bap-logo
Weekly

တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

4fhPdy-Jbn7HQ_kQzOvvl-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၁၄။

 

မြန်မာ့အရေးကို ကမ္ဘာကြီး စိတ်ဝင်စားမှု လျော့ကျနေချိန် အရှေ့အလယ်ပိုင်းပြဿနာ ပေါ်ပေါက််လာခဲ့ တာကြောင့် မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာရဲ့စိတ်ဝင်စားမှု ပိုပြီးလျော့ကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေခဲ့ပါတယ်။

 

ကမ္ဘာကြီးရဲ့ အာရုံစူးစိုက်မှု အခြားတစ်ဖက်ကို ရောက်နေချိန်မှာလည်း စစ်ကောင်စီက အကြမ်းဖက်မှု တစ်ခုကို ကချင်ပြည်နယ် လိုင်ဇာမှာ ဒီတစ်ပတ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။

 

 

အဲဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေကို လုံးဝဂရုစိုက်ကြောင်း သက်သေပြ လိုက်တာပဲလို့ ပြင်သစ်ပြောဆိုခဲ့တဲ့အကြောင်းအရာအပါအဝင် တစ်ပတ်အတွင်း မြန်မာပြည်တွင်း ထူးခြားသတင်း ဖြစ်စဉ်တွေကို ဖော်ပြလိုက်ပါတယ်။

 

 

အာဏာသိမ်းပြီးနောက် တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး ငါးရာကျော်သေဆုံးခဲ့

 

 

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် အောက်တိုဘာ ၁ ရက်အထိ ချင်းအမျိုးသားသေဆုံးမှု ၅၂၈ ဦးအထိ ရှိပြီဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

 

အဲဒီထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အရပ်သား ထက်ဝက်နီးပါး (၂၁၇ ဦး) အထိ ပါဝင်နေပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် ၃၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီစာရင်းအရ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂၄ ဦး ပါဝင်နေပြီး အဲထဲက ၅ ဦးဟာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

 

အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲက ဓမ္မအမှုတော်ဆောင် ဆရာတော် ၅ ပါးနှင့် သင်းထောက်လူကြီး ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး  ဓမ္မအမှုတော်ဆောင် ဆရာတော် ၁ ပါးကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၄၉(က)တွေနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ပါတယ်။ 

 

ဒါ့အပြင် ဘာသာရေးအဆောက်အဦး ၁၀၁ ခုထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် အဆောက်အဦး ပေါင်း ၂,၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

 

ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁,၀၀၀ ကျော်ရှိပြီး အကျဉ်းထောင်ထဲမှာ နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တမြို့လုံးပါး ရေလျှံခဲ့တဲ့ ပဲခူး

 

ပဲခူးမှာ အောက်တိုဘာ ၇ ရက်ကစပြီး တစ်ပါတ်နီးပါးအကြာ ရေကြီးခဲ့လို့ အနည်းဆုံး အိမ်ထောင်စု ၄,၅၀၀ ကျော်က လူဦးရေ ၁၃,၀၀၀ ကျော်ဟာ ရေဘေးရှောင်စခန်း ၂၀ ကျော်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြ ရပါတယ်။

 

ဒီတစ်နှစ်ထဲမှာကိုပဲ ပဲခူးမှာ ရေကြီးရေလျှံမှုဖြစ်တာ လေးကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ မြို့ခံတစ်ဦးက BAP ကို ပြောထားတဲ့အပြင် ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ပဲခူးမြို့ရဲ့ စံချိန်တင် ရေကြီးမှုဖြစ်ခဲ့ပါတယ်။

 

ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ရေတွေ ဖုံးလွှမ်းခဲ့ပြီး ဖုန်းလိုင်းတွေနဲ့ ဝိုင်ဖိုင်ကွန်ရက်တွေလည်း ပြတ်တောက် ခဲ့တယ်လို့ မြို့ခံတွေက BAP ကို ပြောပါတယ်။

 

အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာတော့ ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ရေတွေပြန်ကျနေပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး ရေဘေးသင့်သူတွေအတွက် သောက်သုံးရေသန့်နဲ့ ရိက္ခာခြောက်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

 

အလားတူပဲ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အောက်တိုဘာ ၈ ရက်ကစပြီး ချောင်းရေတက်တာနဲ့ ဆည် ရေကြီးတာကြောင့် ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

 

စစ်ကောင်စီနဲ့ဆွေးနွေးမှာမဟုတ်ဘူးလို့ NCA သုံးဖွဲ့ပြောလာ

 

နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးမသတ်သေးသ၍ ဘယ်ဆွေးနွေးမှုကိုမှ လုပ်မှာမဟုတ်ဘူးလို့ NCA လက်မှတ်ရေးထိုးထားတဲ့ KNU၊ CNF နဲ့ ABSDF တို့က အောက်တိုဘာ ၁၂ ရက်မှာ အတိအလင်း ပူးတွဲ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဟာ ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်-NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားကပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေလည်း ရှိပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ NCA အကြောင်းပြ လုပ်ဆောင်မှုတွေဟာ နိုင်ငံအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကိုရှည်လျားအောင် ပြုလုပ်နေတာဖြစ်တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

 

တစ်ဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်။

 

 

အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းခံရ

 

ဒီတစ်ပတ်ထဲမှာတော့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ဟာ အထည်ချုပ် လုပ်ငန်းရှင် ၂၅၄ ဦးကို နှစ်စဉ် အသင်းဝင်ကြေး ပေးသွင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အသင်းဝင်အဖြစ်က ရပ်ဆိုင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

