Weekly
ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
အခုတစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်စဉ် သတင်းများကို ဖော်ပြလိုက်ရပါတယ်။
မြန်မာအလုပ်သမားအေဂျင်စီ ၄၃ ခု လိုင်စင် ရာသက်ပန် ရုပ်သိမ်းခံရ
ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်နေတဲ့ မြန်မာအေဂျင်စီ ၄၃ ခုရဲ့ လိုင်စင်ကို ရာသက်ပန် ရုပ်သိမ်း ပြီး နောက်ထပ် အေဂျင်စီ ၈ ခုကို လိုင်စင် ၆ လကနေ ၁ နှစ် ယာယီရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ထိုင်းကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦးနဲ့ ထိုင်းအေဂျင်စီ (၂၀) ခုတို့ကိုလည်း အမည်ပျက်စာရင်းသွင်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၄၈၇ ခုနဲ့ (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၄၇ ခု ရှိတယ်လို့ သိရပါတယ်။
ပျက်ကျ တိုက်လေယာဉ် လေယာဉ်မှူးတစ်ဦး ဖမ်းမိ
ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေက ပွိုင့်ဖိုက်သေနတ်တွေနဲ့ ပစ်ချခဲ့တဲ့ K 8 အမျိုးစား တိုက်လေယာဉ်က လေယာဉ်မှူးတစ်ဦးကို လေယာဉ်ပျက်ကျအပြီး ၉ ရက်အကြာမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ လေယာဉ်မှူးဟာ တောင်ငူလေတပ်က ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ဗိုလ်မှူးခိုင်သန့်မိုး ဖြစ်ပြီး တွဲဖက်လေယာဉ်မှူးဖြစ်သူ ဗိုလ်ဇာနည်မောင်က ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ-IEC က အသိပေးထားပါတယ်။
ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း IECနဲ့ NUG တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးကာလတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ သုံ့ပန်းများစွာ ရှိခဲ့ပေမယ့် အခုဖမ်းမိတဲ့ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကိုတော့ ‘စစ်ရာဇဝတ်သား’ ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန- MOD က အတိအလင်း သုံးစွဲလာပါတယ်။
အွန်လိုင်းငွေလိမ်သူ သုံးသောင်းကျော် တရုတ်ဘက်ကို လွှဲပြောင်းထား
မြန်မာနိုင်ငံ မြောက်ပိုင်းက အွန်လိုင်းငွေလိမ်လည်သူ သံသယ တရားခံ ၃၁,၀၀၀ ဦးကို သက်ဆိုင်ရာ ဒေသက တရားဥပဒေစိုးမိုးရေးဌာနတွေကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးပြီး ဖြစ်တယ်လို့ တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက ကိုးကား ရေးသားထားပါတယ်။
လွှဲပြောင်းပေးသူတွေထဲမှာ နောက်ကွယ်က ရင်းနှီးမြှုပ်နှံသူ၊ အဖွဲ့ခေါင်းဆောင်၊ အမာခံအဖွဲ့ဝင် ၆၃ ဦးနဲ့ အွန်လိုင်း တရားခံပြေး ၁,၅၃၁ ဦး ပါဝင်တယ်လို့ ဆင်ဟွာက ဖော်ပြထားပါတယ်။
အခုနှစ် နိုဝင်ဘာလကစပြီး တရုတ်က တရုတ်-မြန်မာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းမှု တွေကို တစ်ဆင့်တိုးဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက အွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရေးမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့် အွန်လိုင်းလိမ်ညာမှုအဖွဲ့ရဲ့ အဓိက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မြီကော်ဖျင်း (Ming Guoping)၊ မြီကျွီလန် (Ming Julan) နဲ့ မြီကျိန်းကျိန်း (Ming Zhenzhen) တို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ခေါင်းဆောင် မြီရှောက်ချန်း (Ming Xuechang)က ဖမ်းဆီးခံရချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။
