International
ကမ္ဘာကြီးက လုံးဝနီးပါး လျစ်လျူရှုထားသည့် ရောဂါဖြစ်ပွားမှုတစ်ခုကြောင့် ကလေးငယ် ၅၀၀ ကျော် သေဆုံးခဲ့ရ
လွန်ခဲ့သော ၁၄ နာရီ က
BAP ဘာသာပြန်။
Hantavirus နှင့် Ebola တို့သည် သတင်းခေါင်းကြီးပိုင်းများတွင် နေရာယူလျက်ရှိသော်လည်း ကမ္ဘာ့အသိုင်းအဝိုင်းက အလေးမထားမိသလောက်ဖြစ်နေသည့် အခြားသော သေဆုံးမှုများပြားသည့် ရောဂါဖြစ်ပွားမှုတစ်ခု ပေါ်ပေါက်လျက်ရှိသည်။
"ကျွန်မတို့ ဒါနဲ့ပတ်သက်ပြီး အစကတည်းက ကျယ်ကျယ်လောင်လောင် အသံထွက်ပြောဆိုခဲ့ပေမဲ့ ဒါဟာ တိတ်ဆိတ်နေတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။" ဟု Hasina Rahman က ပြောသည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး အာရုံစိုက်မှု သိပ်မရှိဘူး။" ဟု ၎င်းက ဆိုသည်။
သူမသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆိုးရွားပြင်းထန်သော ဝက်သက်ရောဂါဖြစ်ပွားမှုအကြောင်းကို ပြောဆိုနေခြင်းဖြစ်သည်။
မတ်လလယ်ပိုင်းတွင် အဆိုပါဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါဟု သံသယရှိရသည့် လူနာ ၆၀,၀၀၀ ကျော်နှင့် ဝက်သက်ရောဂါကြောင့်ဟု ယူဆရသည့် သေဆုံးသူ ၅၂၈ ဦးအထိ ရှိလာခဲ့သည်။ ထိခိုက်ခံစားရသူများနှင့် သေဆုံးသူ အများစုမှာ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်သည်။
"ဒါဟာ အင်မတန်ကြီးမားတဲ့ အခြေအနေတစ်ခုဖြစ်ပြီး [ကျန်းမာရေးစောင့်ရှောက်မှု] စနစ်တွေအပေါ် ဝန်ပိမှုတွေ အရမ်းများပြားနေပါတယ်။" ဟု အာရှဆိုင်ရာ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ၏ ဒုတိယဒေသဆိုင်ရာညွှန်ကြားရေးမှူး Rahman က ပြောသည်။
Miftahul Zannat ၏ မိသားစုသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မည်မျှဝန်ပိနေသည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများဖြစ်သည်။ အသက် ၂ နှစ်အရွယ် ကလေးငယ်တွင် အဖျားတက်ခြင်းနှင့် အနီစက်ထွက်ခြင်းကဲ့သို့သော ဝက်သက်ရောဂါ၏ ပုံမှန်လက္ခဏာများအပြင် အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားခဲ့သည်။
သူတို့နေထိုင်ရာ Bhairabညမြို့အနီးရှိ ဆေးရုံနှစ်ရုံတွင် ကုသမှုခံယူခဲ့သော်လည်း Zannat ၏ အခြေအနေမှာ တိုးတက်မလာခဲ့ပေ။ ကလေးငယ်မှာ မလှုပ်မယှက်ဖြစ်လာပြီး အစာမစားတော့ပေ။ "သူမ နေမကောင်းဖြစ်သွားတဲ့အခါ လုံးဝအိပ်ရာထဲ လဲသွားတယ်။ မျက်လုံးတောင် မဖွင့်နိုင်တော့ပါဘူး။" ဟု ဖခင်ဖြစ်သူ Mohammad Kamal က ပြောသည်။
အခြားမိသားစုများနည်းတူ စိုးရိမ်ပူပန်နေကြသည့် မိဘများသည် ကလေးငယ်ကို ပြင်းထန်သော ဝက်သက်ရောဂါဝေဒနာရှင်များကို ကုသပေးနိုင်သည့် မြို့တော် ဒါကာသို့ ခေါ်ဆောင်သွားခဲ့သည်။ ခရီးသွားရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်ရှိချိန်တွင် ဝက်သက်လူနာများပြားမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ဆေးရုံနှစ်ရုံက ကလေးငယ်ကို လက်မခံခဲ့ပေ။
ဝက်သက်ရောဂါကူးစက်ခံရသူအများစုမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာတတ်ကြသော်လည်း အဆိုပါရောဂါမှာ အန္တရာယ်ရှိနိုင်သည်။ ၎င်းသည် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့အပါအဝင် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရေရှည်ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၁ သိန်းနီးပါး ဝက်သက်ရောဂါကြောင့် သေဆုံးခဲ့ရသည်။
