Weekly
ဘီအေပီ တပတ်တာ သတင်းကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
နှိုင်းစရာမဟုတ်ပေမယ့် နှစ်ပတ်ပဲ ခြားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ရဲ့ မွေးနေ့တွေအပေါ် ပြည်သူတွေရဲ့ မတူညီ ခြားနားတဲ့ တုံ့ပြန်ပုံတွေကို ယခုတပတ်အတွင်း မြင်တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ၆၇ နှစ်ပြည့်သွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ သူ့ကို လူတွေက ဆဲတာ၊ ကျိန်စာတိုက်တာတွေနဲ့ သူ့ဓါတ်ပုံတွေကို ခြေထောက်နဲ့နင်းတာကစလို့ ထမီကို အလံလွှင့်ပြီး ဆန္ဒပြတာအဆုံး မချစ်မနှစ်သက်မှုတွေကိုဖော်ပြတဲ့လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့တုန်းကတော့ လူတွေ အမြတ်တနိုးတန်ဖိုးထားတဲ့ ပန်းတွေကို ခေါင်းပေါ်မှာပန်ပြီး ချစ်ခင်နှစ်သက်မှုကို ဖော်ညွှန်းခဲ့ကြပါတယ်။
စစ်တပ်ကတော့ ပန်းပန်တဲ့သူတွေနဲ့ ပန်းသည်ရာချီကို ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့ အမှုများကို တရားလွှတ်တော်ချုပ်ကြားနာ
ဗုဒ္ဓဟူးနေ့မှာလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကျဉ်းချခံထားရတဲ့ သမ္မတနဲ့ အတိုင်ပင်ခံ တို့ကို အမိန့်ချထားတဲ့ အမှုတွေထဲကတချို့ကို နှစ်ဖက်ကြားနာမှုတွေပြုလုပ်ခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချမှတ်ထားတဲ့ ထောင်ဒဏ်များနဲ့ ပြစ်ဒဏ်များကို ပြောင်းလဲဖို့ အယူခံနဲ့ ပြင်ဆင်မှုတွေ တင်ထားတဲ့အနက်က ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီးတရားစွဲခဲ့တဲ့ ပုဒ်မ ၁၃၀(က) အမှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ အမှုတွေကို ကြားနာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်မှာ တရားရုံးက အမှုနှစ်မှုလုံးအတွက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှုနဲ့ တရားစွဲထောင်ချခံရတဲ့အမှုမှာ အမှုတွဲတွေဖြစ်တဲ့ ရှောင်တာနယ်နဲ့ အခြားသုံးဦး ပြန်လွတ်သွားပြီဖြစ်လို့ အဆိုပါ အမှုမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ကျန်ပါတော့တယ်။
နှစ်ဖက်လျှောက်လဲချက်အတွက် အမိန့်ကိုတော့ လာမယ့်လပိုင်းတွေမှာ ပြုလုပ်မယ့် ရုံးချိန်ကြမှပဲ သိရမယ်လို့ အမှုအကြောင်း သိထားသူတွေကဆိုပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် အရှေ့တီမောနိုင်ငံ အစိုးရသစ်ကျမ်းသစ္စာကျန်ဆိုပွဲတက်
စနေနေ့တုန်းက ကျင်းပခဲ့တဲ့ အရှေ့တီမောလက်စ်နိုင်ငံရဲ့ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် ဖိတ်ကြားခံရလို့ တက်ရောက်ခဲ့ပြီး တနင်္လာနေ့မှာလည်း နိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရှေ့တီမော နိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွပ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့ လျှောက်ထားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆီယံက ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ စောင့်ကြည့်သူအဖြစ် တက်ရောက်လျက်ရှိပါတယ်။
အရှေ့တီမောသမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့ဟာ နှစ်ဖက်နိုင်ငံအကြောင်း မြန်မာ့တော်လှန်ရေးအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရသိရပြီး သူတို့နှစ်ဦး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားနဲ့ လက်ဆောင်တွေ အပြန်အလှန် လဲလှယ်နေတဲ့ ဓါတ်ပုံတွေလည်း အွန်လိုင်းပေါ်တက်လာခဲ့ပါတယ်။
ဒါက နိုင်ငံတကာစာမျက်နှာမှာ နာမည်ကောင်းရဖို့ အသည်းအသန်ကြိုးစားနေရတဲ့ စစ်ကောင်စီကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက ခေါ်တွေ့ပြီး အထက်ပါကိစ္စတွေအပေါ်မှာ ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။
KIA ဌာနချုပ်အနီး တိုက်ပွဲဖြစ်
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ ဌာနချုပ်ရှိတဲ့နေရာနဲ့ ခြောက်မိုင်လောက်ပဲ ဝေးတဲ့ နမ့်ဆန်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တို့ တနင်္လာနေ့မနက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
KIA ဌာနချုပ် လိုင်ဇာမြို့ကို သွားတဲ့ လမ်းပေါ်က ရွာမှာဖြစ်ပွားတဲ့တိုက်ပွဲဟာ စစ်တပ်ဘက်က အင်အားတိုးမှုတွေလုပ်ပြီးနောက်ပိုင်းဖြစ်လာတာလို့ ကေအိုင်အေဘက်က ပြောထားပါတယ်။