မြန်မာကနေ လွှဲပြောင်းထားတဲ့ အွန်လိုင်းလိမ်လည်မှု သံသယတရားခံတွေကို ပြစ်မှုဆိုင်ရာ ဒေသပြည်သူ့ လုံခြုံရေးဌာနတွေက ထိန်းသိမ်းထားပြီး ပြစ်မှုတွေကို ဥပဒေနဲ့အညီ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးသွားမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်ထားတယ်လို့ ဆင်ဟွာမှာ ရေးသားထား ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ၁၁ လအတွင်း မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၁၇,၀၀၀ နီးပါး ဆုံးရှုံးခဲ့
မြန်မာနိုင်ငံတဝှမ်း အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ မီးလောင်မှု ၁,၂၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၇,၀၀၀ နီးပါး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။
မီးလောင်မှုတွေကြောင့် သေဆုံးသူ ၇၅ ဦး၊ ဒဏ်ရာရသူ ၁၈၄ ဦး ရှိခဲ့ပြီး မီးဘေးဒုက္ခသည်ပေါင်း ၉,၇၁၂ ဦးရှိတဲ့အပြင် အိမ်ခြေအဆောက်အဦပေါင်း ၃,၁၀၀ ကျော်၊ စက်ရုံအလုပ်ရုံပေါင်း ၁၇ ရုံ၊ ဂိုထောင်ပေါင်း ၁၄၆ လုံး ဆုံးရှုံးခဲ့တယ်လို့လည်း ဦးသက်ထွန်းဦးရဲ့ ပြောကြားချက်ကို ဆင်ဟွာက ဖော်ပြပါတယ်။
အရင်နှစ် အလားတူကာလမှာ မီးလောင်မှု ၁,၄၀၀ ကြိမ်၊ သေဆုံးသူ ၈၅ ဦးနဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၆,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး မီးလောင်မှု အများစုဟာ ပေါ့ဆမှုနဲ့ လျှပ်စစ်မီးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကြီးမီးပျံပွဲ ဆုကို မဲပေးစနစ်နဲ့ လူစိတ်ဝင်စားအောင် စစ်ကောင်စီ ကြိုးပမ်းနေ
အခုနှစ် နိုဝင်ဘာ ၂၁ ကနေ ၂၇ ရက်အထိ တောင်ကြီးမှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော်က မီးပုံးပျံပွဲဆုတွေကို လူစိတ်ဝင်စားအောင် မဲပေးစနစ်နဲ့ ဆုပေးရွေးချယ်သွားဖို့ စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။
ကရင်နီ(ကယား)က တိုက်ပွဲတွေကြောင့် လွိုင်ကော်ကနေ တောင်ကြီးမြို့ကို ပြောင်းရွှေ့လာတဲ့ စစ်ရှောင်တွေ ရှိတဲ့အတွက်-
“ဘေးအိမ်က နာရေးဖြစ်လို့ ကိုယ့်အိမ်မှာ ခဏလာတည်းနေတာကို အိုးစည် ဗုံမောင်းနဲ့ ပျော်ပြနေတာ မဖြစ်သင့်ဘူးလေ” လို့လည်း တောင်ကြီးဒေသခံတွေက ဝေဖန်နေကြပါတယ်။
ပြိုင်ပွဲဝင် မီးပုံးပျံပုံတွေ ပေးပို့ရာမှာလည်း MPTဖုန်းနဲ့သာ SMS ပေးပို့ရမှာဖြစ်ပြီး Voting System နဲ့ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ ပေးသွားမယ့်အပြင် မီးပုံးပျံကြည့်ရှုမယ့် ပရိတ်သတ်ဆီကနေ အခကြေးငွေ မကောက်ခံဘူးလို့ မီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ကြေညာထားပါတယ်။
အဝေရာ မီးပုံးပျံကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲအပါအဝင် ညလွှတ်မီး၊ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံတွေ လွှတ်တင်သွားမယ်လို့ သိရပါတယ်။
ဘဏ်က ကျပ်သိန်း ၁,၀၀၀ အထက် ထုတ်သူတွေ စောင့်ကြည့်ခံနေရ
ဘဏ်တွေကနေ ငွေ ကျပ် သိန်း ၁,၀၀၀ နဲ့အထက် ထုတ်ယူနေသူတွေရဲ့ စာရင်းအချက်အလက်တွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့-FIU ဆီ ပေးပို့ပြီး အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
အနီးကပ်စောင့်ကြည့်တာတွေ ဖြစ်တဲ့အတွက် စျေးကစားမှုထဲမှာပါရင် ထိထိရောက်ရောက် အရေးယူ မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့ အလင်းသတင်းစာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကနေ ကြုံတွေ့နေရတဲ့ ဘဏ်ငွေထုတ်ယူမှုမျိုး ဒုတိယမြောက်အခြေအနေနဲ့ ရင်ဆိုင် နေရတယ်လို့ဆိုပြီး ပထမအကြိမ်တုန်းကလို ရာခိုင်နှုန်းတွေပေးပြီးထုတ်ယူရမှာကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။
လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမအားလုံးဘေးကင်း
နိုဝင်ဘာ ၁၃ ရက် လွိုင်ကော်တက္ကသိုလ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိပြီး KNDF က ကယ်ထုတ်သွားတဲ့ ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင် ၂၀၄ ဦး လုံခြုံ ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က အသိပေးလာပါတယ်။
IEC ရဲ့စာရင်းအရ အသက် ၅၉ နှစ်အရွယ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ အသက် ၅၄ နှစ်အရွယ် ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် အမျိုးသမီး ၁၄၉ ဦးနဲ့ အမျိုးသား ၅၅ ဦး ပါဝင်ပြီး ၁၈ နှစ်အောက် ကလေး ၃၁ ဦး ပါဝင်ပါတယ်။
လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေကို လူသားချင်းစာနာ ထောက်ထားရေး၊ လူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက် ထားပြီး မိသားစုတွေနဲ့အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ရေး IEC က ဆက်လက်လုပ် ဆောင်ပေးနေတယ်လို့ အသိပေးထားပါတယ်။
‘ကယား’ အစား ‘ကရင်နီ’ ပြောင်းသုံးဖို့ KSCC အသိပေး
စစ်အာဏာရှင်က မတရားခေါ်ဝေါ်ခဲ့တဲ့ ‘ကယားပြည်နယ်’ အသုံးအနှုန်းအစား ‘ကရင်နီပြည်နယ်’ ပြောင်းလဲ သုံးနှုန်းဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- KSCC က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
သတင်းမီဒီယာတွေနဲ့ တခြား အစုအဖွဲ့တွေကလည်း သတင်းတွေ ဖော်ပြရာမှာ ‘ကရင်နီ’ ဆိုပြီး သုံးနှုန်း ပေးကြဖို့ကိုလည်း KSCC က တိုက်တွန်းထားပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ဗြိတိလျှအစိုးရဆီက မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလ အစိုးရက ကရင်နီပြည်ကို ဗမာပြည်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သွပ်သွင်းခဲ့ပြီး ၁၉၅၁ ခုနှစ် ပါလီမာန်မှာ ‘ကယားပြည်နယ်’ လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၅၁ ခုနှစ်မတိုင်ခင်အထိ နိုင်ငံတကာနဲ့ ဒေသတွင်း မှီတင်းနေထိုင်သူတွေက ကရင်နီမျိုးနွယ်စု အားလုံး ကို စုပေါင်းပြီး "ကရင်နီ" ဆိုတဲ့ အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံထားခဲ့တာ ဖြစ်တယ်လို့ KSCC က အသိပေးထားပါတယ်။
မြိုတိုင်းရင်းသားပါတီကို ရွေးကောက်ပွဲ ကော်မရှင် ဖျက်သိမ်း
သူတို့သဘောဆန္ဒနဲ့ ပါတီဖျက်သိမ်းပေးဖို့ တောင်းဆိုလာတဲ့ ရခိုင်ပြည်နယ်အခြေစိုက် မြိုတိုင်းရင်းသား ပါတီကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၂ ရက်မှာ အတည်ပြုဖျက်သိမ်းပေးခဲ့ပါ တယ်။
အဲမတိုင်ခင် နိုဝင်ဘာ ၂၀ ရက်တုန်းက လောက်ကိုင်မြို့အခြေစိုက် ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီကို စစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ ပါတီမှတ်ပုံတင်ဥပဒေနဲ့ ပါတီမှတ်ပုံတင်ပြီး သုံးလအတွင်း ပါတီဝင်အင်အား လူတစ်ထောင်မစုနိုင်တဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီအပါအဝင် စစ်ကောင်စီက ဖျက် သိမ်းထားတဲ့ နိုင်ငံရေးပါတီပေါင်း ၈၀ ခုထက်မနည်းရှိပြီး နိုင်ငံရေးပါတီ ၃၇ ခုကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားပါတယ်။
ဓာတ်ပုံ- ဆင်ဟွာ