bap-logo
Weekly

ဘီအေပီရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

bnjCyg-VimLh9Ux6z__JS-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၅။

ကာလတို့ ရွေ့လျားလာလေ အကျပ်အတည်းပိုမိုဆိုက်လာလေဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ယခု တစ်ပတ် အတွင်းမှာ နွေဦးတော်လှန်ရေးနဲ့ လူထုရဲ့ နိုင်ငံရေး ရေချိန်ကို ကမောက်ကမ ဖြစ်စေအောင် ဖန်တီးမှု၊ ထုတ်ပြန်မှုတွေ ကြံစည်လာပါတယ်။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ တိုက်ဆိုင်စွာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်မှုပါပဲ။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ သူ့အနေနဲ့ နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အစောပိုင်းမှာ ‘တွေ့ဆုံခဲ့ တယ်၊ မတွေ့ဆုံခဲ့ဘူး’ အငြင်းပွားမှုတွေရှိခဲ့ပေမဲ့ ဇူလိုင် ၁၃ ရက်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။ တွေ့ဆုံမှုဟာ တစ်နာရီခွဲနီးပါးကြာ နှစ်ယောက်ချင်းတွေ့ဆုံမှုဖြစ်ပြီး ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို မသိရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံ ဆွေးနွေးမှုကို လိုလားတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ ဒါက စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကို ဇူလိုင်လ ၉ ရက်မှာ  တိတ်တဆိတ် လာရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ စစ်တပ်အာဏာ သိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ ပထမဆုံး နိုင်ငံတကာ သံတမန်တစ်ဦးပါပဲ။

 

၆ လတစ်ကြိမ်နဲ့ ထပ်မံသက်တမ်းတိုးထားတဲ့ အရေးပေါ်ကာလ ကုန်ဆုံးကာနီးလာချိန်မှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ်ရေး လိုအပ်နေသေးတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလအဖြစ် သက်တမ်းတိုးခဲ့တာ လေးကြိမ်မြောက်ရှိခဲ့ပြီး လက်ရှိသက်တမ်းဟာ ဇူလိုင်လကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ကုန်ဆုံးခါနီးဖြစ်တဲ့ အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးနိုင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က အခုလို လေသံပစ် ထုတ်ဖော်ပြောလာခဲ့တာဖြစ်ပြီး အကြမ်းဖက်ဖြစ်စဉ်တွေ လျော့သွားတယ် ဆိုပေမဲ့ ဆက်လက်ဖြစ်ပွားနေဆဲမို့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုလာတာဖြစ်ပါတယ်။ အရေးပေါ်ကာလ လုပ်ငန်းစဉ် ငါးရပ်ထဲက နံပါတ်တစ်ဖြစ်တဲ့ "တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး" ကို အကောင်အထည်ဖော်ပြီးမှသာ "ရွေးကောက်ပွဲပြန်လည်ကျင်းပရေး" ကို ဆောင်ရွက်နိုင်မယ်လို့ စစ်ခေါင်းဆောင်က ဆိုလာတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံထား ရတဲ့  နိုင်ငံ‌ရေး အကျဉ်းသားတချို့ လွတ်ရက်စေ့ပေမဲ့ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ သတင်း ပျောက်ဆုံးတာတွေ ရှိနေခဲ့ပါတယ်။ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် ဟာ ဇွန်လကုန်ထဲက ထောင်လွတ်ရက် စေ့ခဲ့ပေမဲ့ လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ သတင်းပျောက်ဆုံးနေတယ်လို့ ဇွန်လ ၁၃ ရက်မှာ သူ့မိသားစုက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ သထုံမြို့က ဈေးမသွယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ကိုသက်နှင်းအောင်ဟာ အကျဉ်းထောင် အတွင်းမှာလည်း မရှိသလို ဘယ်ကိုရောက်နေတယ်ဆိုတာကို စုံစမ်းမရဘူးလို့ သူ့မိ သားစုက ပြောဆိုခဲ့ပါတယ်။ ကိုသက်နှင်းအောင်က စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကို ထွက်ပြေး တိမ်းရှောင်ရင်း ၂၀၂၁ ခုနှစ် ဇွန်လမှာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံရပြီး  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်အပြင် ငွေဒဏ် ကျပ်နှစ်သောင်းပါ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ယခုနှစ် ဇွန်လကုန်ပိုင်းမှာ လွတ်ရက်စေ့ ပြန်လွတ်ရမှာ ဖြစ်ပေမဲ့ သတင်းအစအန ပျောက်နေခဲ့တာပါ။ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကိုသက်နှင်း အောင်ကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ထုတ်ပြန် တောင်းဆိုထားခဲ့ပါတယ်။

