Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ဒီတစ်ပတ်မှာလည်း အခြေမလှနေတဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်မှာ နယ်စပ်ဂိတ်တစ်ဂိတ်၊ မြို့တစ်မြို့နဲ့ တပ်စခန်းများစွာကို ထပ်ပြီးစွန့်လွှတ်ခဲ့ရပြန်ပါတယ်။
ဒီဇင်ဘာလပထမပတ်လောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို တရုတ်က ဖျန်ဖြေမှုလုပ်ခဲ့ပြီး ကိုးကန့်ဒေသမှာလည်း တိုက်ပွဲတွေ ခေတ္တငြိမ်သက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ MNDAA က ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ထိန်းချုပ်မှုရယူလိုက်ပါတယ်။ တနင်္လာနေ့မှာ ပြည်သူ့စစ်တွေလက်နက်ချပြီးနောက် လောက်ကိုင်မြို့က အဆိုပါဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ ရန်လုံကျိုင်းနဲ့ပါဆိုရင် MNDAA ကသိမ်းပိုက်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် ငါးဂိတ်ရှိပါပြီ။ ရန်လုံကျိုင်းအသိမ်းခံရပြီး နောက်ရက်တွေမှာတော့ လောက်ကိုင်မြို့ထဲ တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပါတယ်။
အင်္ဂါနေ့မှာလည်း TNLA က နမ့်ခမ်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မြို့နားက စစ်တပ်ရဲ့ စခန်းသစ်ကုန်းကို တစ်လလောက်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ချက်တွေက ဆိုပါတယ်။
TNLA ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း တအာင်းစော်ဘွားတွေနန်းစိုက်ခဲ့တဲ့ နမ့်ဆန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကို စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်ဟု Amnesty International ဆို
ညီနောင်မဟာမိတ်များနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် မြန်မာစစ်တပ်အတွက် အကြီးမား ဆုံး စိန်ခေါ်မှုဖြစ်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းသင့်တယ်လို့ တောင်းဆိုပါတယ်။
ညီနောင်သုံးဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်နေတဲ့စစ်တပ်ဟာ ပြည်သူတွေကို သေဆုံးထိခိုက်အောင် လက်လွတ် စပယ် လုပ်ပြီး နိုင်ငံတကာက တားဆီးထားတဲ့ cluster ဗုံးတွေကိုသုံးခဲ့တဲ့အတွက် စစ်ရာဇဝတ်မှုကျုးလွန်တဲ့ သဘောသက်ရောက်တယ်လို့ Amnesty International က ကြာသပတေးနေ့မှာပြောပါတယ်။
ဗီဒီယိုနဲ့ ဓါတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာပြီး လက်နက်နဲ့ စစ်အသုံးအဆောင်တွေကို ဖော်ထုတ်စိစစ်ခဲ့ရာမှာလည်း စစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို မြေပြင်၊ လေကြောင်း၊ ရေကြောင်းတွေကနေ တိုက်ခိုက်ခဲ့ပြီး Mi- 24 Hind ဟယ်လီကော်ပတာကနေ S-5K ဒုံးကျည်ပစ်ခြင်းနဲ့ သင်္ဘောတွေကနေ ၄၀ မမဗုံး ပစ်ခြင်းတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။
MNDAA မတော်မတရား လူသစ်စုနေတယ်လို့ HRW ပြော
Amnesty International ထုတ်ပြန်ချက်ထုတ်တဲ့ တစ်ရက်တည်းမှာပဲ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က MNDAA ဟာ လူသစ်တွေကို အတင်းအဓမ္မစုဆောင်းနေတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
လောက်ကိုင်နဲ့ရှမ်းမြောက်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို MNDAA က အတင်းလူသစ် စုနေတာဖြစ်ပြီး ဒါဟာ ဥပဒေနဲ့ သွေဖီနေကြောင်းနဲ့ ဒီလိုလုပ်ရပ်ဟာ စစ်ဥပဒေကိုချိုးဖောက်ရာရောက်ကြောင်း ထုတ်ပြန်ချက်ကပြောပါတယ်။
MNDAA နဲ့ စစ်ရှောင်အရပ်သားတွေကို အဓမ္မလူသစ်စုနေတာကိုရပ်သင့်ကြောင်းနဲ့ အရပ်သားတွေကို အကာအကွယ် ပေးသင့်ကြောင်း HRW ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံ ပယ်ချခံရ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဆီက ရွှေနဲ့ ဒေါ်လာများရယူခဲ့တယ်လို့စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ထားတဲ့ အမှုအတွက် အထူးအယူခံကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တနင်္လာနေ့တုန်းက ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေ ၇ ပိဿာနဲ့ ဒေါ်လာခြောက်သိန်းကို ၂၀၁၇ နဲ့ ၂၀၁၈ခုနှစ်အတွင်းမှာ ဦးဖြိုးမင်းသိန်းဆီက ယူခဲ့တယ်လို့ စွပ်စွဲခံရပြီး မနှစ်က ဧပြီလမှာ အဂတိမှုနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ စွပ်စွဲမှုတွေက ‘အဓိပ္ပါယ်မရှိကြောင်း’ ၂၀၂၁ ခုနှစ်က ရှေ့နေတွေကိုပြောခဲ့သလို သူ့တွင်အပြစ်မရှိကြောင်းကိုလည်း တရားရုံးမှာထွက်ဆိုထားပါတယ်။
ဦးကျော်မိုးထွန်း ကုလရဲ့ မြန်မာကိုယ်စားလှယ်အဖြစ်ဆက်ရှိ
ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာ့အရေးကြောင့် နိုင်ငံကိုယ်စားပြုမှု အရေးဆုံးဖြတ်ချက်ကို ထပ်မံ ဆိုင်းငံ့လိုက်တဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ခဲ့ ပါတယ်။
ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရွေးချယ်ရေး ဆုံးဖြတ်ချက်ကို အရင်နှစ်တွေကတည်းက အကြိမ် ကြိမ် ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း သူတို့ပေးတဲ့ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ်၊ မြန်မာမှာ အာဏာသိမ်းပြီးချိန်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုကြောင်း၊ NLD နဲ့ CRPH ကိုသာ ကိုယ်စားပြုကြောင်း မိန့်ခွန်းပြောဆိုခဲ့တာကြောင့် စစ်ကောင်စီက အမျက်ထွက်ပြီး ဦးကျော်မိုးထွန်းကို တာဝန်ကနေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ပြုတ်ကျရေး လက်တွဲလုပ်လိုကြောင်း NUG က ‘၀’ ကို သဝဏ်လွှာပေးပို့ပြောဆို
"ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ-UWSP ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို လေးစားအသိအမှတ် ပြုကြောင်းနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကျရောက်ခဲ့တဲ့ ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG က ထည့်ပြောခဲ့တာပါ။ USWP က ပါတီ ၃၅ နှစ်ပြည့်အခမ်းအနားကို ပန်ခမ်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးနှလုံးစိတ်ဝမ်းမအေးချမ်းစေ၊ ဘေးဒုက္ခရောက်ပြီး မဖွံ့ဖြိုးစေတဲ့စစ်အာဏာရှင်ကို ပြုတ်ကျသွားစေဖို့ တောင်ပေါ်မြေပြန့်သားအားလုံး လက်တွဲတိုက်ပွဲဝင်နေတဲ့ကာလဖြစ်တယ်လို့လည်း NUG ကထည့်ပြောပါတယ်။
Photo - credit to original uploader