Weekly
ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ဇူလိုင် ၂၂။
စံချိန်တင်ခဲ့တဲ့ မော်လမြိုင်က ဇူလိုင်မိုး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁၇ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်လှစ်ရတဲ့အထိ ရေဘေးဒုက္ခကြုံခဲ့ကြပါတယ်။
ဇူလိုင် ၁၇၊ ၁၈၊ ၁၉ ရက်ထိ မိုးကြီးခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက် ခြောက်ခု ရေနစ်မြုပ်ပြီး သုံးရက် အကြာမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ခဲ့ရတာ ဖြစ်ပါတယ်။
ရေကြီးတဲ့ ဖြစ်စဉ်ကြောင့် ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာပဲ ကလေးငယ် သုံးဦး ရေနစ်သေဆုံးခဲ့ပါတယ်။ တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေး နှစ်ဦးတို့ သေဆုံးခဲ့တာပါ။
မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ရှိလာပြီ
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ပေါင်း ၁ ဒသမ ၉ သန်းနီးပါး ရှိလာပြီလို့ UNOCHA- Myanmar က ဆိုပါတယ်။
ဒီနှစ် ဧပြီလထဲမှာပဲ မြန်မာက နေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိတယ်လို့ ကုလက ထုတ်ပြန် ထားတာ ဖြစ်ပြီး ၃ လနီးပါးအကြာမှာ ၁ ဒသမ ၉ သန်းနီးပါးအထိ တိုးလာတာ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာရသူ ၁ ဒသမ ၉ သန်းထဲက ၁ ဒသမ ၆ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာနေရတာလို့ UNOCHA- Myanmar က ထုတ်ပြန်ပါတယ်။
ဆန်လိုအပ်နေတဲ့ ကရင်နီ စစ်ရှောင် ၇၀ ရာခိုင်နှုန်း
ကယား(ကရင်နီ)က စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ပြတ်လပ်မှုတွေကို ကြုံနေရပြီး စစ်ဘေးရှောင် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ဆန်လိုအပ်နေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၈ ရက်က BAP ကို ပြောပါတယ်။
လက်ရှိကရင်နီမှာ စစ်ဘေးရှောင်စုစုပေါင်း ၂ သိန်း ၇ သောင်းနီးပါးရှိနေပြီး အဲထဲက ၇၀ ရာခိုင်နှုန်း (နှစ်သိန်းနီးပါး) က ဆန်လိုအပ်နေတာ ဖြစ်ပါတယ်။
ဆန်အဓိက လိုအပ်တဲ့ လူတွေစာရင်းကိုသာ ကောက်ပြီး ဝေမျှရတဲ့အခြေအနေ ရောက်နေတဲ့အပြင် ကရင်နီက စစ်ဘေးရှောင်စခန်းတွေဆီကို ၅၊ ၆ လလောက် အလှူရှင်မရောက်တာ ရှိလို့ ရှိတဲ့ ငွေကြေးနဲ့ပဲ ဖြေရှင်းနေရတဲ့ အနေအထားတွေရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးတဲ့ ကရင်နီစစ်ရှောင် ၉ ထောင်ကျော် ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အာဇာနည်နေ့
ပြီးခဲ့တဲ့ ဗုဓ္ဒဟူးနေ့ (ဇူလိုင် ၁၉) ရက်ဟာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ကိုးဦးရဲ့ ကျဆုံးခြင်း ၇၆ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြုခွင့် မရခဲ့ပြန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဂါရဝပြုခွင့်မရတာ သုံးနှစ်ရှိနေပါပြီ။
အဲဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးအပြင် စစ်ကောင်စီဘက်က ဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ယင်းမာပင် အစရှိတဲ့ ဒေသက ပြည်သူတွေဟာ "အာဇာနည်မျိုး သေရိုးမရှိ" ၊ “အာဇာနည် ကိုးဦးမက” စတဲ့စာတမ်းတွေအပြင် ကြွေးကြော်သံအမျိုးမျိုးနဲ့ အာဏာရှင်ကို အလိုမရှိ ကြောင်း ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေကလည်း အာဇာနည်နေ့ အလေးပြုအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
အမေရိကန်သံရုံးရဲ့ အကြီးအကဲအသစ်
အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံ တကာရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်က ရှေ့ဆုံးက ပါဝင်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ အကြီးအကဲအသစ်က ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
