bap-logo
Weekly

တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

XDEabtFks7KOQ0GKXSA3w-image

လွန်ခဲ့သော ၂ နှစ် က

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်‌ရေး နောက်ပိုင်း အခုတစ်ပတ်ထဲမှာတော့ မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်း မြို့နယ်အချို့မှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိလာခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ချအညံ့ခံမှုဖြစ်စဉ်တွေလည်း ရှိလာခဲ့ပါတယ်။ စစ်မီးဟာ မြန်မာပြည်အနောက်ပိုင်း ရခိုင်ဒေသနဲ့အလယ်ပိုင်း မန္တလေးဒေသထိ ကူးစက်လာနေခဲ့ပြီး တိုက်ပွဲ ဖြစ်စဉ် အများစုမှာ စစ်ကောင်စီတပ်သားတွေရဲ့ အကျအရှုံးနဲ့ အညံ့ခံမှုတွေကို မြင်တွေ့လာနေရတာပဲဖြစ်ပါတယ်။ တိုက်ပွဲသတင်းတွေနဲ့အတူ ဒီတစ်ပတ်မှာ စိတ်ဝင်စားဖွယ်ရာ သတင်းတချို့ကို ကောက်နုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

 

တပ်ရင်းတစ်ရင်းလုံး အညံ့ခံအလင်းဝင်

 

စခန်းသိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ပိုင်းလောက်ကိုင်ဒေသအတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီခြေမြန် တပ်ရင်း ၁၂၉ ဟာ တပ်ရင်းတစ်ခုလုံး ကိုးကန့်တပ် (MNDAA) ထံ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ပထမဦးဆုံး တပ်ရင်းအလိုက် လက်နက်ချ အညံ့ခံတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၂၆ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၀ အလင်းဝင်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီတပ်ရင်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် အထူး (၁) ရှီးရှမ်းဒေသ မန်လော်ရွာအုပ်စု ရန်ခွမ့်ရွာမှာ အခြေချတပ်စွဲထားတာဖြစ်ပြီး အလင်းဝင်ရောက်မှုကို တပ်ရင်းမှူး ဗိုလ်မှူးကိုယ်တိုင် ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ လက်နက်ချအလင်းဝင်လာသူ တွေထဲက ကျန်းမာရေးမကောင်းသူတွေကို ညီနောင်မဟာမိတ်အဖွဲ့က ဆေးဝါးကုသမှုပေးခဲ့ပြီး တပ်ဖွဲ့ဝင် တစ်ဦးကို ငွေကျပ် ၁၀ သိန်း၊ မိသားစုဝင် တစ်ဦးကို ငွေကျပ် ၁ သိန်းစီ ပေးအပ်ခဲ့ပြီး သွားလိုရာခရီးကို လုံခြုံစွာ ပို့ဆောင်ပေးခဲ့တယ်လို့ (MNDAA) က ထုတ်ပြန်ခဲ့ပါတယ်။

 

တရုတ်က ဆုငွေထုတ်တဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်

 

ကိုးကန့်နယ်ထဲမှာရှိနေတဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် လေးဦးကို ဖမ်းဆီးရမိရေး သတင်းပေးသူကို ဆုငွေ ချီးမြှင့်မယ်လို့ တရုတ်က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေ လိမ်လည်မှုဂိုဏ်းတွေကို ချေမှုန်းဖို့ အင်တိုက်အားတိုက်လုပ်နေတဲ့ တရုတ်ဟာ အဆိုပါ ဂိုဏ်းခေါင်းဆောင် လေးယောက်အတွက် ယွမ် တစ်သိန်းကနေ ငါးသိန်းထိ ဆုကြေးငွေ သတ်မှတ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ဂိုဏ်းခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံသား ကိုးကန့်သူဌေးတွေဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေလိမ် လည်တဲ့ လုပ်ငန်းတွေလုပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငွေကြေးပေးပြီး အကာအကွယ် ယူခဲ့တယ် လို့ ဆိုပါတယ်။ အဆိုပါလေးဦးအနက် ကိုးကန့်သူဌေး မြီရှောက်ချန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ကိုယ်စားပြု အမတ်တစ်ဦးလည်း ဖြစ်ပြီး ကျန်သုံးဦးကတော့ သူ့ရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။

 

တရုတ်က ဆုငွေပေးမယ်လို့ ထုတ်ပြန်ပြီး သုံးရက် မြောက်နေ့မှာတော့ စစ်ကောင်စီဟာ အဆိုပါ ဂိုဏ်းခေါင်းဆောင်လေးဦးအနက် ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုလာပြီး တရုတ်အာဏာပိုင်များထံ လွှဲပြောင်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင် ကိုးကန့်သူဌေး ပြည်ခိုင်ဖြိုးအမတ် မြီရှောက်ချန်းကတော့ ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

လောက်ကိုင်၊ ကုန်းကြမ်း ညမထွက်ရ

 

စစ်ရေးပြင်းထန်တင်းမာနေတဲ့ ရှမ်းမြောက် လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသမှာ မနက် ၆ နာရီ၊  ည ၆ ညမထွက်ရ အမိန့် ကို နိုဝင်ဘာ ၁၃ မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်ကိုမနာခံရင် အင်အားသုံးဖမ်းဆီးပြီး ထိ ရောက်စွာ အရေးယူမယ်လို့  လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့ပြင် လူ ၅ ဦးထက်ပိုပြီး စုဝေးတာ၊ လမ်းလျှောက်တာ၊ ဟောပြောလှုံ့ဆော်တာ၊ စီတန်းလှည့်လည်တာတွေ မီးလောင်စေတတ်တဲ့ အရာတွေ၊ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ ပါတယ်။ မြောက်ပိုင်း ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ် အခြေစိုက် စခန်းတွေ အသိမ်းခံ၊ စွန့်လွှတ်ခဲ့ရပြီး လက်နက်ချ အလင်းဝင်တဲ့ ဖြစ်စဉ်တွေရှိလာခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ က ရှမ်းမြောက်ဒေသက မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်‌တွေ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

