Weekly
တစ်ပတ်တာပြည်တွင်းသတင်းကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
နိုင်ငံနေရာပေါင်းစုံမှာ ရှုံးပွဲကြုံနေရတဲ့စစ်ကောင်စီဟာ ယခုတစ်ပတ်မှာလည်း သူအားသာတဲ့ လေကြောင်း တိုက်ခိုက်မှုကို ရှုံးမဲ မဲပြီး ပိုပိုတိုးလုပ်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နဲ့ လားရှိုးမြို့တို့မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး လူဦးရေ သုံးဒါဇင်ကျော် တစ်ရက်တည်းသေဆုံးခဲ့ပါတယ်။
ခမ်းပတ်မြို့နားက ကနန်စံပြကျေးရွာမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသုံးလုံးချခဲ့ရမှာ ကလေး ၉ ယောက်အပါအဝင် အနည်းဆုံးလူ ၁၇ ဦး သေဆုံးပြီး ၂၀လောက်ဒဏ်ရာရခဲ့ပါတယ်။ ခမ်းပတ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ် ဖွဲ့တွေက နိုဝင်ဘာလကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆင်မြို့နယ် မြို့သစ်ရွာမှာလည်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပညာရေးဝန်ထမ်း နှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။ လားရှို့မြို့နယ် မိုင်းယော်တိုက်နယ်မှာလည်း လေကြောင်းတိုက်ခိုက် မှုကြောင့် ကလေးလေးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြန်ပါတယ်။
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး အမေရိကန်တွင် ကွယ်လွန်
‘မောင့်အချစ်မြှားစူး’ ‘နှင်းပျောက်တဲ့နွေ’ ‘သက်တံ့ပေါ်မှာကစားမယ်’ ‘မေ့ကွက်ကိုရှာ’ အစရှိတဲ့သီချင်းအပါအဝင် နာမည်ကြီး ဓါတ်ပြားသီချင်းများစွာသီဆိုခဲ့တဲ့ မြန်မာသံအဆိုတော်ကြီး ဒေါ်မာမာအေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကွယ်လွန်ခဲ့ပါတယ်။
မြန်မာ့ဂီတလောကရဲ့ အထွဋ်အခေါင်တစ်ဦးဖြစ်တဲ့ ဒေါ်မာမာအေးဟာ သူနေထိုင်ရာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖိုဒ့်ဝိန်းမြို့က နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပြီး အသက်အရွယ်အားဖြင့်တော့ ၈၁ နှစ်ရှိခဲ့ပြီလို့ သိရပါတယ်။
ဒေါ်မာမာအေးဟာ မြန်မာ့အသံလက်ထောက်ထုတ်လွှင့်ရေးမှူး၊ မြန်မာနိုင်ငံဂီတကောင်စီအမှုဆောင်နဲ့ ဂီတ ပဒေသာမဂ္ဂဇင်း ကော်မတီဝင်၊ အမျိုးသား ဂီတပညာရှင်များအဖွဲ့ချုပ်အတွင်းရေးမှူး၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အဆိုအဖွဲ့ အတွင်းရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်မာမာအေးဟာ စစ်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ရပြီး အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်ခဲ့တာပါ။
မှတ်တမ်းရုပ်ရှင်ဖန်တီးရှင် ရှင်ဒေဝီ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီကို ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းတရားရုံးရဲ့ စစ်ခုံရုံးက ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ရှင်ဒေဝီဟာ အွန်လိုင်းက မှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အောင်မင်္ဂလာအဝေးပြေးကားရပ်နားစခန်းမှာ သွားယူနေချိန်မှာပဲ ဖမ်းဆီးခံရတာဖြစ်ပြီး အကြမ်းဖက်ဥပဒေနှစ်ခုနဲ့ တရားစွဲထောင်ချခံရတာပါ။
ရှင်ဒေဝီဟာ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအရေးအခင်းအကြောင်း မှတ်တမ်းတင်ရိုက်ကူးသူဖြစ်သလို သတင်းများပို့ပေးခဲ့တဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်း မှတ်တမ်းရုပ်ရှင်တွေကို ဇောက်ချရိုက်ကူးခဲ့တဲ့ ရှင်ဒေဝီဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရရှိထားသူ ဖြစ်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်သစ် မြန်မာကိုလာရောက်
၂၀၂၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဌတာဝန်ယူဆောင်ရတဲ့ လာအိုနိုင်ငံက ခန့်ထားတဲ့ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Alounkeo Kittikhoun နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်မှာ အာဆီယံ ဘုံသဘော တူညီချက်ငါးရပ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
မြန်မာပြည်ဟာ သံတမန်ဆက်ဆံရေးသင်္ချိုင်းအဖြစ် နာမည်ကျော်တဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၂၁ အာဏာ သိမ်းပြီးနောက် ခန့်ခဲ့တဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ် သုံးဦးရှိခဲ့ပြီး အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပေမယ့် အောင်မြင်တဲ့ ရလဒ်ကို မဖော်ဆောင်နိုင်ခဲ့ပါဘူး။ လာအို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ဝါရင့်သံတမန် ALounkeo Kittikhounရဲ့ အားထုတ်မှုကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ ဒုတိယအကြိမ် ယာယီအပစ်ရပ်ဖို့သဘောတူ
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ကနေ ၁၁ အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆွေးနွေးညှိနှိုင်းမှုလုပ်ခဲ့ကြပြီး ရှမ်းမြောက်မှာ ယာယီအပစ်ရပ်ဖို့သဘောတူခဲ့ကြတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းကလည်း အပစ်ရပ်ဖို့သဘောတူခဲ့ကြပေမယ့် တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ထပ်မံဆွေးနွေးမှုလုပ်ပေမယ့် မအောင်မြင်ခဲ့ပါဘူး အခုအပစ်ရပ်ခြင်းကတော့ တတိယအကြိမ်ဆွေးနွေးမှုကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုမလုပ်ဖို့နဲ့ ညီနောင်သုံးဖွဲ့ဘက်က ထိုးစစ်ဆက်မလုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။
စစ်ကောင်စီက ဝန်ကြီးနေရာအချို့ အပြောင်းအလဲထပ်လုပ်
စစ်တပ်အာဏာသိမ်းပြီးနောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ရဲ့ ပြည်ထောင်စု ဝန်ကြီးရာထူးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် စစ်ကောင်စီက တနင်္လာနေ့မှာ အပြောင်းအလဲလုပ်လိုက်ပါတယ်။
ပြီးတော့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို စစ်ကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန ၁ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို စစ်ကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန ၂ ဝန်ကြီးနှစ်နေရာကို ပြောင်းလဲလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအဖက်ဖက်ကရှုံးနိမ့်လာတာနဲ့တပြိုင်နက်တည်း ရာထူးနေရာ အပြောင်းအလဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်နေတာတွေ့ရပါတယ်။
Photo - AP