Weekly
ဘီအေပီတစ်ပါတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စက်တင်ဘာ ၂။
ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံအမှုအချို့ ပယ်ချခံရ
စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အမှုငါးမှုအတွက် အပြစ်မရှိကြောင်း ပေါ်လွင်စေရန် အထူးအယူခံကို လက်ခံကြားနာဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဩဂုတ် ၂၉ရက်က ပယ်ချခဲ့ပါတယ်။
ပယ်ချခံရတဲ့အထူးအယူခံအမှုတွေကတော့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ စွပ်စွဲထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမှု နှစ်မှု၊ ဝေါ်ကီ-တော်ကီ စကားပြောစက်နဲ့ပတ်သက်တဲ့ အမှုနှစ်မှု၊ ပုဒ်မ ၅၀၅(ခ) အမှု တစ်မှု တို့ ဖြစ်ကြပါတယ်။
အသက် ၇၈ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ကျခံနေရပါတယ်။
နှစ်ဖက်ကျဆုံးများခဲ့တဲ့ ထန်တလန်တိုက်ပွဲ
အခုဩဂုတ် ၂၈ နဲ့ ၂၉ ရက်မှာ ချင်းပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ဖြစ်ခဲ့တဲ့ ထန်တလန်တိုက်ပွဲမှာဆို နှစ်ဖက်က ထိခိုက်ကျဆုံးမှုတွေ များပြားခဲ့ပါတယ်။
နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်ဘက်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ ထန်တလန် CDFက ထုတ်ပြန်ပါတယ်။
ထန်တလန်မြို့တွင်းက တပ်ကုန်းနဲ့ အနီးဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်း ၅ ခုနဲ့ စခန်းငယ် ၂ ခု၊ ဟားခါး-ထန်တလန်ကြား အော်တိုတာဝါတောင်က စစ်ကောင်စီတပ်တွေကို ချင်းပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။
စားအုန်းဆီဈေးတက်လို့ ဆိုပြီး ဆီလုပ်ငန်းရှင်တွေကို စစ်ကောင်စီဖမ်းဆီး
စားအုန်းဆီဈေးတက်လို့ ဆိုပြီး ဆီကုန်သည်အသင်းဥက္ကဌအပါအဝင် ဆီလုပ်ငန်းရှင် ၅ ဦးကို စစ်ကောင်စီက ဩဂုတ် ၂၉ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
စားအုန်းဆီတင်သွင်းရာမှာ သုံးစွဲနေတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ထောက်ပံ့ပေး နေပေမယ့် စားအုန်းဆီ ဈေးတက်နေဆဲဖြစ်လို့ အခုလို ဖမ်းဆီးလိုက်တာ၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးအတိုင်း မရောင်းချလို့ အဖမ်းခံရတာဆိုပြီးတော့လည်း နီးစပ်သူတွေက သုံးသပ်ကြပါတယ်။
ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကြောင့် တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ဖို့ နိုင်ငံ့စီးပွားရန်ပုံငွေထုတ်ပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပြည်တွင်း စားသုံးဆီ ဖူလုံပြီး ပြည်ပကို ပြန်လည်တင်ပို့နိုင်တဲ့ အဆင့်ရောက်အောင် ရည်မှန်းထားတယ်လို့လည်း စစ်ခေါင်းဆောင်က လေသံပစ်ထားပါတယ်။
ပြည်ပဆန်တင်ပို့မှု ၄၅ ရက် ယာယီရပ်နားမယ်
စစ်ကောင်စီဟာ ဩဂုတ်လကုန်ကစပြီး ပြည်ပဆန်တင်ပို့ခွင့် ၄၅ ရက် ယာယီရပ်နားသွားမယ်လို့ ဆိုရပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်မြင့်တက်လာနေတာပါ။
စစ်ကောင်စီဟာ နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ ဒဿမ ၂ သန်းကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့ပါတယ်။
အခုလို ဆန်စပါးအသင်းချုပ်နဲ့ စစ်ကောင်စီပူးပေါင်းပြီး ပြည်ပကို ဆန်တင်ပို့မှု တိုးခွင့်ပြုနေတာကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေတာ ဖြစ်ပါတယ်။။
စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ မြန်မာကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေတပ်
ဘင်္ဂလားဒေ့ရှ်အဆင့်မြင့် ရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်နိုင်ငံ ရေတပ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ အကျိုးစီးပွါးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးဖို့ မြန်မာကို ရောက်လာပါတယ်။
အစည်းအဝေးကို ၃ ရက်ကြာဆွေးနွေးဖို့ရှိပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ အခုလို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာဟာ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာရောက်တယ်လို့ Justice For Myanmar က ဝေဖန်ပါတယ်။
တဖက်မှာလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အခုနှစ်ကုန်ပိုင်းကစပြီး စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောထားသလို ကနဦးအနေနဲ့ ရိုဟင်ဂျာလူဦးရေ တစ်ထောင်ကျော် ပို့ပေးမယ်လို့ ဆိုပါတယ်။