အာဟာရချို့တဲ့သော ကလေးငယ်များသည် ဝက်သက်ရောဂါကို ပိုမိုခံနိုင်ရည်အားနည်းကြပြီး ဘင်္ဂလားဒေ့ရှ်တွင် အသက် ၅ နှစ်အောက် ကလေး ၄ ဦးလျှင် ၁ ဦးမှာ အာဟာရချို့တဲ့မှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေပြီး ၁၀ ဦးလျှင် ၁ ဦးမှာ ပြင်းထန်သော အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရသည်။ ထိုသို့သော ကလေးငယ်များသည် ဝက်သက်ကာကွယ်ဆေးထိုးနှံထားသော်လည်း ထိရောက်မှုနည်းပါးနိုင်သည်။ အာဟာရချို့တဲ့ခြင်း(malnutrition)နှင့် အာဟာရ မပြည့်ဝခြင်း(undernutrition)တို့သည် ဤရောဂါ(ဝက်သက်)ဖြစ်ပွားမှုက ဘင်္ဂလားဒေ့ရှ်ကို အပြင်းအထန် ရိုက်ခတ်စေရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်တွင် ပြင်းထန်သောရောဂါဖြစ်ပွားမှုနှုန်းကို ဝင်ငွေမြင့်မားသောနိုင်ငံများတွင် တွေ့ရလေ့ရှိသည်ထက် ပိုမိုမြင့်မားစေရန် အထောက်အကူပြုနေပြီး သေဆုံးမှုနှုန်းမှာလည်း အမေရိကန်ပြည်ထောင်စု၏ ၀.၁ ရာခိုင်နှုန်းမှ ၀.၃ ရာခိုင်နှုန်းကြားနှင့် နှိုင်းယှဉ်ပါက ဘင်္ဂလားဒေ့ရှ်တွင် ၁ ရာခိုင်နှုန်းခန့်ရှိနေသည်။
၎င်း၏ကျေးရွာတွင် မီးဖိုချောင်အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် Miftahul ၏ဖခင် Kamal က သူ၏မိသားစုသည် ယခင်ကတည်းက စားဝတ်နေရေးအတွက် ရုန်းကန်နေရကြောင်း ပြောသည်။ နောက်ဆုံးတွင် ဒါကာရှိ ဆေးရုံတတိယမြောက်တွင် ကုသမှုရရှိခဲ့သည့်အတွက် စိတ်သက်သာရာရသော်လည်း ကလေးငယ်၏ အခြေအနေအတွက်မူ စိုးရိမ်လျက်ရှိသည်။ "ကျွန်တော့်သမီးလေးက ရွှင်လန်းတက်ကြွပြီး ကစားရတာ၊ ပြေးလွှားရတာနဲ့ ပြုံးပြုံးရွှင်ရွှင်နေရတာကို နှစ်သက်တဲ့ ကလေးပါ။ ဝက်သက်ကူးစက်ခံရပြီးတဲ့နောက်မှာတော့ သူမဟာ တိတ်ဆိတ်သွားပြီး အစာလည်း မစားတော့ဘဲ မျက်နှာမှာ အပြုံးလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။" ဟု Kamal က ပြောသည်။
ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားနေသည့် အခြေအနေ၊ ဤသေဆုံးမှုများပြားသည့် ရောဂါဖြစ်ပွားမှု၏ နောက်ကွယ်မှ အကြောင်းရင်းနှင့် နိုင်ငံက မည်သို့တုံ့ပြန်ဆောင်ရွက်နေသည်ကို အောက်တွင် ကြည့်ရှုနိုင်သည်။
ကာကွယ်ဆေးအောင်မြင်မှုမှသည် ဝက်သက်ရောဂါကြီးမားစွာ ဖြစ်ပွားမှုသို့
ဤရောဂါဖြစ်ပွားမှုမတိုင်မီက ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ အားကောင်းပြီး အသိုင်းအဝိုင်း ဦးဆောင်သည့် ကာကွယ်ဆေးထိုးအစီအစဉ်များဖြင့် ဝက်သက်ရောဂါပပျောက်ရေးတွင် တိုးတက်မှုများ ရရှိနေပြီး အရင်းအမြစ်နည်းပါးသော နိုင်ငံများအတွက် စံပြနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
၂၀၁၉ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် Sheikh Hasina Wazed သည် နိုင်ငံ၏ "ကြီးမားသောခြေလှမ်းများ" အတွက် အသိအမှတ်ပြုမှုအနေဖြင့် Gavi, the Vaccine Alliance ထံမှ ကာကွယ်ဆေး သူရဲကောင်းဆုကို ရရှိခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်သို့ ရောက်လာခဲ့သည်။
