bap-logo
Weekly

တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

KHMGYo_alXX1zy9exPRnm-image

လွန်ခဲ့သော ၂ နှစ် က

တရုတ် တစ်နိုင်ငံတည်း မူဝါဒကို NUG ဆက်ထောက်ခံသွားမယ်

 

 

တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ထောက်ခံကျင့်သုံးသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်မှု စာချုပ်တွေနဲ့ နှစ်နိုင်ငံကြား သဘောတူ ချုပ်ဆိုခဲ့တဲ့ စာချုပ် အားလုံးကို မြန်မာက တာဝန်ယူ ဆက်ခံမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြား လူမှုစီးပွား လုပ်ငန်းတွေရဲ့ လုံခြုံရေးကိုပါ ထိန်းသိမ်းကာကွယ်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစား၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းအပါအဝင် နယ်စပ် ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို တရုတ် အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်းတိုက်ဖျက် သွားမယ်လို့လည်း NUG က ပြောထားပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံဟာ NUG ကို ပေါ်ပေါ်တင်တင်ထောက်ခံပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ တရုတ်နယ်စပ်အနီးတိုက်ဖြစ်တဲ့တိုက်ပွဲတွေမှာတော့ ကြားဝင်ကာ တွေ့ဆုံမှုတွေ လုပ်ခဲ့တာရှိ ပါတယ်။

 

 

ကချင်မှာ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျ

 

 

ကချင်ပြည်နယ်၊ လိုင်ဇင်မြို့အနီး စစ်တပ်စခန်းတစ်ခုကို ရိက္ခာပို့တယ်လို့ ယူဆရတဲ့ Mi-17 စစ်ရဟတ်ယာဉ် တစ်စင်းကို  ဇန်နဝါရီလ ၃ ရက်က ပျက်ကျခဲ့ပါတယ်။

 

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းက ပစ်ခတ်ခံရတာလား ဒါမှမဟုတ် စက်ချွတ်ယွင်းမှု ကြောင့်လား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ KIA က ပြည်တွင်း သတင်းဌာနတွေကို ပြောပါတယ်။

 

ဒါဟာ ခုခံတော်လှန်ရေးကာလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်ရေး သုံး ယာဉ်တစ်စင်း ထပ်မံပျက်ကျခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်က ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးတစ်ဦးကိုတော့ လေယာဉ်ပျက်ကျပြီး ၉ ရက် အကြာမှာ ကရင်နီတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။

 

ပျက်ကျခဲ့တဲ့ Mi-17 စစ်ရဟတ်ယာဉ်ပေါ်ပါ ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးကို အရှင် ဖမ်းမိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် KIA ဘက် အတည်ပြုတာမျိုးမရှိသေးပါဘူး။

 

 

တပ်ပြေးတွေကို ပြန်ပို့တဲ့ အိန္ဒိယ

 

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်-AAနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦးကို အိန္ဒိယက အခုနှစ် ဇန်နဝါရီ ရက်မှာ မြန်မာဘက် ပြန်ပို့လိုက်ပါတယ်။

 

ပြန်ပို့ခံရသူတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်မှာ AAက အိန္ဒိယ - မြန်မာနယ်စပ် ပလက်ဝမြို့နယ် အနီးက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာကနေ တိုက်ပွဲအတွင်း ထွက်‌ပြေးသွားသူတွေ ဖြစ်တယ် လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ချင်းပြည်နယ်က ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သား ၄၀ ကျော်၊ စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင် လေးဆယ်ကျော်တို့ကို မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။

 

SSKDP ပါတီ ဥက္ကဋ္ဌ အန်တိုနီစူး ကွယ်လွန်

 

 

ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ဥက္ကဋ္ဌ အန်တိုနီစူးဟာ ဇန်နဝါရီ ၁ ရက်က လူကြီးရောဂါနဲ့ လောက်ကိုင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

 

ဥက္ကဋ္ဌ အန်တိုနီစူးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။

 