မြန်မာတိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့တဲ့ ဖိထာ
ဒီတစ်ပတ်ထဲမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ကရင်ရိုးရာလက်ချည်ပွဲကို Move Forward Party ခေါင်းဆောင် Pita Limjaroenrat တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး လူပြောများ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲကို ထိုင်းရောက် ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO က ကြီးမှူး ကျင်းပခဲ့တာ ဖြစ်ပြီး လူထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဖိထာက မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီး Move Forward ပါတီအနေနဲ့ လူမျိုးစုတိုင်းရင်းသား တွေနဲ့ အမြဲရပ်တည်လျက်ရှိတယ်လို့ ဆိုခဲ့ပါတယ်။
ဖိထာဟာ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် သတင်းမီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဝန်ကြီးချုပ်ဖြစ်ခွင့် လွဲချော်ခဲ့သူဖြစ်ပါတယ်။
ကရင်ရိုးရာလက်ချည်ပွဲဟာ မကောင်းတဲ့ဝိညာဉ်ကို နှင်ထုတ်ပြီး ကောင်းတဲ့ဝိညာဉ်လိပ်ပြာကို ပြန်ခေါ်တဲ့ အယူအဆနဲ့ နှစ်စဉ် ဝါခေါင်လ ရောက်တိုင်း ကရင်လူမျိုးတွေ ကျင်းပနေကျ ပွဲတစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီက အရှေ့တီမောနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်
မြန်မာနိုင်ငံအခြေစိုက် အရှေ့တီမောသံရုံးက သံအမတ်တွေကို စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး မြန်မာက ထွက်ခွာဖို့ စစ်ကောင်စီက ဖိအားပေးလိုက်ပါတယ်။
အရှေ့တီမောဟာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ မကြာခဏဆိုသလို တွေ့ဆုံခဲ့လို့ စစ်ကောင်စီက ဩဂုတ် ၂၆ ရက်မှာ သံတမန်အကြောင်းကြားစာပို့ပြီး နှင်ထုတ်လိုက်တာပါ။
အဲဒီလုပ်ရပ်ကို အရှေ့တီမောက ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေး ကြိုးပမ်းမှုတွေကို အားပေးထောက်ခံမယ့်အပြင် မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ စစ်ကောင်စီဟာ တရားမဝင်အစိုးရဖြစ်လို့ အခုလို သံတမန် နှင်ထုတ်ပိုင်ခွင့်မရှိဘဲ အရှေ့တီမောအစိုးရရဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် တန်ဖိုးထားတဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao ကလည်း မြန်မာနိုင်ငံ အကျပ်အတည်းကို မဖြေရှင်းနိုင်သေးဘဲ အာဆီယံအသင်းကို အဖွဲ့ဝင်အဖြစ်ပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဝက်လက်မှာ ကိုယ်ဝန်ဆောင်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဩဂုတ် ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်းထိုးပြီး နောက်တစ်ရက်မှာ အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို ဒေသခံတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာက ဖြစ်ပြီး သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန် လွယ်ထားရလျက် အဓမ္မပြုကျင့်ခံထားရပါတယ်။
ထိုင်းရောက် MOU စနစ် မြန်မာလုပ်သားတွေ နယ်စပ်မှာတင် သက်တမ်းတိုးနိုင်
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီနဲ့ ကော့သောင်းမြို့တွေမှာ သက်တမ်းတိုးနိုင်ပြီလို့ ဘန်ကောက်သံရုံးက သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်း ပြန်တိုးမယ့်သူတွေက နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်အထက် ကျန်ရှိရမှာဖြစ်ပြီး အမြန်စနစ်နဲ့ လုပ်ပေးမယ့်အပြင် အချိန်တိုအတွင်းမှာပဲ U-Turn စနစ်နဲ့ အလုပ်ပြန် လုပ်ခွင့်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေက အလုပ်သမား ခုနစ်သိန်းလောက်ရှိပြီး မြန်မာ နိုင်ငံက အများဆုံးဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ငွေလွှဲရာမှာ အဆင်ပြေစေဖို့ K PLUS မိုဘိုင်းငွေလွှဲစနစ် ပူးပေါင်း စတင်လိုက်တဲ့အကြောင်း ထိုင်း Kbank ဘဏ် နဲ့ မြန်မာ KBZ ဘဏ်တို့က သြဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခုလို K PLUS မိုဘိုင်းငွေလွှဲစနစ်သုံးစွဲနိုင်ဖို့ ဘဏ်စာရင်းစာအုပ် ရှိဖို့လိုအပ်တဲ့အတွက် ထိုင်းမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအတွက် အခက်ခဲရှိနိုင်ပါတယ်။
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၀ ရက် က