Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စစ်အာဏာရှင်လက်အောက် အခက်အခဲနဲ့ အကျပ်အတည်းဟာ နိစ္စဓူဝ ကြုံတွေ့ဖြတ်သန်းနေရတဲ့ အကြောင်း တရားမို့ ပြည်သူတွေဟာ အဲဒီဒုက္ခတရားကို မရိုးရအောင် နေ့စဉ်ရင်ဆိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် မှာလည်း စက်သုံးဆီပြတ်လတ်မှုကြောင့် စက်သုံးဆီရရှိရေး တန်းစီစောင့်ဆိုင်းရတဲ့ အခက်အခဲကို ကြုံတွေ့နေရ ပြန်ပါတယ်။ ဒီလို ဆီဘေးဒုက္ခနဲ့အတူ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထား အပြောင်းအလဲ၊ အရှိန် မြင့်တက်လာနေတဲ့ တိုက်ပွဲတွေအကြောင်းအပါအဝင် သတင်းတချို့ကို ကောက်နုတ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ဗဟိုဘဏ်မသတ်မှတ်တော့
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို မသတ်မှတ်တော့ဘဲ ဈေးကွက်နှုန်းထား အ တိုင်း ရောင်းချခွင့်ပြုမယ်လို့ အခုတစ်ပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ် တာ ကာလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ချုပ်ကိုင်ထားမှုကို ပယ်ဖျက် လိုက်တာ ဖြစ်ပါတယ်။ ဒီလိုပယ်ဖျက်မှုနဲ့ပတ်သက်လို့ အကြောင်းပြချက် မထုတ်ပြန်သလို မူဝါဒ အပြောင်းအလဲ ကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။
အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းထားကို နှုန်းရှင်ပြောင်းလဲပြီးနောက် အမေရိ ကန် တစ်ဒေါ်လာ ငွေလဲလှယ်နှုန်း ထားဟာ မူလထက် ၆၀ ကျပ်ခန့် မြင့်တက်ခဲ့ပြီး ရွှေဈေးနှုန်းကလည်း မူလထက် ကျပ် တစ်သိန်းနီးပါး မြင့်တက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ပြိုလဲနေတဲ့ မြန်မာ့စီးပွားရေးနဲ့ ကမောက်ကမ ဖြစ်နေတဲ့ နိုင်ငံခြားငေွလဲလှယ်နှုန်းထားကို ဗဟိုဘဏ်က ချုပ်ကိုင်ဖို့ လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်ရေး ကုမ္ပဏီပေါင်း ၁၄၀ ခန့်ကို လိုင်စင်ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
စက်သုံးဆီဘေး
စားသုံးဆီရရှိရေး တန်းစီတိုးဝှေ့နေရဆဲဖြစ်တဲ့ ပြည်သူဟာ ဒီတစ်ပတ်မှာလည်း စက်သုံးဆီရရှိရေး တန်းစီစောင့် ဆိုင်းနေရပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်အဖြစ် ကြုံတွေ့လာရတဲ့ စက်သုံးဆီ ပြတ်လပ်မှုဟာ အခုတစ်ပတ်အတွင်း တစ်တိုင်းပြည်လုံးနီးပါးမှာ အဆိုးရွားဆုံးရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပြည်သူတွေဟာ စက်သုံးဆီရရှိဖို့ ညအိပ်တန်းစီနေရပြီး ဆီပြတ်လပ်မှုကြောင့် ဆီဆိုင်အများစုကလည်း ပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ အခုလို စက်သုံးဆီ ပြတ်လပ်မှုကြောင့် ခရီးသည်ပို့ဆောင်မှု ယာဉ်လိုင်းတချို့ပါ ရပ်နားထားရတာ ဖြစ်ပါတယ်။
အခုလ အစပိုင်းမှာ စက်သုံးဆီဈေးနှုန်းဟာ မူလထက် ကျပ် ၃၀၀ ခန့် မြင့်တက်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာပဲ ဆီပြတ်လပ်မှုကို ကြုံတွေ့လာရတာဖြစ်ပါတယ်။
ဘေဂျင်းမှာ တရုတ်နဲ့ တွေ့ဆုံမှု
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေကျင်းမှာတွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုမှာ တရုတ်က မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးပေါ် လာဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ အွန်လိုင်းငွေကြေး လိမ်လည်မှု ဂိုဏ်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီအပေါ် ရာဇ မာန်ရှနေတဲ့ တရုတ်ဟာ ဒီဇင်ဘာလ ၆ ရက်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုမှာတော့ ကျားဖြန့် ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရဲ့ စီမံကိန်းတွေကို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စစ်ပြေးတွေ ပြန်လက်ခံမယ်ဆိုပြန်
စစ်တပ်ကနေ ခွင့်မဲ့ ပျက်ကွက်သူတွေ၊ စစ်ပြေးတွေကို စစ်မှုပြန်ထမ်းရင် လက်ခံသွားမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ခွင့်မဲ့ ပျက်ကွက်သူနဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုတာကြောင့် အခုလို ထုတ် ပြန်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုခဲ့ပါတယ်။ စစ်မှုပြန်ထမ်းဖို့ ဆက်သွယ်လာသူ ထောင်ချီရှိတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စစ်မှုထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့ သာမန်ပြစ်မှုကျူးလွန်ထားတဲ့ စစ်သားတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးမယ်လို့ ဆိုထားပြီး ဒီဇင်ဘာလ ၇ မှာ နယ်အကျဉ်း ထောင်တချို့မှာ ပြစ်ဒဏ်ကျနေတဲ့ စစ်ပြေးတချို့ကို ပြန်လွှတ်ပေးခဲ့တာလည်းရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ၁၁၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအပျောက်အကျအဆုံးများပြားပြီး တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်နေခဲ့ တာမို့ စစ်ကောင်စီဟာ အခုလို စစ်ပြေးတွေကို ပြန်လက်ခံဖို့ အကောင်အထည်ဖော် လာတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ထားကြပါတယ်။
စစ်ကောင်စီထံ လက်နက်မရောက်ရေး ကုလကိုယ်စားလှယ် တိုက်တွန်း
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ဆီ လက်နက်စီးဆင်း နေတာကို ရပ်တန့်ပစ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခတွေကြား အန္တရာယ်ရှိတဲ့ အသက်တွေကို ကယ်တင်ဖို့ ကု လသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းခဲ့ပါတယ်။
ဒီဇင်ဘာလ ၆ ရက်က ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်ရေးဧရိယာမဟုတ်တဲ့ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဒုက္ခသည်စခန်းတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ရပ်တန့်ဖို့ လေယာဉ်ဆီ သုံးစွဲခွင့်ကိုပါ ဖြတ်တောက်ဖို့လိုအပ်တယ်လို့ တိုက်ထွန်းထားခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံ တကာရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာပြီး အရပ်သားတွေကို တိုက်ခိုက်တာ မလုပ်ဖို့၊ စစ်သုံ့ပန်းတွေကို လူသားဆန်စွာဆက်ဆံပြီး ဆေးကုသခွင့်ပေးဖို့ အတွက် စစ်ရေးပဋိပက္ခမှာပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ကုလကိုယ်စားလှယ်က တိုက်တွန်းထားခဲ့ပါတယ်။