MGMA မှာ အသင်းဝင်ဦးရေ ၈၁၉ ဦးရှိတဲ့အထဲက ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့ အသင်းဝင် ၂၅၄ ဦးကို အသင်းဝင်အဖြစ်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

 

ရပ်ဆိုင်းခံရတဲ့ အသင်းဝင်တွေအနေနဲ့ သွင်းဖို့ ကျန်တဲ့ နှစ်စဉ်ကြေးတွေကို သွင်းရမယ့်အပြင် အသင်းသား သစ်အဖြစ် ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကချင်ပြည်နယ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု

 

စစ်ကောင်စီဟာ အောက်တိုဘာ ၉ ရက်က အပြစ်မဲ့ပြည်သူ ၂၉ ဦးအထိ သေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု တစ်ခုကို ထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။

 

ဒါဟာ စစ်ကောင်စီရဲ့ လူ ၁၀ ယောက်နဲ့အထက် သေဆုံးခဲ့တဲ့ ၂၂ ကြိမ်မြောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ရဲ့ စာရင်းအရ သိရပါတယ်။

 

အောက်တိုဘာ ၉ ရက် တနင်္လာနေ့က လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းကို ည ၁၁ နာရီခွဲအချိန် မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး BAP က အတည်ပြုထားတဲ့ စာရင်းတွေအရ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ကလေး ၁၇ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့တဲ့အပြင် ၅၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ လုပ်ရပ်ကို အမေရိကန်အပါအဝင် ပြင်သစ်၊ ကနေဒါ၊ ဩစတေးလျနဲ့ ဗြိတိန်တို့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေကို လုံးဝဂရုစိုက်ကြောင်း သက်သေပြလိုက်တာပဲလို့ ပြင်သစ်က ဆိုပါတယ်။

 

စစ်ကောင်စီကတော့ မုန်လိုင်ခက်အနီး KIA သင်တန်းကျောင်းက အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင် ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ဖြေရှင်းလာပါတယ်။

 

မုန်လိုင်ခက်စစ်ရှောင်စခန်းနားမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ စစ်လက်နက်သိုလှောင်တာမရှိဘူးလို့လည်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတွေကတဆင့် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

 

လူမှုကွန်ယက်ပေါ်က ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်ရှိလာ

 

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေ ကြောင့် ၂၀၂၂ ဖေဖော်ဝါရီလကနေ ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ ၁,၃၁၆ ဦး ရှိတယ်လို့ Data For Myanmar- DFM က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

 

လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅ ဦးနီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူ အချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာဟာ ဒုတိယအဆိုးဆုံး နိုင်ငံ ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်က ထုတ်ပြန်တဲ့ အစီရင်စာမှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီဗိုလ်ချုပ်နှစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်ခံရ

 

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

 

အဲဒီဗိုလ်ချုပ်ကြီးနှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ စစ်စည်းကမ်းဖောက်ဖျက် မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာလို့လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ပြည်ပကနေ စားအုန်းဆီတင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု၊ ရာထူးအာဏာကို အလွဲသုံးစားပြီး ကုမ္ပဏီတွေကပေးတဲ့ လက်ဆောင်ပစ္စည်းတွေကို ရယူခဲ့တာနဲ့ နိုင်ငံခြားငွေတွေ လက်ဝယ်ထားရှိမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်လိုက်တာလို့ သိရပါတယ်။

 

ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုတော့ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တာကြောင့် ပြစ်ဒဏ်ချလိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီအစိုးရအဖွဲ့မှာ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ရာထူးတာဝန်တွေကနေ အနားပေးတာ၊ အဖွဲ့ထဲကနေ အပြီးထုတ်ပယ်တာတွေဟာ ပထမဆုံးနဲ့ အကြီးဆုံး အရေးယူမှုဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

 

ဒါ့အပြင် နှစ်နှစ်ခွဲအတွင်း အရပ်ဘက်ရော စစ်ဘက်ကပါ ဖယ်ရှားခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးထက်မနည်း ရှိနေပါတယ်။

 

ယခုနှစ် ၉ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁,၈၆၄ ဦး သေဆုံး

 

အခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း နိုင်ငံတဝှမ်းမှာ ယာဉ်မတော်တဆမှု ၃,၆၃၄ မှုဖြစ်ပွားခဲ့ပြီး လူ ၁,၈၆၄ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

 

အဲဒီအရေအတွက်ဟာ အရင် ၂၀၂၂ ခုနှစ်က ကာလတူမှာ ဖြစ်ပွားခဲ့တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ယာဉ်မတော်တဆမှု ၆၅၀ မှု လျော့နည်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အရင်နှစ်ကာလတူကထက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၃၈ ဦး လျော့နည်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၁၈ ဦး လျော့နည်းခဲ့ပါတယ်။

 

အရင်နှစ်ကထက်စာရင် မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွေမှာ သေဆုံးသူဦးရေ ပိုများခဲ့ပြီး နေပြည်တော်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ သေဆုံးသူဦးရေ လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

 

 

Burma Associated Press

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်
ကချင်
ပဲခူး
တစ်သက်တစ်ကျွန်း
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
ယာဉ်တိုက်မှု
ရေကြီးရေလျှံ
လိုင်ဇာ

Share With
bap-logo