ရခိုင်မြေက တိုက်ပွဲ

 

စစ်ပွဲတွေရပ်တန့်နေခဲ့တဲ့ ရခိုင်မြေမှာ အခုတစ်ပတ်ထဲမှာတော့ ပြင်းထန်တိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် အေအေအဖွဲ့က နိုဝင်ဘာလ ၁၃ ရက်မှာ မင်းပြား၊ ရသေ့တောင်ဒေသက စစ် ကောင်စီနယ်ခြားစောင့်အထိုင်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် မြို့တော်စစ်တွေနဲ့ အနီးဆုံးမှာရှိနေတဲ့ ပေါက် တောမြို့ မြို့မရဲစခန်းကို နိုဝင်ဘာလ ၁၅ ရက်မှာ သိမ်းယူခဲ့ပါတယ်။

 

ပေါက်တောမြို့ကို သိမ်းယူထားတဲ့ ရက္ခိုင့်တပ်တော်ကို စစ်ကောင်စီဟာ လေကြောင်းကနေရော၊ ရေကြောင်း ကနေပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြို့ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပေမဲ့ မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ‌နိုဝင်ဘာလကုန်ပိုင်းကတည်းက အပစ်ရပ်ထားပြီးနောက် တကျော့ပြန် ဖြစ်ပွားလာတဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ၁၀၂၇ ရဲ့ ဗျူဟာလည်း ဖြစ်ပုံပါပဲ။

 

အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၃ ရက် ကစပြီး နိုဝင်ဘာလ ၁၇ ရက်ထိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ ၂၀ ခန့် ရှိနေတယ်လို့ ဆိုပါတယ်။

 

အာဆီယံ ကာဝန်အစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

 

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခွင့်ရခဲ့တဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ဒီနှစ်မှာတော့ စစ်ကောင်စီက‌ တက်ရောက်ခွင့်မရခဲ့ပါဘူး။

 

အဲဒီအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို ကျန်အာဆီယံ ၉ နိုင်ငံနဲ့ အရှေ့တီမောက လေ့လာသူအဖြစ်တက်ရောက်ခဲ့ပြီး မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါတယ်။

 

အဆိုပါ အစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုမှာ မြန်မာ့တော်လှန် ရေး အင်အားစုအဖွဲ့ပေါင်း ၈၀ ခန့်က ထို အစည်းအဝေးတွေကနေ  စစ်ကောင်စီ အဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ အပါအဝင် အချက် ၃ ချက်ကို အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပါတယ်။

 

 ၅၄ ခြံရှေ့က ဆိုင်းဘုတ်နဲ့ အလံ ဖြုတ်ချခံရ

 

ရန်ကုန်ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  ခွပ်ဒေါင်းပုံနဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်တွေက ဦးဆောင် ပြီး နိုဝင်ဘာလ ၁၂ ရက်မှာ လာရောက်ဖြုတ်ချခဲ့ပါတယ်။ တစ်စုံတစ်ရာ အကြောင်းကြားမှုမရှိဘဲ အခုလို လာ ရောက် ဖြုတ်ချသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်တွင်းမှာ ကျန်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်းမှာ အခုလို ပါတီဆိုင်းဘုတ်နဲ့ အလံတွေကို ဖြုတ်ချဖို့ လုပ်ဆောင်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ရေး နောက်ဆက်တွဲ ဘဏ်ကောလာဟလ

 

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးအပါအဝင် တစ် ပြည်လုံးအနှံ့မှာ ဖြစ်ပွားလာနေတဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ ရှိနေတဲ့ ပုဂ္ဂလိကဘဏ်တွေပိတ်သိမ်းပြီး ဝန်ထမ်းတွေကို နှစ်လစာ ကြိုထုတ်ပေးတယ်ဆိုတဲ့သတင်းတွေ နိုဝင်ဘာ ၁၅ ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ မြို့ကြီးတွေမှာရှိတဲ့ ဘဏ်တွေမှာ ငွေထုတ်သူတွေ တန်းစီနေရတဲ့အကြောင်း၊ ထုတ်ပေးဖို့ ငွေမရှိလို့ ထုတ်မရခဲ့တဲ့အကြောင်း သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။  ဒီသတင်းတွေနဲ့ပတ်သက်လို့ ဘဏ်တွေ ပုံမှန်လည်ပတ်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က နိုဝင်ဘာလ ၁၇ ရက်မှာ ယင်းလက်အောက်ခံ သတင်းစာတွေမှာ ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ ၂၀၀ ကျပ်ကျော်ထိ မြင့်တက်သွားခဲ့ပြီး ဘဏ်တွေမှာ ငွေထုတ်သူတွေ အရင်ထက်ပို များလာခဲ့ပါတယ်။ စစ်ကောင်စီကတော့ အဆိုပါသတင်းဖြန့်သူကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

 

Burma Associated Press

၁၀၂၇ စစ်ဆင်ရေး
တရုတ်
ကိုးကန့်
လောက်ကိုင်
အာဆီယံ
ညမထွက်ရအမိန့်
ရှမ်း
ရခိုင်

Share With
bap-logo