Weekly
ဘီအေပီ တစ်ပတ်တာ သတင်းကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဟော့အဖြစ်ခဲ့ဆုံးသတင်းကတော့ မြ၀တီကခရိုင်ရဲရုံး ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ ရတဲ့ သတင်းပါ။
ကရင်လက်နက်ကိုင်တပ်ဖွဲ့၊ PDF တပ်ဖွဲ့တွေနဲ့ အတူ စစ်ဆင်ရေးမှာ လက်တွဲပါဝင်နေတဲ့ Federal Wings က မြ၀တီမြို့အတွင်းက ခရိုင်ရဲရုံးကို တနင်္ဂနွေနေ့ညမှာ ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာမှာ ယာယီတပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ယာဉ်ထိန်းရဲအုပ်တစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး တစ်ဒါဇင်လောက် ဒဏ်ရာတွေရသွားခဲ့ပါတယ်။
ပထမတစ်ကြိမ် ဗုံးချတိုက်ခိုက်ခံရလို့ဖြစ်သွားတဲ့ အပျက်အစီးတွေကို စစ်ဆေးနေတုန်းမှာပဲ ဒုတိယဗုံးချ တိုက်ခိုက် ခံခဲ့ရလို့ သေဆုံးဒဏ်ရာရမှုတွေဖြစ်ပေါ်ခဲ့တာပါ။
ဒဏ်ရာရသူတွေထဲက ခရိုင်ရဲမှူးအပါအဝင် လေးဦးဟာ ဒဏ်ရာပြင်းထန်လို့ မြ၀တီတစ်ဖက်ကမ်းက မဲဆောက်မြို့ထဲမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂နှစ်ခွဲကျော်ကာလအတွင်း ဒရုန်းကနေ ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိတွေ သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
Federal Wings ဘက်ကတော့ မြဝတီမြို့နယ်ထဲက ဝန်ထမ်းတွေနဲ့ ဝန်ထမ်း မိသားစုဝင်တွေကို သူတို့ရဲ့ ရုံးခန်းတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို စွန့်ခွာဖို့ သတိပေးခဲ့ပြီး ပြည်သူများလည်း စစ်ကောင်စီအခြေစိုက်ရာ နေရာကနေ ရှောင်ရှားကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စိုးရိမ်မှုတွေမြင့်တက်စေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး
အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သွားကိုက်မှုဝေဒနာနဲ့အတူ ကျန်းမာရေးအားနည်းမှုတွေရှိနေတယ်ဆိုပြီးတော့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေက သတင်းဖော်ပြခဲ့ပါတယ်။
ရံဖန်ရံခါ သွားကိုက်ဝေဒနာခံစားရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ကျတာနဲ့ အစားအစာ မစားနိုင်တာမျိုးတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ပြင်ပမှာ ဆရာဝန်တွေနဲ့ ဆေးကုသမှု ခံယူဖို့လိုအပ်ပေမယ့် ထောင်ဆရာဝန်ကသာ ကြီးကြပ်နေပြီး အပြင်ထွက်ဆေးကုခွင့်မရဘူးလို့လည်း သတင်းတွေအရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပြီး သူဘယ်မှာရှိတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
မြန်မာနောင်းဓါတ်ပုံသတင်းထောက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေတဲ့ အခြေအနေများကို သွားရောက် မှတ်တမ်း တင်နေချိန်မှာဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဗုဒ္ဓဟူးနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ မုန်တိုင်းပြီးတစ်ပတ်အကြာ မေ ၂၃ ရက်က စစ်တွေမြို့မှာ သတင်းယူနေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။
ကိုစိုင်းဇော်သိုက်ဟာ အဖမ်းခံရပြီးနောက်မှာ ဆူပူလှုံ့ဆော်မှုပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ သဘာ၀ဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲခံခဲ့ရပါ တယ်။
ဒါပေမယ့် ဗုဒ္ဓဟူနေ့က သူ့ကိုဘယ်ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တယ်ဆိုတာမသိရသေးပါဘူး။ ဒါ့အပြင် သူဟာ တရားခွင်စစ်ဆေးမှုလည်းမရသလို ရှေ့နေလည်း ငှါးရမ်းခွင့်မရဘူးလို့ သိရပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ မြန်မာနောင်း သတင်းဌာနရဲ့ ဒုတိယမြောက်ဖမ်းဆီးခံရတဲ့ သတင်းထောက်ဖြစ်ပါတယ်။
ပြည်တွင်းပဋိပက္ခတွေကြောင့် မြန်မာက အာဆီယံဥက္ကဌရာထူးနဲ့ ဥရောပသမဂ္ဂ-အာဆီယံ ညှိနှိုင်းရေးမှူး နေရာတွေကို ဖယ်ပေးခဲ့ရ
