bap-logo
Weekly

ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

Kyzg258SoLNrXND6raWIu-image

လွန်ခဲ့သော ၂ နှစ် က

ပြီးခဲ့တဲ့ သောကြာနေ့ည၊ စနေနေ့မနက်မှာ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅ ယောက် ထောင်ချောက် အဆင်ခံရပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

 

မြင်းမူမြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ကျော့မင်းရွာက ပြည်သူတွေကို ရွာတောင်ခြမ်းမှာရှိတဲ့ ရွာတွေဆီကို ပြောင်းရွှေ့ပေးနေတုန်းမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ရုပ်အလောင်း တွေကို စနေနေ့မနက်က ခြေရာတော်ရွာအဝင်နားက လမ်းပေးမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

 

နဂိုမူလတုန်းက စစ်ကောင်စီစစ်ကြောင်းဟာ ကျော့မင်းရွာကို မြောက်ဘက်ကနေဝင်လာမယ်လို့ သတင်းလွှင့်ခဲ့ ပါတယ်။ ဒါပေမယ့် စစ်ကောင်စီစစ်ကြောင်းဟာ မြောက်ဘက်ကနေမဝင်ဘဲ ရွာသားတွေပြေးတဲ့ တစ်ခုတည်း သော လမ်းကြောင်းပေါ်ကိုသွားပြီး ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်စဉ်ဟာ ထောင်ချောက်ဆင်ခံရတာဖြစ်တယ်လို့ ပကဖအဖွဲ့တွေက ယူဆကြပါတယ်။

 

သေဆုံးသွားသူတွေဟာ အနည်းဆုံး ပကဖအဖွဲ့သုံးဖွဲ့ထဲကဖြစ်ကြပြီး သူတို့ကို စနေနေ့မှာပဲ မြေမြှုပ် သဂြိုလ်ခဲ့ကြပါတယ်။

 

အဂတိမှုနဲ့ နာမည်ထွက်တဲ့ ဗိုလ်ချုပ်ကြီးတွေ စစ်ကောင်စီကနေထုတ်ပယ်ခံရ

 

စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်းတပ်) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (Army Chief of Staff) နဲ့ ပြီးခဲ့တဲ့လကမှ ပြည်ထဲရေးဝန်ကြီးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ရာထူးကို ပြောင်းလဲခံလိုက်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ အဂတိမှုစွပ်စွဲချက်တွေနဲ့ တိုင်စာတွေကြောင့် ထိန်းသိမ်း စစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာ နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပါပြီ။

 

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လာဘ်ယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်တဲ့ တိုင်စာတွေကြောင့် စစ်ဆေးအရေးယူခံနေရတာလို့ ပြည်တွင်းသတင်းတွေက ဆိုတာပါ။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ သူတို့နှစ်ဦးလုံး စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေထုတ်ပယ်ခံလိုက်ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဆိုရင် တာဝန်ယူတာ တစ်လကျော်ကျော်လေးပဲရှိသေးတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးရာထူးကနေပါ ထုတ်ပယ်ခံခဲ့ရတာပါ။

 

စစ်ခေါင်းဆောင်ကတော့ သူတို့နှစ်ဦးရဲ့နေရာမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေး (Chief of General Staff (Army, Navy and Air) နဲ့ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ခန့်အပ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာတော့ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူများကို ယုံကြည်မှုနဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ရာထူးနဲ့ လုပ်ပိုင်ခွင့်သုံးပြီး ကိုယ်ကျိုးရှာသူများကို ထိရောက်စွာ အရေးယူသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုခဲ့ပါတယ်။

 

ပါတီဝင် ၉၇ ယောက်အသတ်ခံခဲ့ရတယ်လို့ NLD ပြော

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့လူကြိုက်အများဆုံး NLD ပါတီကြီး တည်ထောင်ခဲ့တာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၃၅ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ဒီမိုကရေစီခရီးကြမ်းကိုဆက်လက်လျှောက်လှမ်းနေရဆဲပါပဲ။

 

NLD ပါတီရဲ့ ၃၅ နှစ်ပြည့်အစီရင်ခံစာမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ပါတီဝင် ,၇၆၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၉၇ယောက် အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီက ပြည်သူ ၆၈၈ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းယူခဲ့ရာမှာ NLD ပါတီဝင် ၃၇၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ပါတီရုံးချုပ်အပါအဝင် အဖွဲ့ချုပ်ရဲ့ရုံးခွဲတွေကပစ္စည်းတွေလည်း ခိုးယူ၊ ဖောက်ခွဲ၊မီးရှို့ဖျက်ဆီးခံရမှု အကြိမ်ရေ ၁၆၀ လောက်ရှိတယ်လို့ပြောပါတယ်။

 

ပါတီအနေနဲ့ ဒေသအလိုက်တော်လှန်ရေးအင်အားစုတွေ၊ စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံပြီး ဖက်ဒရယ်ဒီမိုကရေစီနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