အမေရိကန်သံရုံးရဲ့ အကြီးအကဲအသစ် မစ္စဆူဆန်စတီဗင်ဆင်က NUG၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အဖြေရှာနေသူတွေ အားလုံးပါဝင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံနေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ သံတမန်အဆင့် လျှော့ချပြီး ကန်သံအမတ် အသစ် ထပ်မပို့တော့ဘဲ သံရုံးရဲ့ ဒုတိယအကြီးအကဲကို ယာယီတာဝန်ခံအဖြစ် တာဝန်ပေးထားရာကနေ နှစ်ဝက် အကြာမှာ အခုလို သံအမတ်အသစ် ခန့်အပ်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း အကြိမ် ၂၀ နီးပါး လုပ်ဆောင်ခဲ့ပြီး စစ်တပ်ရဲ့ အကြီးမားဆုံး ဘဏ္ဍာရေးအဖွဲ့အစည်း ၂ ခု အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။
ပျောက်ဆုံးနေတဲ့ နိုင်ကျဉ်းတွေရဲ့ သေဆုံးကြောင်း အကြောင်းကြားစာ
ကျိုက်ဇကောထောင်က ပျောက်ဆုံးနေတဲ့ အကျဉ်းသား ၃၇ ဦးထဲက ၈ ဦးအထိ သေဆုံးကြောင်း အကြောင်း ကြားစာတွေ မိသားစုတွေဆီကို တစ်ရက်ချင်း ရောက်လာနေတာကို သိရှိရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ မြို့ရွာတွေမှာ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှု၊ အကျဉ်း ထောင်တွင်း သတ်ဖြတ်မှုတွေဟာ အခုရက်ပိုင်းအတွင်းမှာ ပိုမိုများပြားလာနေတယ်လို့ AAPPက ပြောပါတယ်။
AAPP ရဲ့ ဇူလိုင် ၂၀ ရက်ထိ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ ကျဆုံးသူပေါင်း ၃,၈၁၃ ဦးအထိ ရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံရသူပေါင်း ၂၃,၉၇၇ ဦးအထိ ရှိနေပါတယ်။
စစ်ကောင်စီကို ဘင်းမ်စတက်အစည်းအဝေး ဖိတ်တဲ့ ထိုင်း
ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ဒေသတွင်း ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေး ဘင်းမ်စတက် (BIMSTEC) ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားမှုနဲ့ စစ်ကောင်စီ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၁ ရက်ကနေ ၁၃ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီ ဖိတ်ကြားမခံခဲ့ရပါဘူး။
ဘင်းမ်စတက် (BIMSTEC)အစည်းအဝေးကို ဇူလိုင် ၁၇ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာက ဝန်ကြီးတွေအပြင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ တန်ဇင်လက်ခ်ဖဲလ်လည်း တက်ရောက်ခဲ့ပါတယ်။
တိုင်းနဲ့ ပြည်နယ် ၈ ခုကို ဗြိတိန် ခရီးသွားခွင့် ပိတ်
ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အခြေအနေတွေကြောင့် တိုင်း နှစ်တိုင်းနဲ့ ပြည်နယ် ၆ ခုကို ခရီးသွားလာတာတွေ တားမြစ်ပိတ်ပင်ကြောင်း ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်တို့က ခရီးသွားခွင့် တားမြစ်ခံရတာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံရဲ အခြေအနေဟာ ကြိုတင်ခန့်မှန်းထားလို့မရတဲ့အပြင် ကြိုတင်ကြေညာခြင်းမရှိဘဲ အပြောင်းအလဲ တွေ ဖြစ်တတ်ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနဲ့ ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
အီးယူရဲ့ သတ္တမအကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု
ဥရောပသမဂ္ဂဟာ မြန်မာစစ်အုပ်စုအတွက် သတ္တမအကြိမ်မြောက် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကို ဇူလိုင် ၂၀ ရက်မှာ ချမှတ်လာခဲ့ပါတယ်။
လူပုဂ္ဂိုလ်အနေနဲ့ အရပ်သားစစ်ကောင်စီဝင် နှစ်ဦး၊ ဝန်ကြီး သုံးဦးနဲ့ စစ်ထောက်ချုပ်တို့ ပါဝင်ပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းလည်း ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာပါတယ်။
အခုတစ်ကြိမ်နဲ့ဆိုရင် ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
ပုံစာ- ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့် အစည်းအဝေးအား တက်ခဲ့သည့် ဦးသန်းဆွေ
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က