Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စစ်ကောင်စီဟာနိုင်ငံရဲ့နေရာအနှံ့က စစ်တပ်ကို ဆန့်ကျင်တော်လှန်နေသူတွေကို ထိုးစစ်ဆင်နေတဲ့ တချိန်တည်း မှာပဲ ငြိမ်းချမ်းရေးနှစ်ပတ်လည် အခမ်းအနားတစ်ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာကျင်းပခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အောက်တိုဘာလ၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ရှစ်ဖွဲ့နဲ့ အပစ် အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခြင်း ရှစ်နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးသမားတွေကတော့ စစ်ကောင်စီဟာ ဒီအခမ်းအနားတွေကိုအသုံးပြုပြီး နိုင်ငံရေး ထွက်ပေါက်ရှာတာလို့ ရှူမြင်ကြပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ အခမ်းအနားနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အချက်အလက်တွေကို ပြောရမယ် ဆိုရင်တော့
(က) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ထဲက သုံးဖွဲ့ဖြစ်တဲ့ ကရင်အမျိုးအသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ဟာ NCA ရှစ်နှစ်ပြည့်အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီအဖွဲ့တွေဟာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေကို အကူအညီပေးပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲကာ စစ်တပ်ကိုတိုက်ခိုက်နေတဲ့ အစဉ်အလာကြီး အင်အားကြီးလက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။ ဒီသုံးဖွဲ့ဟာ NCA ပျက်ပြယ်သွားပြီလို့လည်း အခမ်းအနားမကျင်းပခင် သုံးရက်အလိုမှာ ထုတ်ပြန်ခဲ့ကြပါတယ်။
(ခ) နှစ်ပတ်လည်အခမ်းအနားကို သွားတက်ခဲ့တဲ့ ABSDF က ဒုဥက္ကဌအပါအဝင်သုံးဦးဟာ အဖွဲ့ရဲ့ မူ၊ သဘောထားနဲ့ ရပ်တည်ချက်ကို ဆန့်ကျင်လို့ဆိုပြီး တနင်္လာနေ့မှာ တာဝန်တွေကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။
(ဂ) KNU အဖွဲ့ရဲ့ ဥက္ကဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးလည်း နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပြီး စစ်ကောင်စီက သူ့ကို ကရင်ခေါင်းဆောင်အဖြစ် ဝိသေသပြုပါတယ်။ ပြီးတော့ ကရင်ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ပေးဖို့ စစ်ခေါင်းဆောင်က တောင်းဆိုပါတယ်။
(ဃ) NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းပြီးလက်မှတ်ထိုးဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ် လာပါတယ်။
ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်ပြီး တရုတ်က ၀ရမ်းထုတ်ထားတဲ့ ၀ အရာရှိနှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်း၀ရမ်းထုတ်
နယ်စပ်က ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်လည်မှုဂိုဏ်းတွေမှာဦးဆောင်ပါဝင်လို့ဆိုပြီး တရုတ်နိုင်ငံက ယွမ် ၅ သိန်း ဆုငွေနဲ့ ၀ရမ်းထုတ်ထားတဲ့ ‘ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်’ (UWSA) ထိပ်တန်းအရာရှိ ၂ ယောက်ကို မြန်မာစစ်ကောင်စီကလည်း ဗုဒ္ဓဟူးနေ့မှာ ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။
၀ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ဖြစ်တဲ့ ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူးဖြစ်တဲ့ အိုက်ဟော့ တို့ဟာ Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီသတင်းစာက ဆိုပါတယ်။
ပေါက်အိုက်ပန်းဟာ UWSA ခေါင်းဆောင်ဖြစ်တဲ့ ဦးပေါက်ယူချန်းရဲ့တူတော်စပ်သလို အိုက်ဟော့ဟာ ပေါက်ယူချန်းရဲ့ သားမက်ဟောင်းလည်းဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေက ဆိုကြပါတယ်။
UWSA ကလည်း သူတို့နှစ်ယောက်ဟာ "ဝ" ပြည်ရဲ့ နိုင်ငံတကာနဲ့ အိမ်နီးချင်းတွေအကြား ယုံကြည်မှုနဲ့ ဆက်ဆံရေးကို ထိခိုက်စေတာကြောင့် ထုတ်ပယ်လိုက်ပြီဆိုပြီး တနင်္လာနေ့တုန်းက ကြေညာခဲ့ပါတယ်။
သုံးလကြာရပ်နားထားတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲပြန်လည်ကျင်းပ
ကိုဗစ်ကပ်ဘေးနဲ့ မငြိမ်သက်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် သုံးနှစ်ကြာ ရပ်နားထားခဲ့တဲ့ အင်းလေး ဖောင်တော်ဦး ဘုရားပွဲကို ယခုတစ်ပတ်မှာပဲ ပြန်လည်ကျင်းပခဲ့ပါတယ်။
