bap-logo
Weekly

ဘီအေပီ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

d1r2n0jwVbk4zqZBlne-2-image

လွန်ခဲ့သော ၂ နှစ် က

 

နှစ်ဟောင်းကုန်၍ နှစ်သစ်က ရောက်လာတော့မှာဖြစ်ပါတယ်။ တော်လှန်ရေးခရီးကား သုံးနှစ်တာကာလထဲ ရောက်လာခဲ့ပြီဖြစ်သလို ဖြတ်သန်းမှုပေါင်းများစွာကိုလည်း ရင်ဆိုင်ကျော်ဖြတ်နေရဆဲပါပဲ။ ဒီလိုကာလထဲ ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေကလည်း မနည်းပါဘူး။ အောင်မြင်မှုလို့ ဆိုနိုင်တဲ့ မိုင်တိုင်အမှတ်အသား တွေလည်း ရှိခဲ့ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နေ့ရက်တွေဟာ ရပ်တန့်ထားမရ ရွေ့လျားကုန်လွန်နေခဲ့တာမို့ အဖြစ်အပျက်တွေကလည်း နေ့စဉ်ဖြစ် ပျက်နေတုန်းပါပဲ။ ဒီအဖြစ်အပျက်တွေထဲ အခုတစ်ပတ်ကောင်းနိုးဖွယ်ရာ သတင်းတချို့ကို ကောက်နုတ်တင်ပြသွားပါ့မယ်။

 

ပထမဦးဆုံး မြေပြင်နွေဦးဘဏ်

 

နွေဦးတော်လှန်ရေး ကာလအတွင်း ထူထောင်ထားခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဒစ်ဂျစ်တယ် အွန်လိုင်းဘဏ်တစ်ခုဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ( Spring Development Bank ) ရဲ့ ပထမဦးဆုံး မြေပြင်ဘဏ်ခွဲကနေ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ယင်းဘဏ်က ဒီဇင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီမြေပြင်ဘဏ်ခွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး မကြာမီမှာ ဘဏ်ဝန်ဆောင်မှု တွေ ဆောင်ရွက်ပေးသွားမယ် လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ နိုဝင်ဘာလအစောပိုင်းက စစ်ကောင်စီထံက သိမ်းယူထားခဲ့ပြီးဖြစ်ကာ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုပါ စတင်ဆောင်ရွက်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်အကြံပေးရဲ့တူ ယာဉ်တိုက်မှုကြောင့် သေဆုံး

 

စီးပွားရေးကော်ပိုရေးရှင်း (MEC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောရဲ့ တူဖြစ်သူဟာ ခရစ္စမတ်နေ့မှာ ယာဉ်တိုက် မှုဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။ ၎င်းဟာ မောင်းနှင်လာတဲ့ ကားကို အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓာတ်တိုင်ကို ဝင် တိုက်မိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောဟာ စစ်ကောင်စီရဲ့ အကျိုးစီးပွားကို အဓိက လုပ် ဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လူယုံတစ်ဦးလည်းဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။ စစ်ကောင်စီအတွက် နိုင်ငံခြားငွေနဲ့ စက်သုံးဆီဆိုင် ရာ ကိစ္စတွေကို အဓိက လုပ်ဆောင်ပေးနေသူဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်တာဝန်ယူထားသူဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဟာ သရုပ်ဆောင် မေသဉ္ဇာဦးရဲ့ သားလည်းဖြစ်ပါတယ်။

 

မြောက်ဦး ရှေးဟောင်းနေရာတချို့ လက်နက်ကြီးကျရောက်ပျက်စီး

 

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်း သုတေသန ပြတိုက်နဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ဒီဇင်ဘာလ ၂၅ ရက် မနက်ခင်းမှာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် မြောက်ဦးရှေးဟောင်းပြတိုက် အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း ()ကျောင်းပါ လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

 

ဒါ့အပြင် ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းထားတဲ့ ပြခန်းအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် သမိုင်းဝင်ရှေးဟောင်း‌ပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။ ဒေသခံတွေ အဆို အရ ဘီစီ ရာစု၊ အေဒီ ရာစု၊ ၁၅ ရာစုတွေမှာ ထင်ရှားခဲ့တဲ့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦးခေတ်က အစားထိုး မရနိုင် တဲ့ ကျောက်စာ၊ ရုပ်တု၊ ပန်းကန်ပြားတွေ ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။

 