  

နိုင်ငံခြားငွေလဲလှယ်ခွင့်ရကုမ္ပဏီ ၁၀ ခုကို  စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်မှာ လိုင်စင်ရုတ်သိမ်း​လိုက်ပါ​တယ်။ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် လိုင်စင် ရုတ်သိမ်းလိုက်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့တာပါ။  ဒါပေမဲ့  ဘယ်လိုအမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားခဲ့ပါဘူး။ ခုလို လိုင်စင်ရုတ်သိမ်းမှုကို ဗဟိုဘဏ် အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လိုင်စင်ရုတ် သိမ်းခံရတဲ့ ကုမ္ပဏီတွေ ကတော့ Kannan Trading Co, Ltd Net Change Co, LtdThira Aung Si Trading Co , LtdRiverwood Group Co, LtdGlobal Myanmar Services Co, LtdD-Gold Trading Co, LtdAurum Image Co, LtdHi Welcome Travel @ Tours Co, Ltd Sweeties Pearls Co, LtdChase Travels & Tours Co, Ltd တွေပဲ ဖြစ်ပါတယ်။ ယခုနှစ် မတ်လကလည်း ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိဘူးဆိုပြီး  Money Changer ကုမ္ပဏီ ၂၀ ရဲ့ လုပ်ငန်း လိုင်စင်တွေ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရုတ်သိမ်းခဲ့ပါတယ်။

 

ဇွန်လကုန်ပိုင်းကစပြီး ဖြစ်ပွားလာတဲ့ ပြင်းထန်ရာသီတုပ်ကွေးကြောင့် ရန်ကုန်မြို့ထဲက ကျောင်း တချို့ အခုတစ်ပတ်ထဲမှာ ပိတ်ထားရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်ပွားမှု ပိုမိုများပြားပြီး ဆေးရုံ၊ ဆေးခန်း လာရောက်ပြသကုသမှု များပြားနေတာကြောင့် အခုလို ကျောင်း တချို့ကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ ကလေး ဆေးရုံတွေမှာလည်း လာရောက်ပြသကြတဲ့ ကလေးငယ် ရာချီရှိနေခဲ့ပြီး ဖျားနာ၊ ချောင်းဆိုး ဝေဒနာကို ခံစားရသူတွေ များနေခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဖျားနာတဲ့ကလေးငယ်တစ်ဦး အဆုတ် သွေးခဲပြီး သေဆုံးတယ် ဆိုတဲ့ သတင်းကြောင့် တချို့သော မိဘတွေက ကလေးတွေကို ကျောင်းမပို့ကြတော့ဘဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD အစိုးရလက်ထက်တုန်းက ရဟတ်ယာဉ်တစ်စီး ငှားရမ်း ဝယ်ယူခွင့်ပြုခဲ့ရာမှာ အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ အဂတိမှုငါးမှုအတွက် အယူခံတွေကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဇွန်လ ၁၂  ရက်က  လက်ခံကြားနာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အပြစ်ရှိတယ်ဆိုပြီး အထူးတရားရုံးက အဂတိမှု ငါးမှု အတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တဲ့အပေါ်  အယူခံဝင်တာဖြစ်ပြီး အယူခံတရားခွင်ကို သူတို့ နှစ် ဦးလုံး တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ကိုယ်စား ရှေ့နေ တွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံလျှောက်လဲမှု ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

 

Burma Associated Press

မင်းအောင်လှိုင်
အောင်ဆန်းစုကြည်
ဗဟိုဘဏ်
သမ္မတ

Share With
bap-logo