bap-logo
Weekly

တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

M5T7m4OwdXBOiEEQgBhzh-image

လွန်ခဲ့သော ၂ နှစ် က

ယခုတစ်ပတ်ဟာ သီတင်းကျွတ်ပွဲတော် အခါသမယပါပဲ။ မယ်တော်နတ်သားဆီကနေ လူ့ပြည် ပြန်ကြွလာတဲ့ ဘုရားရှင်ကို ဆီမီးထွန်းပူဇော်ရင်း ပျော်ပွဲရွှင်ပွဲတော် ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ အဲဒီလို ပျော်ပွဲရွှင်ပွဲတွေနဲ့ တိုင်းပြည်ရဲ့ တော်လှန်ရေးရေချိန်ကို ပျက်စီးအောင် နည်းပေါင်းစုံ ကြိုးစားနေခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့ နေရာဒေသအနှံ့ကို ထိုးစစ်ဆင်၊ မီးရှို့ ဖျက်ဆီး၊ ဖမ်းဆီးသတ်ဖြတ် တာတွေကို ကျူးလွန်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့တာက စစ်အာဏာသိမ်းမှု ရက် ၁,၀၀၀ ပြည့်ပါပဲ။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မတိုင်မီ အဖိတ်နေ့ဖြစ်တဲ့ စနေနေ့ဟာ မင်းအောင်လှိုင် အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၁,၀၀၀ ပြည့်တဲ့ နေ့ ပါပဲ။ လူပေါင်း ၄,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ၊ ၂၀,၀၀၀ ကျော် ဖမ်းဆီးခံထားရ၊ ၁ ဒသမ ၆ သန်းကျော် စစ်ဘေးဒုက္ခသည် ဖြစ်နေရဆဲ ကာလပဲ ဖြစ်ပါတယ်။

 

စစ်ကိုင်းမှာ လူ ၂၀ ကျော် နှစ်ရှည်ထောင်ဒဏ်ချခံရ

 

အခုတစ်ပတ်ထဲမှာ စစ်ကောင်စီတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရကို အားပေးထောက်ခံတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်း မြို့နယ်ငါးခုက လူပေါင်း ၂၀ ခန့်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် လေးဦးလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီက အခုလို ဖမ်းဆီး ထောင်ချခဲ့တဲ့ လူတွေဟာ စစ်ကိုင်းတိုင်း ရေဦးနဲ့ မုံရွာ၊ ဖောင်းပြင်နဲ့ ဘုတလင်မြို့နယ်အတွင်းက လူတွေဖြစ်ကြပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့သူတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံ ထားရတဲ့သူတွေ ဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကတော့ လူငယ်သင်တန်း ကျောင်းမှာ အသက်ပြည့်တဲ့ထိ ပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

အကျဉ်းထောင် လူတွေ့ထောင်ဝင်စာ ပြန်ခွင့်ပြုလာ

 

လေးနှစ်နီးပါးကြာ အကျဉ်းထောင် လူတွေ့ထောင်ဝင်စာ တွေ့ဆုံခွင့် တားမြစ်ပိတ်ပင်ထားမှုကို စစ်ကောင်စီက ယခု တစ်ပတ်ထဲမှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ အခု ပြန်လည်ခွင့်ပြုခဲ့တဲ့ လူတွေ့ ထောင်ဝင်စာကတော့ အရင်ရှိထားပြီးဖြစ်တဲ့ သတ်မှတ်ချက်တွေအပြင် ထပ်ထိုးထောက်ခံစာ လိုအပ်မှုသတ်မှတ်ချက်တချို့ကို စစ်ကောင်စီက ဖြည့်စွက်ထည့်သွင်းထားခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေက နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအပါအဝင် လူတွေ့ ထောင်ဝင်စာ တွေ့ဆုံချင်တဲ့ အချို့သော မိသားစုတွေအတွက် အခက်အခဲ ရှိနေတယ်လို့ အကျဉ်းသား မိသားစုဝင် တချို့က ဆိုကြပါတယ်။ ဒါ့ပြင် အကျဉ်းထောင်လူတွေ့ထောင်ဝင်စာ တွေ့ဆုံခွင့်မှာ နှစ် ၂၀ နဲ့အထက် အကျဉ်းသားတွေ တွေ့ဆုံခွင့်ကို ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင် လူတွေ့ ထောင်ဝင်စာ တွေ့ဆုံခွင့်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်အတွက် ရှေ့နေ အမျိုးသမီးတစ်ဦးက လျှောက်ထားတင်သွင်းထားတယ်လို့ ဆိုပါတယ်။