အင်းလေးရိုးရာဓလေ့အတိုင်းပဲ ဖောင်တော်ဦးဘုရားလေးဆူကို ကရဝိတ်ဖောင်ပေါ်ပင့်ဆောင်ကာ အင်လေး ၂၁ ဌာနကိုလှည့်လည်စံမြန်းခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ကနေ နိုဝင်ဘာ ၁ အထိ ကြာမြင့်မယ့်အဆိုပါဘုရားပွဲမှာ အင်းရိုးရာ လှေပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ အင်းလေးတက်ကြွလှုပ်ရှားသူတွေကတော့ ဒီဘုရားပွဲဟာ စစ်ကောင်စီကဖိအားပေးပြီးကျင်းပတာဖြစ်သလို စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ မြန်မာနိုင်ငံက ပုံမှန်အခြေ အနေမျိုး ဖြစ်နေပြီလို့ ဝါဒဖြန့်တာမျိုးလုပ်မှာစိုးတဲ့အတွက် ဘုရားပွဲမှာမပါဝင်ဖို့ လူမှုကွန်ရက်ပေါ်ကနေတဆင့် အသိပေးကြေညာထားပါတယ်။
နေပြည်တော်က အကျဉ်းသား ၇ ဦးထွက်ပြေး
နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာရွာမှာရှိတဲ့ ကင်းသာ (၂) ကုန်ထုတ်စခန်းကနေ အကျဉ်းသား ခုနစ်ဦး အင်္ဂါနေ့တုန်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြည်တွင်းသတင်းဌာနတွေကရေးသားကြပါတယ်။
မူးယစ်ဆေးအမှု၊ မုဒိမ်းမှုတွေကျုးလွန်လို့ထောင်ချခံထားရတဲ့ အမျိုးသား ၇ ဦး ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ချိန်မှာ ထောင်ဒဏ်လက်ကျန် နှစ်နှစ်ကနေ ခြောက်နှစ်ကျော်ထိ ကျန်နေသူတွေ ဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် အကျဉ်းသားတွေ၊ ထိန်းသိမ်းခံရသူတွေဟာ ထောင်ကနေ မကြာခဏ ထွက်ပြေးလွတ်မြောက်လေ့ရှိပါတယ်။
ပဲခူးမှရေကြီးပြီးနောက် စပါးဧကသိန်းကျော်ပျက်စီး
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ပဲခူးတိုင်းမှာ စံချိန်တင်ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးနောက် စပါးဧက တစ်သိန်းကျော်ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ၈ ရက်နေ့ကစပြီးရွာခဲ့တဲ့မိုးကြောင့် မြစ်ရေကြီးကာ မြို့ရွာတွေနဲ့ ရိတ်သိမ်းခါနီး မိုးစပါး စိုက်ကွင်းတွေထဲ ရေတွေဝင်ရောက်ဖုံးလွှမ်းခဲ့တာပါ။ စစ်ကောင်စီကတော့ ပဲခူးမှာ စပါးစိုက်ဧက ၂၆ သိန်းကျော် ရှိပြီး ပျက်စီးသွားတဲ့ဧရိယာဟာ စိုက်ဧကစုစုပေါင်းရဲ့ လေးရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ်။
စိုက်ဧကပေါ်မူတည်ပြီး သိန်းဂဏန်းကနေ သိန်းရာချီဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တဲ့လယ်သမားတွေဟာ မိုးစပါး ချေးငွေတွေကိုလည်း ပြန်ဆပ်ရမှာဖြစ်တဲ့အတွက် တစ်ပူပေါ် အပူအထပ်ထပ်ဆင့်တဲ့အခြေအနေတွေကို ဆိုက်ရောက်နေကြပါတော့တယ်။
မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ ကိုဝေမိုးနိုင်နဲ့ အကျဉ်းသားတွေ အမှုဖွင့်ခံရ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ အကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးရရှိဖို့ ပြီးခဲ့တဲ့ လက အစာငတ်ခံဆန္ဒပြခဲ့တဲ့ ကိုဝေမိုးနိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၅ ယောက်ကို အမှုဖွင့်အရေးယူခံခဲ့ရပါတယ်။
ကိုဝေမိုးနိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုးဦးကို စစ်ကောင်စီက ထောင်တွင်းပြစ်ဒဏ်လျှော့ရက် တစ်နှစ် ပိတ်ပင်ခဲ့ပြီး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇ နဲ့ အမှုဖွင့် တရားစွဲလိုက်တာပါ။
ထောင်ပိုင်အပါအဝင် အကျဉ်းဦးစီး ဝန်ထမ်း ငါးဦးလည်း ထုတ်ပယ်ခံရပြီး အခြားအကျဉ်းဦးစီးဝန်ထမ်း လေးဦးလည်း ခြောက်လရာထူးလျှော့ခံရတယ်လို့ သိရပါတယ်။
စက်တင်ဘာ(၈)ရက်က အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ စောင်၊ အဝတ်အထည်နဲ့ အစားအသောက် အကြော်အလှော်တွေ၊ စာအုပ်တွေနဲ့ မိသားစုဓာတ်ပုံတွေကို ထောင်ဝန်ထမ်းတွေက သိမ်းသွားခဲ့တာကြောင့် ကိုဝေမိုးနိုင်ဦးဆောင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေက အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြတောင်းဆိုမှု ခြောက်ရက်မြောက်နေ့မှာတော့ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ တောင်းဆို ချက်တွေ အားလုံးကို လိုက်လျောပေးခဲ့တာကြောင့် ဆန္ဒပြမှုဖြစ်စဉ် ပြီးဆုံးသွားခဲ့ပါတယ်။
ဓာတ်ပုံ- CINCDS