Politics
စစ်ကောင်စီက ဘကကျောင်းကို လက်နက်ကြီးဖြင့်ပစ်၊ ဆရာမနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ
လွန်ခဲ့သော ၂ နှစ် က
ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ၊ တပ်မဟာ (၆) ကော့ကရိတ်မြို့နယ်တောင်ပိုင်းသို့ ကျူးကျော်၀င်ရောက်လာသည့် စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် မောင်းမ ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ထိမှန်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာမတစ်ဦး၊ ကျောင်းသားတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။
ပုံမှန်အားဖြင့် အဆိုပါ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် ကျောင်သားကလေးငယ် ရာဂဏန်း၀န်းကျင် ပညာ သင်ကြားနေလေ့ရှိသည်။
လက်နက်ကြီး ထိမှန်ချိန်တွင် ကျောင်းပိတ်ထားသည့်အတွက် ဆိုးဆိုးရွားရွား မထိခိုက်မိခြင်းဟု ဒေသခံများက ဆိုသည်။
လက်ရှိ အချိန်တွင်လည်း စစ်ကောင်စီသည် ကော့ကရိတ်မြို့တောင်ပိုင်း၊ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ကမိုင်ကုန်း၊ ရွာသစ်ကျေးရွာများသို့ ကျူးကျော်၀င်ရောက်လျှက်ရှိသည်။
ယခုနှစ် စက်တင်ဘာလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း အား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် ၁၁ ဦး အပါအ၀င် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။