Weekly
ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
နိုဝင်ဘာ ၄။
မြန်မာပြည်သူတွေ အာဏာသိမ်းမှုအောက်ရောက်ခဲ့တာ ရက်ပေါင်း တစ်ထောင်ကျော်ခဲ့ပါပြီ။ ရက်ပေါင်း တစ်ထောင်ကာလရဲ့ အလွန််မှာတော့ စစ်ရေးဘောင်က ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ စစ်ဘောင် ကျယ်လာတာနဲ့ အမျှ စစ်ကောင်စီ ကိုယ်တိုင် သူတို့ရှုံးနေပါတယ်လို့ ဝန်ခံလာရတဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ယခု ရက်သတ္တပတ်အတွင်း ထူးခြားဖြစ်စဉ်သတင်းတွေကို BAP က တင်ဆက်လိုက်ပါတယ်။
ဖမ်းဆီးတရားစွဲခံရတဲ့ ပြန်ဝန်ဟောင်း
သမ္မတဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်တဲ့ ဦးရဲထွဋ်ကို အောက်တိုဘာ ၂၈ ရက်က ပုဒ်မ ၅၀၅ - ကနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာအပြင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးရဲထွဋ်ကို အလုံမြို့မရဲစခန်းက (ပ) ၂၁၆/၂၀၂၃ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
ကချင်က စစ်ကောင်စီရဲ့ ကန်တော်ယန် အထိုင်စစ်စခန်း အသိမ်းခံရ
ကချင်ပြည်နယ် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကန်တော်ယန် (Gang Dau Yang) အထိုင်စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က အောက်တိုဘာ ၃၁ ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မနက်ပိုင်း ၅ နာရီလောက်ကနေ KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်က ကန်တော်ယန်စခန်းအပြင် မလိယန် စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီလောက်အကြာမှာတော့ ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက လိုင်ဇာမြို့တဝိုက်ကို တိုက်လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် ကန်တော်ယန် အနီး ဂျာထရွာက နေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ စစ်သည်တွေ ကျဆုံးထားတယ်လို့ ဝန်ခံထားပြီး အဲဒီ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် လေကြောင်း ဗုံးကြဲခဲ့ပြီး တရုတ်နိုင်ငံနယ်စပ်နဲ့ နီးစပ်နေတဲ့အတွက် ဗုံးမကြဲခင် တရုတ်ကို ကြိုတင်အသိပေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေနဲ့တစ်ချိန်ထဲလာတဲ့ တရုတ်ရဲ့ အလည်အပတ်
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့အချိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး H.E. Mr. Wang Xiaohong က အောက်တိုဘာလကုန်မှာ နေပြည်တော်ကို အလည်အပတ်ရောက်လာခဲ့ပါတယ်။
သူ့ကို စစ်ခေါင်းဆောင်ကိုယ်တိုင်တွေ့ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်-MNDAA, တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်-TNLA, ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်” ဆိုပြီး တော့လည်း တရုတ်ကိုယ်စားလှယ်ကို အချိုသပ်ခဲ့ပါသေးတယ်။
ဗဟိုကော်မတီအဖွဲ့ဝင်ရဲ့ နေပြည်တော်ခရီးစဉ်ရဲ့ တချိန်ထဲမှာပဲ ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်ဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။
‘’သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့ တိုက်ခိုက်တာရပ်ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်း လုပ်ဖို့ တိုက်တွန်းပါတယ်’’ လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ် ဝမ်ဘင်းက ပြောခဲ့ပါတယ်။
စစ်တပ်ထောက်တိုင် MOGE ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
စစ်တပ်ရဲ့ အဓိကထောက်တိုင်ဖြစ်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGEကို ဒဏ်ခတ်ပိတ်ဆို့လိုက် တယ်လို့ အမေရိကန်က အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ပါတယ်။ အခုတစ်ကြိမ်နဲ့ ဆိုရင် စစ်တပ်အာဏာသိမ်း နောက်ပိုင်း အမေရိကန်က စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့တာ ၂၁ ကြိမ်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။
အလားတူ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အစုအဖွဲ့ သုံးခုနဲ့ လူ ငါးဦး ကို အမေရိကန်၊ ယူကေနဲ့ ကနေဒါ အစိုးရတွေက ပူးပေါင်း ဒဏ်ခတ် အရေးယူခဲ့ပါတယ်။
အဲထဲက Sky Royal Hero Company Limited, Suntac Technologies Company Limited နဲ့ Suntac International Trading Company Limited တို့ကိုတော့ စစ်ကောင်စီကို ထောက်ကူနေတဲ့အတွက် အမေရိကန်ရဲ့ SDN လို့ခေါ်တဲ့ အရေးယူပိတ်ဆို့မှု အထူးသတ်မှတ်ချက်စာရင်းထဲ ထည့်သွင်းထားပါတယ်။
လူပုဂ္ဂိုလ်အနေနဲ့ စစ်ကောင်စီဝန်ကြီးတွေဖြစ်ကြတဲ့ ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ညွှန်ကြားရေးမှူးချုပ်တွေ ဖြစ်ကြတဲ့ ဒေါဆွေဆွေအောင်နဲ့ ဦးဇော်မင်းတို့ကိုလည်း SDN စာရင်းထဲ ထည့်သွင်းအရေးယူလိုက်ပါတယ်။
