Weekly
ဘီအေပီ တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ပြည်ပရောက်မြန်မာတွေထံက ဝင်ငွေခွန်ရဖို့ စစ်ကောင်စီဖိအားပေးလာ
ပြည်ပရောက် မြန်မာတွေရဲ့ လစာဝင်ငွေ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ကောက်ယူတာကို စစ်ကောင်စီသံရုံး အခြေစိုက်တဲ့ နိုင်ငံအသီးသီးမှာ ဒီဇင်ဘာ ၁၁ ရက်စပြီး ပြုလုပ်နေပါတယ်။
စင်ကာပူနဲ့ ကိုးရီးယားမှာ ရှိနေတဲ့ စစ်ကောင်စီမြန်မာသံရုံးတွေက ဝင်ငွေခွန် ဆောင်ဖို့ကို ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်အသိပေးထားကြပြီး ထိုင်းမှာရှိတဲ့ စစ်ကောင်စီသံရုံးကတော့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် စင်ကာပူက မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံကူးလက်မှတ် (Passport) အမျိုးအစား PJ နဲ့ PB ကိုင်ဆောင်ထားသူတွေ ဝင်ငွေခွန်မဆောင်ရင် ပတ်စပို့စ်သက်တမ်းတိုးပေးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် ဒီဇင်ဘာ ၁၂ ရက်မှာ စင်ကာပူက မြန်မာသံရုံးရှေ့မှာ ဝင်ငွေခွန်ဆောင်ဖို့ တန်းစီစောင့်နေသူတွေ များနေလို့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ထိုင်းက စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဝင်ငွေခွန် ပေးသွင်းထားသူတွေက လစဉ် ၇,၅၀၀ ဘတ်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာကို ပြန်ရောက်ချိန်မှာ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းနဲ့ မော်တော်ယာဉ်တွေ ဝယ်ယူချိန် စုဆောင်းထားတဲ့ ငွေဖြူစာရင်းတွေအပေါ် တွက်ချက်ပြီး ဝင်ငွေခွန်တွေ လျှော့ပေါ့ပေးသွားမယ်လို့ မက်လုံး ပေးထားပါတယ်။
စစ်ကောင်စီဟာ အဲလို ဝင်ငွေခွန်ဆောင်ဖို့ကို အခုနှစ် အောက်တိုဘာလတည်းက အခွန်အကောက် ဥပဒေကို ပြင်ဆင်ပြီး ကြေညာချက်ထုတ်ထားတာဖြစ်သလို ပြည်ပရောက် မြန်မာလုပ်သားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ မိသားစုဆီ ပို့ဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။
ရှမ်းမြောက်ညီနောင် သုံးဖွဲ့နဲ့ အပစ်ရပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA၊ ရက္ခိုင့်တပ်တော်-AA တို့ကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တွေ့ခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒါပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာ၊ တွေ့ဆုံခဲ့တာကိုတော့ ထုတ်ပြောတာမျိုး မရှိသလို အခုလကုန်မှာ နောက်ထပ်တွေ့ဆုံမှုတစ်ခု ပြုလုပ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
တစ်ဖက်မှာတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်နေတယ်ဆိုပြီး ညီနောင် မဟာ မိတ် သုံးဖွဲ့က ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တွေ တွေ့ဆုံတဲ့သတင်း ထွက်ပေါ်လာအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိနှင့်ပြီးဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ထားပါတယ်။
တရုတ်ဘက်ကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖို့နဲ့ စစ်ကောင်စီတို့က တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချက် ရလဒ်ကောင်းရရှိခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက NUG တရားရုံး လေကြောင်းဗုံးကြဲခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မင်းတိုင်ပင်ရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁၂ ရက် နေ့လယ်အချိန်က လေကြောင်း ဗုံးကြဲခဲ့လို့ NUG တရားရေးတာဝန်ခံနဲ့ ၁ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာ NUG တရားရေးဝန်ကြီးဌာန မြို့နယ်တရားရေး တာဝန်ခံ ဦးပေါပြည့်အောင် (ရဲCDM)၊ မသဲနုမြင့်ဇော် (ပညာရေးVolunteer)၊ ပကဖရဲဘော် မိုးမိုးနဲ့ ဇီးဖြူကုန်းကျေးရွာက အသက် ၁ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ ကလေး မိခင်တို့ဖြစ်ပြီး ကလေးဖခင်ကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပုလဲ ပ.အ.ဖ က ဖော်ပြထားပါတယ်။