 

SSKDP ပါတီကတော့ ပါတီမှတ်ပုံတင်ပြီး ရက် ၉၀ အကြာမှာ ပါတီဝင်အင်အား တစ်ထောင်ပြည့်အောင် စုဆောင်းနိုင်ခြင်း မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ ရက်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

 

အန်တိုနီစူးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၂၀၀၄ ညောင်နှစ်ပင် ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားချက်ကို SNLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့နဲ့အတူ ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါတယ်။

 

 

နိုင်ကျဉ်းအနည်းငယ်သာ ပါဝင်တဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်း

 

 

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ အကျဉ်းသား/သူ ၉,၆၅၂ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။

 

အဲလိုလွှတ်ပေးတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ပြီး လွတ်ရက်နီးသူတွေနဲ့ အခြား ရာဇဝတ်မှုတွေကြောင့် ထောင်ကျသူအများစု ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း-AAPP က ဆိုပါတယ်။

 

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အင်းစိန်အကျဉ်းထောင်က ၂၀၀၊ အိုးဘိုအကျဉ်း ထောင်က ၁၄၀၊ မွန်ပြည်နယ် အကျဉ်းထောင်နဲ့ အချုပ်ထောင်က ၃၁ ဦး ပါဝင်တယ်လို့ ပြင်ပက နိုင်ကျဉ်းမိသားစုဝင်တွေကို ကူညီနေတဲ့ Eat My Heart က ထုတ်ပြန်ထားပါတယ်။

 

ဒါပေမဲ့ ကလေး၊ ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ ဟင်္သာတ၊ မအူပင်နဲ့ မော်လမြိုင် ထောင်အပြင် တချို့အကျဉ်းထောင်က လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါဝင်ခဲ့ ဘူးလို့ သိရပါတယ်။

 

ပြန်လွတ်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ်က ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတဲ့ Myanmar Pressphoto Agency က ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း၊ မန္တလေး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်၊ ချမ်းအေးသာစံ မြို့နယ် စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျ၊ NLD အစိုးရလက်ထက် ဧရာ၀တီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေးနဲ့ နိုင်ငံရေးအကျဉ်းသား ကဗျာဆရာနှစ်ဦးလည်း ပါဝင်ပါတယ်။

 

 

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချ

 

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံး ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဆီ လက်နက်ချခဲ့ပါတယ်။

 

လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို လားရှိုးမြို့ကို ပို့ဆောင်ပေးရမယ်ဆိုတဲ့ သဘော တူညီချက်ရပြီးမှ ဒကစ(လောက်ကိုင်)ဘက်က လက်နက်ချလိုက်တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးရဲ့ ပြောကြား ချက်ကို ကိုးကားပြီး Myanmar Now သတင်းဌာနက ရေးသားထားပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်က လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၉ တပ်ရင်း တစ်ရင်းလုံးက ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ဦးနဲ့ မိသားစုဝင်အပါ စုစုပေါင်း ၂၆၂ ဦး လက်နက်ချခဲ့ပါသေးတယ်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် MNDAA ဟာ ကိုးကန့်ဒေသရဲ့ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း) မုံးကိုး၊ ကွမ်းလုံ စတဲ့ အရေးပါတဲ့နေရာတွေကို သိမ်းပိုက်ထားပြီး အခုလို လောက်ကိုင် ဒစက (လောက်ကိုင်) ရဲ့ လက်နက်ချမှုကြောင့် ကိုးကန့်ဒေသ တစ်ခုလုံးနီးပါးကို ထိန်းချုပ်သွားနိုင်ပြီလို့ ဆိုနိုင်ပါတယ်။

 

 

Burma Associated Press

လွတ်လပ်ရေးနေ့
အိန္ဒိယ
တရုတ်
လောက်ကိုင်
နိုင်ငံရေးအကျဉ်းသား
NUG
အာဏာသိမ်းစစ်အုပ်စု

Share With
bap-logo