွားရေးသမားတွေက ခန့်မှန်းထားကြပြီး ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ကျဆင်းနေတဲ့ စီးပွားရေး ငွေကြေးဖောင်းပွမှုပိုတိုးလာပြီး ကုန်စျေးနှုန်းတွေတက်လာမယ်လို့လည်း ပြောဆိုဝေဖန်ထားကြပါတယ်။
ငွေ ၂၀၀၀၀ တန်ထွက်မယ်လို့ ကြေညာပြီး ရက်ပိုင်းလေးအတွင်းမှာပဲ အခြေခံစားသောက်ကုန်ကအစ အိမ်ခြံမြေ ရွှေ ဒေါ်လာအားလုံးအနည်းနဲ့အများ စျေးတက်ကုန်တဲ့အတွက် ဝေဖန်မှုတွေက မှန်တယ်လို့ ဆိုနိုင်ပါတယ်။
ယခုတပတ်အတွင်း ရွှေဟာ တကျပ်သားကို ၃၆ သိန်းပမာဏအထိရောက်ခဲ့ပြီး ဒေါ်လာကလည်း မှောင်ခို စျေးကွက်အတွင်းမှာ တစ်ဒေါ်လာကို ၃၃၀၀-၃၆၀၀ ပတ်ဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ပြီးတော့ လက်ထဲမှာ ထားထားတဲ့ မြန်မာငွေတွေတန်ဖိုးပိုကျလာမှာကို စိုးရိမ်တဲ့သူတွေကလည်း တိုက်ခန်း ကွန်ဒိုတွေကို အပြေးအလွှားဝယ်နေကြတယ်လို့ ကြားသိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ ငွေ ၂၀၀၀၀ တန်က တရားမဝင်ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
တဖက်မှာလည်း အွန်လိုင်းကနေ စျေးရောင်းတဲ့သူတွေ မှတ်ပုံတင်ကြဖို့နဲ့ စျေးရောင်းရင်လည်း နိုင်ငံရေး အကြောင်းမပြောဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ပိတ်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက် ၆လအတွင်း မှတ်ပုံမတင်ဘဲ ကြေညာချက်ကို ဖောက်ဖျက်ကျုးလွန်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ ထောင်ဒဏ်သုံးနှစ်အထိချပြီး ငွေဒဏ်လည်း ရိုက်မယ်လို့ ပြောပါတယ်။
ရပ်ကျေးထောက်ခံစာအပါအဝင် လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံနဲ့ မှတ်ပုံတင်လျှောက်ထားပြီး ရင်တော့ ရောင်းချခွင့်လက်မှတ်ပေးမယ်လို့လည်း ဆိုပါတယ်။ အွန်လိုင်းကနေ စျေးရောင်းသူတွေ ကတော့ ထုတ်ပြန်ချက် ကြောင့် ကုန်ကျစရိတ်ပိုကုန်ပြီး အလုပ်လည်း ပိုများလာမှာဖြစ်တဲ့အတွက် ခေါင်းခဲနေကြတယ်လို့ သိရပါတယ်။
အဲဒီတနင်္ဂနွေနေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့ခြင်း တနှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ငွေ ၂၀၀၀၀ အသစ် ထုတ်မယ့် သတင်းတွေကို ကိုဂျင်မီတို့ရဲ့ နှစ်ပတ်လည်အကြောင်း သတင်းတွေက အပြည့်အ၀ မဖုံးလွှမ်းနိုင်ခဲ့ပါဘူး။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ရဲ့ နှစ်ပတ်လည်နဲ့ သူတို့ရဲ့ စွန့်လွှတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆုတောင်းပွဲတွေ၊ တွေ့ဆုံပွဲတွေနဲ့ ကဗျာရွတ်ပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအကြီးအကဲကလည်း ကိုဂျင်မီအပါအဝင် လေးဦးရဲ့ နှစ်ပတ်လည် နေ့အတွက် အမှတ်တရစကားကို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တွေကြောင့် ကျဆုံးခဲ့ကြရတဲ့ လူပေါင်း ၃၈၀၀ ကျော်အတွက် ပူဆွေးမှုဖြစ်ရတယ်လို့ ဆိုပါတယ်။
ဥရောပပါလီမန်ကလည်း စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို အမှတ်ရနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင် ထဲကနေပြီး နေအိမ်အကျယ်ချုပ်ကို ပြောင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီအကြောင်း ကို စစ်ကောင်စီက လာမယ့် သတင်းပတ်ထဲမှာ ကြေညာလိမ့်မယ်လို့လည်း သတင်းတွေက ရေးသားကြပါတယ်။
နေပြည်တော်မှာတည်ထားတဲ့ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲကို ဩဂုတ် ၁ ရက် ကျရင် ပြုလုပ်မှာဖြစ်ပြီး အဲဒီအခမ်းအနားအထိမ်းအမှတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းတာအပါအဝင် အကျဉ်းသားတွေရဲ့ ပြစ်ဒဏ် ဖြေလျှော့မှုတွေကို စစ်ကောင်စီက ကြေညာ သွားလိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်ကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်တည်း သီးသန့် တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြောခဲ့ပြီး နှစ်ပတ်နီးပါးအကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ပတ်သက်တဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေအနားယူအောင် NLD ထိပ်ပိုင်းခေါင်းဆောင်ကို တိုက်တွန်းခိုင်းခဲ့တဲ့ သဘ၀တရားရိပ်သာဆရာတော် အမေရိကန်ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြခံရတာ ကလည်း ဒီတပတ်မှာ စိတ်ဝင်စားစရာသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရှိဖို့လိုတယ်လို့ အမေရိကန်မှာ လှည့်လည်တရားဟောနေတဲ့ ဆရာတော် ဦးဥတ္တမ သာရက ကယ်လီဖိုးနီယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့အနီးက ဆွမ်းလောင်းလှူပွဲတခုကို ရောက်လာတဲ့အချိန်မှာ မြန်မာ ၆၀ ကျော်ရဲ့ ဆန္ဒပြခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ RFA သတင်းဌာနက ရေးသားထားပါတယ်။
ဆရာတော်ဟာ သူစီးလာတဲ့ကားပေါ်ကနေမဆင်းဘဲ တစ်နာရီခွဲနီးပါးကြာအောင် ထိုင်ပြီးနောက် လှည့်ပြန် သွားခဲ့ရတယ်လို့လည်း သိရပါတယ်။
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က