ဝိုင်းမော်မြို့အတွင်းမှာရှိတဲ့ နမ့်ဆန်ယန်ကျေးရွာဟာ ကချင်စစ်ပွဲ စစ်ရှောင်တွေနေထိုင်ရာ နေရာ တစ်ခုဖြစ်ပြီး ရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရာကျော်ဟာ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြန်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်နေသူအားလုံးနဲ့ လက်တွဲမယ်လို့ KNU ပြော
တဖက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ရွေးချယ်ခံ ဥက္ကဌသစ် ပဒိုစောကွယ်ထူးဝင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေသူအားလုံးနဲ့ လက်တွဲပူးပေါင်းမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး တပ်မတော်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူကို ရန်သူလိုသဘောထားပြီး ရပ်ရွာဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံ တွေကို လက်နက်ကြီးတွေနဲ့ပစ်တာ လေယာဉ်နဲ့ဗုံးကြဲတာတွေလုပ်နေပြီး KNU တပ်မတော်အနေနဲ့ ကရင်အမျိုးသားနဲ့ ပြည်သူတရပ်လုံးရဲ့ အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးခြင်းကနေ ကာကွယ်ပေးရ မယ်လို့ စောကွယ်ထူးဝင်းက ဆိုပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေဟာ အရင်နဲ့လုံး၀မတူ တမူထူးခြားနေပြီးတော့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိသလို မိမိတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် အခွင့်အလမ်းကောင်း အများကြီး ရှိနေတဲ့ အချိန်လည်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
စစ်ကောင်စီက ဘားနဲ့စားသောက်ဆိုင်တွေအပေါ် ကန့်သတ်မှုများပြုလုပ်
စစ်ကောင်စီဟာ ဘားနဲ့စားသောက်ဆိုင်တွေကိုလည်း ယခုတပတ်မှာ အလွတ်မပေးခဲ့ပါဘူး။ ပြည်တွင်း သတင်းဌာနတွေရဲ့ အဆိုအရ ယခုတပတ်အတွင်းမှာပဲ ရန်ကုန်နဲ့ နေပြည်တော်က KTV တွေ၊ ကိုယ်ပိုင် တီးဝိုင်းတွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ စားသောက်ဆိုင်တွေအနေနဲ့ တီးဝိုင်းနဲ့ ဖျော်ဖြေခြင်းကို ရပ်ဖို့နဲ့ ဆိုင်တွေပိတ်ဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ တီးဝိုင်းအဖွဲ့ဝင်တွေအနေနဲ့ ဖျော်ဖြေချင်တယ်ဆိုရင် ဂီတအစည်းအရုံးမှာ အသင်းဝင်အဖြစ် လျှောက်ထားရမှာဖြစ်ပြီး စားသောက်ဆိုင်တွေအနေနဲ့လည်း တီးဝိုင်းထည့်ဖို့ လိုင်စင် ထပ်လျှောက်ရမယ်လို့ သတင်းထွက်နေတယ်ဆိုပြီး ဘီဘီစီက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးတော့ နိုက်ကလပ်တွေကိုလည်း ည ၁၂ နာရီထက်ကျော်လွန်ပြီး မဖွင့်ကြဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။ စစ်ကောင်စီက ဘာကြောင့်ခုလို ညွှန်ကြားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ညွှန်ကြားချက်တွေထွက်လာပြီး ရက်အနည်းငယ်အကြာမှာတော့ လူငယ်ဂီတပညာရှင်တွေ အသင်းဝင် အဖြစ် လာရောက်လျှောက်ထားမှုတွေလုပ်နေကြတယ်လို့ ဂီတအစည်းအရုံးက ထုတ်ပြန်နေတာကို တွေ့ရပါတယ်။
စစ်တပ်က ရေနံနဲ့သဘာ၀ဓါတ်ငွေ့ ဌာနရုံးကို ဝင်စီး
စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ကြာသပတေးနေ့က နေပြည်တော်မှာရှိတဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ လုပ်ငန်းရုံး MOGE ကို ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတွေကို ထိန်းသိမ်းခဲ့တယ်လို့ သတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
MOGE ဟာစစ်တပ်က အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခဲ့တဲ့ လုပ်ငန်းဌာနဖြစ်ပြီး စစ်တပ်ဟာ သူ့ကိုအများဆုံးပိုက်ဆံရှာပေးနေတဲ့ ဌာနကို ပြန်လည် စီးနင်းတဲ့ ယခုနှစ်ရဲ့ ပထမဆုံးဖြစ်စဉ် လို့လည်းပြောလို့ရပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ထုတ်လို့မရတော့တဲ့ ဒေါ်လာငွေသန်းပေါင်းများစွာကို ပြန်ထုတ်နိုင်ဖို့ စစ်တပ်က ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာအပြီးမှာ ခုလိုစီးနင်းမှုတွေ ဖြစ်ခဲ့တာပါ။
စီးနင်းမှုမှာ အရာရှိအပါအဝင် ဝန်ထမ်းပေါင်း အနည်းဆုံး ၂၀ ကျော်ခန့် ထိန်းသိမ်းခံခဲ့ရပြီး ရက်ဆက်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က