မြန်မာစစ်အုပ်စုကို ကနေဒါနိုင်ငံက အများဆုံး ဒဏ်ခတ်အရေးယူထားတာဖြစ်ပြီး လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုကို အရေးယူထားပါတယ်။ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ၇ ကြိမ် ဝန်းကျင် ပြုလုပ်ထားပြီး အဲဒီထဲမှာ လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခု ပါဝင်ပါတယ်။ ဗြိတိန်ကလည်း စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ၃၄ ဦး နဲ့ လုပ်ငန်းစု ၂၇ စုတို့ကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
ကရင်နီမှာ နှစ်နှစ်ခွဲကျော်အတွင်း အရပ်သား ငါးရာကျော် သေဆုံးခဲ့
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီမှာ အရပ်သားသေဆုံးသူ ၅၃၃ ဦး ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု- PKPFက နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ကရင်နီမှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၃၈၆ ဦး ရှိပြီး စစ်ရှောင်ရင်း သေဆုံးသူ ၁၄၇ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒါ့အပြင် နှစ်နှစ်ခွဲကျော်အတွင်း နေအိမ်နဲ့ ဘာသာရေးအဆောက်အုံ၊ စာသင်ကျောင်းနဲ့ ဆေးခန်း ပျက်စီးမှု အလုံးရေ နှစ်ထောင်နီးပါး (၁,၉၇၈ လုံး) ရှိခဲ့တယ်လို့ PKPFက ဆိုပါတယ်။
ကရင်နီမှာ တိုက်ပွဲအကြိမ်ရေ ၈၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂,၄၁၀ သေဆုံးခဲ့သလို KNDF/PDF/KA ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၃၃၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်နှစ်ခွဲကျော်အတွင်း ကရင်နီမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၆၃၇ ကြိမ် ကျူးလွန်ထားပြီး အရပ်သားပြည်သူ ၁၅၀ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်ကတဆင့် သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ အခုနှစ် နိုဝင်ဘာ ၂ ရက်ထိ နောက်ဆုံး ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ ၄,၁၆၅ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
မြို့သုံးခု လက်လွှတ်ထားရတယ်ဆိုပြီး စစ်တပ်က ဝန်ခံခဲ့တဲ့ ၁၀၂၇ စစ်ရေးအဟုန်
၁၀၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ်တွေက သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ကြီး/ငယ် ၈၀ ထက်မနည်း ရှိနေပါတယ်။
တပ်သားဦးရေ ၄၁ ဦး ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၃ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဆီ လက်နက်ချခဲ့ပြီး အလင်းဝင်လာသူတွေကို ကိုးကန့်တပ်-MNDAA က တစ်ဦးကို ၁၅ သိန်းစီ စုစုပေါင်း သိန်း ၇၀၀ ကျော် ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
သိန္နီ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့လေးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့လည်း ညီနောင် သုံးဖွဲ့က ထုတ်ပြန်ထားကြသလို စစ်ကောင်စီရဲ့ သံချပ်ကာကား ၆ စီးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) တို့ကို လက်လွှတ်ထားရတယ်လို့ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်က ရှမ်းမြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာဆိုရင် ကိုးရက်ကြာ ရှိနေပြီ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကို နေ့စဉ်ဖော်ဆောင်နေသလို စစ်ကောင်စီရဲ့ ခံစစ်ဖြစ်တဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ သေဆုံးမှုဟာလည်း ၁၅ ဦးထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် ရှမ်းမြောက်ပိုင်းမှာ စစ်ဘေးရှောင် အရေအတွက် တရိပ်ရိပ်နဲ့ တိုးလာနေပြီး အခုဆို နှစ်သောင်းနီးပါးအထိကို ရောက်ရှိလို့ လာပါပြီ။
စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နဲ့ အဝတ်အစားအပြင် အမျိုးသမီးနဲ့ ကလေးသူငယ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေ တယ်လို့လည်း ကူညီပေးတဲ့အဖွဲ့တွေကဆိုပါတယ်။
နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိတဲ့ ဦးပိန်တံတား ကျိုးကျ
သီတင်းကျွတ်လပြည့်နေ့ လည်ပတ်သူများတဲ့အတွက် မန္တလေးမြို့၊ အမရပူရမြို့နယ်ထဲက တောင်သမန် အင်းကို ဖြတ်ဆောက်ထားတဲ့ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတား အောက်တိုဘာ ၂၉ ရက်က ကျိုးကျခဲ့ပါတယ်။
တံတားကျိုးမှုကြောင့် အလည်အပတ်လာတဲ့သူ ၄၀ နီးပါး ရေထဲ ပြုတ်ကျခဲ့ပြီး ၂၀ ကျော် (မစိုးရိမ်ရ) ဒဏ်ရာ ကိုယ်စီ ရရှိသွားတယ်လို့ သိရပါတယ်။
ဦးပိန်တံတားဟာ နှစ်ပေါင်းကြာလာတာနဲ့အမျှ ဆွေးမြေ့လာတာကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကစပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်နေရတဲ့အပြင် စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ တိုင်လုံးအချို့ လဲလှယ်တာတွေ ပြုလုပ်ထားရတယ်လို့ သိရပါတယ်။
Burma Associated Press