ရခိုင်၊ စစ်ကိုင်းနဲ့ ပဲခူးက မြို့သိမ်း၊ စခန်းသိမ်း အောင်ပွဲ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီ ‘နှုံးဘူးဗျူဟာ’ကုန်းကို တစ်ရက်မှ ရပ်နားခြင်းမရှိဘဲ ၂၇ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်- AA က ထုတ်ပြန်ပါတယ်။ ‘နှုံးဘူးဗျူဟာ’ စခန်းသိမ်းတိုက်ပွဲမှာ “နှုံးဘူး" ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီ တပ်သား အလောင်းအချို့နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။
ပလက်ဝမြို့နယ်မှာ စစ်ကောင်စီက အခိုင်အမာစခန်းချထားတဲ့ ‘တရွန်အိုင်ဗျူဟာ’ နဲ့ ‘နှုံးဘူးဗျူဟာ’ စခန်းနှစ်ခုစလုံးကို AA က နိုဝင်ဘာ ၁၄ ရက်မှာ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်ခဲ့ပြီး ‘တရွန်အိုင်ဗျူဟာ’ ကုန်းကို ၂၁ ရက် အကြာ ဒီဇင်ဘာ ၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မော်လူးမြို့သိမ်းတိုက်ပွဲအပြီး လေကြောင်းရန်ကြောင့် ပြည်သူ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF ဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ညောင်ပင်သာနယ်မြေရဲစခန်းကို KNLAနဲ့ PDF ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံ ဧရိယာရဲ့ သုံးပုံနှစ်ပုံလောက်ဟာ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရိက္ခာပြတ်တော့မယ့် အာရှလမ်းပေါ်က ကုန်ကားသမားတွေ
မြန်မာ-ထိုင်း အာရှလမ်းမကြီး ကော့ကရိတ်မြို့အနီးတိုက်ပွဲ အကြား ပိတ်မိနေတဲ့ ကုန်တင်ယာဉ် မောင်းသူတွေနဲ့ မိသားစုဝင် ၂၀၀ ကျော် ရိက္ခာပြတ်တော့မယ်လို့ ယာဉ်မောင်းတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်ကတည်းက BAP ကိုပြောထားပါတယ်။
အခုဆိုရင် ယာဉ်မောင်းတွေပိတ်မိနေတာ ၁၆ ကြာမြင့်ပြီရှိပြီး ထွက်ခွာခွင့်ရမဲ့အလားအလာကိုလည်း မတွေ့မြင် ရသေးပါဘူး။
ကော့ကရိတ်တိုက်ပွဲဟာ ဒီဇင်ဘာ ၁ ရက်က စတင်ခဲ့တာဖြစ်ပြီး ဒေသခံအရပ်သား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး ထိတွေ့တိုက်ပွဲတွေဟာလည်း ကြိုကြားကြိုကြားဖြစ်ပေါ်နေပါတယ်။ လက်ရှိအချိန်ထိ ကော့ကရိတ်နဲ့ အနီးတဝိုက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေပြီး သောင်းကျော်တဲ့ ဒေသခံတွေကလည်း စစ်ဘေးရှောင်နေရပါတယ်။
အာဖဂန်ကို ကျော်ပြီး မြန်မာက ကမ္ဘာ့ထိပ်တန်း ဘိန်းထုတ်လုပ်သူဖြစ်လာ
ပြည်တွင်းစစ်ရဲ့ ချေမွခြင်းကို ခံနေရတဲ့ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ‘ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူ’ ဂုဏ်ပုဒ်ကို ပြန်လည်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ဝေတဲ့ ကုလ အေဂျင်စီ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ သမိုင်းဝင် အထွဋ်အထိပ် ကာလဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးခဲ့တဲ့ ၅၈,၀၀၀ ဟက်တာ (၁၄၃,၃၀၀ ဧက) ကို ပြန်လည် မရောက်ရှိသေးပေမယ့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခန့်မှန်းခြေ တရားမဝင် စိုက်ပျိုးမြေ ၁၈ % အထိ ၄၇,၁၀၀ ဟက်တာ (၁၁၆,၄၀၀ ဧက) တိုးတက်လာတယ်လို့ UNODC အစီရင်ခံစာက ဆိုပါတယ်။
ဘိန်းအထွက်နှုန်းဟာလည်း တစ် ဟက်တာကို ၁၆ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂.၉ ကီလိုဂရမ် (တစ်ဧကကို ၂၀ ဒသမ ၄၃ ပေါင်) အထိ တိုးတက်လာပြီး မြန်မာရဲ့ နိုင်ငံရေးဆိုင်ရာ ကမောက်ကမဖြစ်မှုဟာ ဘိန်းထုတ်လုပ်ရေးကို တိုးတက်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ပြောပါတယ်။
“ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှု ပျက်ယွင်းခြင်းတွေက ဝေးလံတဲ့ဒေသက တောင်သူတွေကို ဘိန်းစိုက်ပြီး အသက်မွေးမှုဆီကို ဆက်လက် တွန်းပို့နေပါတယ်” ဆိုပြီး UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။
သတင်းသမားနှစ်ဦးကို စစ်ကောင်စီက ဝရမ်းမဲ့ ဖမ်းဆီး
Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးတို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်မှာ ဝရမ်းမပါဘဲ ဖမ်းဆီးသွားတဲ့အပြင် သတင်း ရေးသားမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေကို ပြောပါတယ်။
ဖမ်းဆီးချိန်မှာလည်း မီဒီယာပိုင် လပ်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်နှစ်ဦးနဲ့ မိသားစုဝင်တွေရဲ့ ဖုန်းတွေကို သိမ်းဆည်းသွားတယ်လို့ Dawei Watch သတင်းဌာနက ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းသမားတွေကို ဘယ်နေရာမှာ ဖမ်းဆီးထားတာကို ထုတ်ဖော် ပြောတာမရှိဘဲ Dawei Watch ၏ စုံစမ်းချက်အရ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပြီး ဖမ်းဆီးခံ သတင်းသမားတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
BAP ရဲ့ စာရင်းတွေအရ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း သတင်းသမား ၆၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေဆုံးသူ တစ်ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦးနဲ့ စစ်ပွဲအတွင်း သေဆုံးသူ တစ်ဦး စုစုပေါင်း သတင်းသမား ၃ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
Reporters Without Borders- RSF ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာဟာ အဆင့် ၁၇၃ ရောက်နေပြီး နောက်ဆုံးကရေတွက်ရင် တစ်ကမ္ဘာလုံးမှာ အဆင့် ၈ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အများဆုံး သတင်းထောက်တွေကို ထောင်သွင်းအကျဥ်းချတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပြန်ပါတယ်။
ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ အီးယူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု
ကရင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၅ ခုကို လူမှောင်ခိုမှု၊ အဓမ္မ ခိုင်းစေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာ ကြောင့် ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့က ဒဏ်ခတ် ပိတ်ဆို့ကြောင်း ဒီဇင်ဘာ ၈ ရက်မှာ ပူးပေါင်းထုတ်ပြန်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ လူပုဂ္ဂိုလ်တွေထဲမှာ မြန်မာနိုင်ငံက ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦး၊ မြန်မာရထိုက် ကုမ္ပဏီရဲ့ ရှယ်ယာရှင် ရှီကျင်ကျန်းတို့ပါဝင်ပြီး ကျန်သူတွေက ကမ္ဘောဒီးယားနဲ့ လာအိုက ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်က ခန့်အပ်ထားတဲ့ ဝန်ကြီးတစ်ဦး၊ နစက ကောင်စီအဖွဲ့ဝင်နှစ်ဦး၊ ကရင်နီက လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူ တပ်မှူးတစ်ဦးနဲ့ စစ်တပ်သုံးကိရိယာ တင်သွင်းတဲ့ ကုမ္ပဏီနှစ်ခုတို့ကို ဒီဇင်ဘာ ၁၁ ရက်မှာ ဥရောပသမဂ္ဂ- အီးယူက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
လက်နက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အသုံးပြုတဲ့ အခြားကိရိယာတွေ တင်သွင်းတဲ့ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ Royal Shune Lei ကုမ္ပဏီ လီမိတက်တို့ကိုလည်း အီးယူက ကန့်သတ်အရေးယူလိုက်ပါတယ်။