Politics
ဒီပဲယင်းမြို့တွင် နေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
လွန်ခဲ့သော ၂ နှစ် က
ဒီပဲယင်း၊ ဒီဇင်ဘာ ၇။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးရာတွင် ပြည်သူပိုင်နေအိမ်များသာမက ဘုန်းကြီးကျောင်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"လူနေအိမ်တွေပါမက ညောင်လှကျေးရွာက ကံဦးကျောင်း၊ ယဉ်ကျေးရွာကယဉ် ကျေးတောရ ကျောင်းနဲ့ မူးရိုးကုန်းရွာက ရန်ကွင်းကြီးကျောင်းကိုလည်းမီးရှို့ သွားတယ်လို့ကြားတယ်" ဟု ဒေသခံ တစ်ဦးကပြောသည်။
ဒီပဲယင်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းသည် လစဉ်ပုံမှန်စစ်ကြောင်းထိုးနေလျှက်ရှိပြီး၊ စစ်ကောင်စီစစ် ကြောင်းထိုးလာလျှင်ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ မဖြစ်မနေတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။
ဒီဇင်ဘာ ၂ ရက်မှစကာ ဒီပဲယင်းမြို့အရှေ့ခြမ်းရှိကျေး ရွာများဖြစ်သည့် ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများ၊ ယဉ်ကျေး၊ မူးရိုးကုန်း၊ မရကန်၊ အင်ပင်၊ ကုန်းတဲ နှင့် အနီးတစ်ဝိုက်ကျေးရွာများကို ပျူစော ထီးနှင့် စစ်သားများပါသောစစ်ကြောင်းက ဒေသခံပြည်သူများကိုဖမ်း ဆီးခြင်း၊ နေအိမ်များကိုမီးရှို့ ဖျက်ဆီး ခြင်းများကို ပြု လုပ်နေခြင်းဖြစ်သည်။
အဆိုပါကျေးရွာများမှပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ကို ၅ ရက်အတွင်းမီးရှို့ရုံသာမက၊ ဘုန်းတော် ကြီးကျောင်း ၃ကျောင်းနှင့် ဌာနဆိုင်ရာရုံး(၃)ရုံး ကိုပါ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
" ကျေးရွာတွေကဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာ ၅ ရက်ခန့်ရှိနေပြီ။ အရေးပေါ်အကူအညီ တွေလည်းလိုအပ်နေတယ်" ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ကဆိုသည်။
လက်ရှိတွင် အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်များအနေဖြင့် ဘေးလွတ်ရာဘုရား၊ ဘုန်းကြီး ကျောင်း၊ ဇရပ်များတွင် မှီခိုနေထိုင်နေကြရပြီး၊ အနေအထိုင် အစား အသောက် များခက်ခဲနေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှသိရသည်။
ပုံစာ။ စစ်ကောင်စီတပ် မီးရှို့သွားသော ဘုန်းကြီးကျောင်းအချို့နှင့် စစ်ဘေးရှောင်များ
ဓာတ်ပုံ။ ဒီပဲရင်း စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့