အခုလို မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်က နှစ်ထောင်ချီသက်တမ်းရှိ ကျောက်စာတိုင်တွေနဲ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတွေ ပျက်စီးတဲ့အထိ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စာရင်းတင်သွင်းကြိုးပမ်း ဆောင်ရွက်နေမှုကို သိလျက်နဲ့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာလို့ ရက္ခိုင့်တပ်တော် ကဆိုပါ တယ်။ စစ်ကောင်စီတပ်ကတော့ ပစ်ခတ်မှုကို သူတို့မလုပ်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

 

UMFCCI ကို NUG ဖျက်သိမ်း

 

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ကို ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်း တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ အဆိုပါ အသင်းချုပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင် ရွက်နေတဲ့အတွက်လို့ ဆိုပါတယ်။

 

အဆိုပါ အသင်းချုပ်ဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ပြည်သူအကျိုးကို ဦးစားပေးဖို့ တာ ဝန်ရှိပေမယ့် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် ငွေကြေးထောက်ပံ့ကူညီတာ၊ ပူးပေါင်းပါဝင် ဆောင်ရွက်တာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျူးလွန်တာ စတဲ့ နည်း တွေနဲ့ စစ်ကောင်စီအပေါ် အကျိုးပြုနေတာကို သုံးသပ်တွေ့ရှိတာကြောင့် အခုလိုဖျက်သိမ်းတာ ဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

 

ထုတ်ပြန်ချက်ထဲမှာ အသင်းချုပ်ရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ထုတ်ယူသုံးစွဲတာကို တားမြစ်တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် အသင်းချုပ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းလုပ်ဆောင်တာ၊ ပိုင်ဆိုင်မှု နဲ့ ဘဏ္ဍာငွေတွေကို ဆက်လက်သုံးစွဲတာ၊ လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေအနေနဲ့ အဖွဲ့အစည်း နာမည်နဲ့ ဆက် လက် လုပ်ဆောင်နေတာဆိုရင် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူတွေအဖြစ်သတ်မှတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

 

ပုသိမ်မှာ အထည်ချုပ် ရုံပိတ်သိမ်း

 

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ စက်ရုံတွေဟာ ဒီဇင်ဘာလ အစောပိုင်းမှာ ပိတ်သိမ်းခဲ့တာဖြစ်ပြီး နောက်ဆုံးပတ်ထိ စက်ရုံအလုပ်သမားတွေဟာ နစ်နာကြေး မရဘဲရှိနေတယ်လို့ ဆိုပါတယ်။ Haubo Times He Shan နဲ့ North Shore စတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံသုံးရုံဟာ အထည်ချုပ်ဖို့ အပ်ထည်အမှာ မရှိတာ၊ ကုန်ကြမ်း ပစ္စည်းမရတာ၊ လျှပ်စစ်မီး အပြည့်အဝမရတာနဲ့ စက်သုံးဆီဝယ်ယူဖို့အခက်အခဲကြုံရတာတွေကြောင့် အခုလို ပိတ် သိမ်းရတာလို့ ဆိုပါတယ်။

 

နမ္မတူမြို့ကို TNLA သိမ်းပိုက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့တစ်ခုလုံးကို တအာင်း အမျိုးသားတပ်မတော် (TNLA) က ဒီဇင်ဘာလ ၂၈ ရက် မှာ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မြို့အထိုင် စစ်ကောင်စီတပ် ခမရ (၃၂၄) ကို အပြီးသတ် တိုက်ခိုက်ပြီး မြို့ကို အခုလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ TNLA တပ်ဖွဲ့ဟာ ဒီဇင်ဘာလ တတိယပတ်ထဲကစပြီး နမ္မတူမြို့ကို သိမ်းပိုက် နိုင် ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ မြို့မကျရေး လေကြောင်းကနေ အပြင်းအထန် တိုက် ခိုက်နေခဲ့တာဖြစ်ပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် နမ္မတူမြို့တွင်း နေအိမ်တွေပျက်စီးတာ အပြင် လူတချို့လည်း သေဆုံးခဲ့ပါတယ်။ နမ္မတူမြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိလာနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ လုံခြုံတဲ့ နေရာမှာပဲနေကြဖို့ TNLA က ထုတ်ပြန်ထားခဲ့ပါ တယ်။ တိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

 

Photo - မူရင်းပိုင်ရှင်ကို ခရစ်ဒစ်ပေးပါသည်။

 

Burma Associated Press

မြန်မာ
နွေဦးဖွံ့ဖြိုးရေးဘဏ်
ကောလင်း
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
NUG
နမ္မတူမြို့
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
မြောက်ဦး

Share With
bap-logo