 

စစ်တပ်ကို ဒဏ်ခတ်မှု ပိုလုပ်ဖို့ EU ကို NUG တိုက်တွန်း

 

စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေကို ပိတ်ဆို့မှု တိုးမြှင့်ချမှတ်ဖို့နဲ့ အရင်က ပိတ်ဆို့အရေးယူမှုတွေကို ထိရောက်အောင် လုပ်ဆောင်ဖို့ ဥရောပသမဂ္ဂ ကို အမျိုးသား ညီညွတ်ရေး အစိုးရ- NUG က တိုက်တွန်းခဲ့ပါတယ်။ ဒီတိုက်တွန်းမှုထဲမှာ MFTBI နှင့် MICBဘဏ်တွေကို ထိရောက်တဲ့ ဒဏ်ခတ်မှု လုပ်ဆောင်သလို EU အ ခြေစိုက်ဘဏ်တွေအနေနဲ့လည်း  UOB Singapore ရဲ့ လုပ်ဆောင်ချက်အတိုင်း ဆောင်ရွက်ကြဖို့ NUG က တောင်းဆိုထားခဲ့ပါတယ်။ ဒါ့ပြင် နည်းပညာအကူအညီတွေနဲ့  စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့တွေ NUG ကို ပေးအပ်ဖို့ တောင်းဆိုထားပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲဆန့်ကျင်ဖို့ တောင်းဆိုထားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုတွေဟာ အကြမ်းဖက်မှုတွေကိုသာ ဦးတည်စေပြီး ဒေသအတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တာကို သတိပြုဖို့လည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှု တောင်းဆို ချက်တွေကို ပယ်ချပြီး ကုလသမဂ္ဂ အစည်းအဝေးတွေ အပါအဝင် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှာ စစ်ကောင်စီက တက်ရောက်ခွင့် မရရှိစေရေး တားဆီးပေးဖို့လည်း တောင်းဆိုထားခဲ့ပါတယ်။

 

စစ်ခေါင်းဆောင်အပါ ၁၀ ဦးကို ဖိလစ်ပိုင်မှာတရားစွဲ

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုဖို့ ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင် တရားရေးဌာနကို တိုင်ကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ချင်းပြည်နယ် ထန်တလန် မြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေ သတ်ဖြတ်မှု၊ ဘုရားကျောင်းနဲ့ နေအိမ်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ တိုင်ကြားခဲ့တဲ့ ချင်းတိုင်းရင်းသား ငါးဦးဟာ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဗြိတိန် နိုင်ငံတွေမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ စစ်ခေါင်းဆောင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံဥပဒေအရ ‘နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တခြား လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆွဲဖို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေး ဌာန(The Justice Department )မှာ လျှောက်ထားခဲ့တာလို့ သိရပါတယ်။

 

ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး

 

အခုတစ်ပတ်ထဲ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်တွေ ဧရိယာမှာ စစ်ကောင်စီတပ် အမြစ်ပြုတ်ရေး စစ်ဆင်ရေးကို စတင်ပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ အတူ ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ တိုက်ပွဲတွေဟာ အဲဒီ လမ်းမကြီးတစ်လျှောက် ဖြစ်ပွားနေခဲ့ပြီး တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့အထိ ပြင်းထန်နေတာပါ။ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းတပ်ဖွဲ့ (TNLA)  မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့က အခု စစ်ဆင်ရေးကို ဆင်နွှဲကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

Burma Associated Press

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
စစ်ကိုင်း
အရပ်သား
ထောင်
၁၀၂၇ စစ်ဆင်ရေး
ကိုးကန့်တပ်
ဥရောပသမဂ္ဂ
အမိန့်ချ
အမျိုးသားညီညွတ်ရေးအစိုးရ
စစ်ကောင်စီ
ရက္ခိုင့်တပ်တော်

Share With
bap-logo