Politics
ဆားလင်းကြီးတွင် စစ်တပ်ကို MRDA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ ဦးခန့် သေဆုံးဟုဆို
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်း၊ ဒီဇင်ဘာ - ၆။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်တပ်စစ်ကြောင်းကို မြန်မာတော်ဝင် နဂါးတပ်တော် MRDA ပူးပေါင်းအဖွဲ့က နေရာ၂ နေရာတွင် ဖြတ်တိုက်ခဲ့ပြီး စစ်အုပ်စုဖက်မှ ၈ ဦးခန့် သေဆုံးခဲ့ကြောင်း MRDA က ထုတ်ပြန်ထားသည်။
ယနေ့ ဒီဇင်ဘာလ (၆) ရက် နံနက် ၇:၀၀ အချိန်ခန့် တရားကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တရားကျေးရွာနှင့် ရှမ်းကိုင်းကျေးရွာအကြားတွင် တိုက်ခိုက်ခဲ့ကြောင်း၊ ၁၅ မိနစ် ကျော်ကြာ တိုက်ပွဲတွင် စစ်အုပ်စု ဖက်မှ ၅ ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုထားသည်။
ထိုအတူ နေ့ခင်း ၃:၀၀ နာရီအချိန်ခန့်၌ ရှမ်းကိုင်းကျေးရွာမှထွက်လာသော ယင်းစစ်ကောင်စီ စစ်ကြောင်းကိုပင် ရွှေဘုံသာကျေးရွာမရောက်မီတွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ရာ စစ်တပ် ဘက်က ၃ ဦးခန့်သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ Salingyi Special Task Force (S.S.T.F) ၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ၄ မြို့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အထူးတပ်ဖွဲ့ဝင်များ ထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည့်ဟု ဆိုထားသည်။
စစ်အုပ်စုက ထိခိုက်ကျဆုံးများပြားခဲ့သောကြောင့် ရှမ်းကိုင်းကျေးရွာ၊ အုန်းတောကျေးရွာများမှ အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရိတ်သိမ်းထားသော ပြည်သူ့ကောက်ပဲသီးနှံများ၊ ထွန်စက်များကို မီးရှို့တိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
BAP အနေဖြင့် အဆိုပါသတင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
Burma Associated Press
Photo - credit