 

နိုင်ကျဉ်းလူငယ်တစ်ဦး အင်းစိန်ထောင်မှာ နှလုံးဖောက်သေဆုံး

 

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတဲ့ ကိုမင်းဟိန်းခန့် (ခေါ်) အားကျယ်ဟာ တနင်္ဂနွေနေ့ တုန်းက နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

 

ကွယ်လွန်ချိန်မှာ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကိုမင်းဟိန်းခန့်ဟာ သေဆုံးမှု မတိုင်ခင် တစ်ပတ်နီးပါးအကြာ ထောင်ဆေးရုံ တက်ခွင့်ရခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေက သင်္ဂြိုလ်ခွင့်ရခဲ့ပါတယ်။

 

ကိုမင်းဟိန်းခန့်ဟာ ပုဇွန်တောင် နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ရက်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဆူပူလှုံ့ဆော်မှုအပါအဝင် အကြမ်းဖက်ဥပဒေ တွေနဲ့လည်း တရားစွဲခံခဲ့ရတယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

မြန်မာ့အရေးကို ICC တရားရုံးကို ကိုလွှဲအပ်ရန် ကုလမဟာမင်းကြီး တောင်းဆို

 

မြန်မာပြည်မှာ အရပ်ဘက်တရားဥပဒေစိုးမိုးရေးပျောက်ကွယ်သွားပြီး စစ်တပ်ကလည်း တိုင်းပြည်ရဲ့ အုပ်ချုပ် ရေးနဲ့ တရားစီရင်တွေကဏ္ဍတွေရဲ့ အခြေခံအုတ်မြစ်တွေကို တိုက်စားပစ်နေလို့ မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသို့ လွှဲအပ်ပေးဖို့ တောင်းဆိုတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါ‌နေ့က ကျင်းပတဲ့ ကုသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာပြည်က အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြရင်း မဟာမင်းကြီး Volker Türk က တောင်းဆိုခဲ့တာပါ။

 

မြန်မာလူထုဟာ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုများ၊ အသက်မွေးဝမ်းကြောင်းမှုနှင့် မျှော်လင့်ချက်များ ပြိုကျပျက်စီးမှုတို့ကို နေ့စဉ် ကြုံတွေ့ ဖြတ်ကျော်နေရတယ်လို့ သူကဆိုပါတယ်။

 

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၂၄,၈၃၆ ဦး၊ ဆက်လက်ထိန်းသိမ်းခံထားရသူ ၁၉,၂၆၄ ဦး၊ စစ်တပ်ထိန်းချုပ်သည့် တရားရုံးများမှ သေဒဏ် ချမှတ်ခံထားရသူ ၁၅၀ ဦးထိ ရှိတယ်လို့ ကုလရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

 

တရုတ်ကို ပတ်စ်စပို့နဲ့သွားခွင့်ပြုတော့မယ်လို့ စစ်ကောင်စီပြော

 

တရုတ်နဲ့ မြန်မာလူမျိုးတွေကို မကြာခင်မှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သုံးပြီး နယ်စပ်ကနေ ဝင်ထွက်ခွင့် ပေးမယ်လို့ စစ်ကောင်စီက တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

သောင်းနဲ့ချီတဲ့မြန်မာနိုင်ငံသားတွေ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲကို တစ်ပတ်သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ဖို့ ကြိုးစားနေတာ ရက်သတ္တပတ်များစွာရှိလာချိန်မှာပဲ ခုလို သတင်းထုတ်ပြန်ခဲ့တာပါ။

 

နိုင်ငံကူးလက်မှတ်နဲ့ ဝင်ထွက်ဖို့ ခွင့်ပြုလိုက်တာကြောင့် တရုတ်နိုင်ငံထဲကို ယာယီဖြတ်သန်းခွင့်သုံးပြီး အလုပ်သွားရှာတဲ့ မြန်မာတွေအတွက် တရုတ်နိုင်ငံထဲမှာ တစ်ပတ်ထက်ကြာအောင် နေထိုင်အလုပ်လုပ်နိုင်မှာ ဖြစ်သလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲကို ပိုမိုဝင်ရောက်လာတော့မှာပါ။

 

စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာတဲ့အပြင် အလုပ်အကိုင်ရှားပါးတာကြောင့် မြန်မာ ပြည်သူ အများစု နိုင်ငံပြင်ပကိုထွက်ပြီးအလုပ်လုပ်ဖို့ ကြိုးစားနေတဲ့နိုင်ငံတွေထဲမှာ တရုတ်လည်း ပါဝင်နေပါတယ်။

 

Burma Associated Press

တရုတ်
စစ်ကောင်စီရုံး
အန်အယ်လ်ဒီ
နိုင်ငံရေးအကျဉ်းသား
UN
နိုင်ငံကူးလက်မှတ်

Share With
bap-logo