မြန်မာအနေနဲ့ ၂၀၂၆ ခုနှစ်မှာ အာဆီယံရဲ့ ဥက္ကဌနိုင်ငံအဖြစ် အလှည့်ကျခေါင်းဆောင်အဖြစ်ဆောင်ရွက်ဖို့ ရှိပေမယ့် အရှေ့တောင်အာရှနိုင်ငံများရဲ့ ခေါင်းဆောင်တွေက မြန်မာကိုအလှည့်မပေးတော့ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
ဒီနှစ်ရဲ့ အာဆီယံဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆုံးထိပ်သီးအစည်းအဝေးကို ဂျကာတာမှာ ပြီးခဲ့တဲ့ တစ်ပတ်လုံး ဦးဆောင် ကျင်းပခဲ့ပြီး အဲဒီထဲက အစည်းအဝေးတစ်ခုမှာ ဒီကိစ္စကိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုအသည်းအသန်လိုအပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအတွက် နောက်ထပ် သံတမန်ဆိုင်ရာ ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့တယ်လို့လည်း သတင်းတွေကဆိုပါတယ်။
လစ်လပ်သွားမယ့် အာဆီယံဥက္ကဌနေရာကိုတော့ ဖိလစ်ပိုင်က အစားဝင်ယူမယ်လို့ ဖိလစ်ပိုင်သမ္မတက အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။
ပြီးတော့ မြန်မာက ဥရောပသမဂ္ဂ (အီးယူ) နဲ့ အာဆီယံတို့အကြား ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် လာမယ့်နှစ်ကနေစပြီး ၂၀၂၇ နှစ်အထိ တာဝန်ယူဖို့ လျာထားချက်ရှိထားပေမယ့် တာဝန်ယူဖြစ်ဦးမှာမဟုတ်ဘူးလို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
အာဆီယံလူထုဖိုရမ်က မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာတာမှာ ယခုလ ၁ ရက်နေ ၃ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်မှာ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တယ်လို့ ကြေညာခဲ့ပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ်က အရပ်ဘက်အဖွဲ့တွေစုဝေးဆွေးနွေးကြတဲ့ ဖိုရမ်မှာ နိုင်ငံအလိုက်ကိုယ်စားပြုသူတွေက အဲဒီ ကြေညာချက်ကိုဖတ်ကြားခဲ့ကြတာပါ။
မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာဖြစ်လို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့်ဆိုပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံလုံးဆိုင်ရာ ဒစ်ဂျစ်တယ် စောင့်ကြည့်ခံရမှု၊ အင်တာနက် ပိတ်ပင်ခံရမှု၊ လိင်အခြေခံ အကြမ်းဖက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးမှု၊ လေကြောင်း ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ နှိပ်စက်မှုတွေနဲ့ အကျဥ်းထောင်အတွင်း ကြိုးပေးကွပ်မျက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် လေတပ်အကြီးအကဲများညီလာခံကို အာဆီယံနိုင်ငံအချို့တက်မည်မဟုတ်
စစ်ကောင်စီက လာမယ့် စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံလေတပ်အကြီးအကဲများညီလာခံ ကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်ဖို့ မရှိဘူးလို့ နိုင်ငံတကာသတင်းတွေက သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားဘက်က လေတပ်ဦးစီးချုပ်အပါအဝင် ဘယ်သူမှ အခမ်းအနားတက်ဖို့မရှိဘူးလို့ သတင်းတွေကဆိုပြီး ဖိလစ်ပိုင်ဘက်ကတော့ ညီလာခံကို ဗီဒီယို သတင်းစကားပါးဖို့ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းဘက်ကတော့ ညီလာခံတက်ဖို့ရှိပြီး ကမ္ဘောဒီယား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဘက်ကတော့ တက်မတက်မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ အာဏာသိမ်းပြီးနောက် ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုများအဖြစ် U.N အပါအဝင် နိုင်ငံတကာက စွပ်စွဲရှုပ်ချထားကြပါတယ်။
Photo- မြ၀တီခရိုင်ရဲရုံး တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများ ဆေးရုံတွင် ဆေးကုသနေမှုအား ရိုက်ကူးထားခြင်းဖြစ်ပြီး မူရင်းရိုက်ကူးသူကို ခရစ်ဒစ်ပေးပါသည်။
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က