ကြာရှည်စွာ အုပ်ချုပ်လာခဲ့သော အစိုးရပြုတ်ကျသွားပြီး ကြားဖြတ်အစိုးရတစ်ရပ် တာဝန်ယူခဲ့သည်။ အာဏာရရှိထားသည့် ၁၈ လအတွင်း ယာယီခေါင်းဆောင်များက ကာကွယ်ဆေးထိုးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ အစီအစဉ်သစ်မှာ ချောမွေ့မှုမရှိခဲ့ပေ။
ဗျူရိုကရေစီကြန့်ကြာမှုများ ရှိခဲ့သည်။ မကြာမီမှာပင် နိုင်ငံ၏ ကာကွယ်ဆေးထောက်ပံ့မှုမှာ အနှောင့်အယှက်ဖြစ်ခဲ့သည်။ ကာကွယ်ဆေးများ မရရှိနိုင်တော့ဘဲ ကာကွယ်ဆေးထိုး အစီအစဉ်များမှာ ရွှေ့ဆိုင်းခဲ့ရသည်။
ဤအချက်ကို သတိမပြုမိဘဲ မနေခဲ့ကြပါ။ UNICEF ကိုယ်စားလှယ် Rana Flowers က မေလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သူမသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အစိုးရအား ကြန့်ကြာမှုများသည် အကျပ်အတည်းကို ဖြစ်စေနိုင်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ပြောသည်။ "ကျွန်မ ကြားဖြတ်အကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ထမ်းတွေနဲ့ အနည်းဆုံး ၁၀ ကြိမ်လောက် တွေ့ဆုံပြီး 'ကျွန်မတို့ စိုးရိမ်နေပါတယ်။ ကျွန်မမျက်နှာကို ကြည့်ပါ။ ကျွန်မ စိုးရိမ်နေပါတယ်။ ခင်ဗျားတို့ဟာ ကြီးမားတဲ့ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပါ။' လို့ ပြောခဲ့ပါတယ်။" ဟု Flowers က ပြန်ပြောင်းပြောပြသည်။
WHO နှင့် Gavi အပါအဝင် အခြားအဖွဲ့အစည်းများကလည်း ပြီးခဲ့သည့်နှစ်တွင် အရေးယူဆောင်ရွက်ရန် အစိုးရအား လူသိရှင်ကြား တိုက်တွန်းခဲ့ကြသည်။
သို့သော် မည်သည့်အရာမှ ပြောင်းလဲမှုမရှိခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံး ကလေးဆေးရုံဖြစ်သည့် Bangladesh Shishu Hospital and Institute ရှိ အဆင့်မြင့် မှီခိုကုသမှုနှင့် သီးသန့်ကုသမှုဌာနမှ ပါမောက္ခနှင့် ဌာနမှူး Dr. Reaz Mobarok က ပြောသည်။ "ကြားဖြတ်အစိုးရက ကာကွယ်ဆေးထိုးခြင်းကို လုံးဝဂရုမစိုက်ခဲ့တဲ့အတွက် ကလေးငယ်အများအပြားမှာ ဝက်သက်ရောဂါအတွက် ကာကွယ်ဆေး မရရှိခဲ့ကြပါဘူး။" ဟု ၎င်းက ဆိုသည်။
သတိပေးချက်များနှင့် စိုးရိမ်ပူပန်မှုများမှာ ကြိုတင်မှန်းဆထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
လက်ရှိဝက်သက်ရောဂါဖြစ်ပွားမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးဖြစ်လာသည်
နေ့စဉ်သေဆုံးမှုစာရင်းများ
ဧပြီလအစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း WHO သို့ သတိပေးခဲ့သည်။ ခရိုင် ၆၄ ခုတွင် ၅၈ ခု၌ သံသယရှိလူနာ ၂၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၅၀ ကျော်ရှိခဲ့သည်။
ထိုအချိန်မှစ၍ ရောဂါဖြစ်ပွားမှု ဆက်လက်တိုးပွားလာသည်။
ဒေသတွင်းသတင်းဌာနများက ယခုအခါ နေ့စဉ်သေဆုံးမှုစာရင်းများကို ကြေညာနေပြီး တစ်ခါတစ်ရံတွင် ဂဏန်းတစ်လုံးသာရှိသော်လည်း များသောအားဖြင့် ပိုမိုများပြားသည်။ မေလ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် ကလေး ၁၇ ဦး သေဆုံးခဲ့သည်။ သံသယရှိလူနာသစ်အရေအတွက်မှာ အများအားဖြင့် ၁,၀၀၀ ကျော်နေပြီး အချို့နေ့များတွင် ၁,၅၀၀ ကျော်အထိ ရှိသည်။ မေလ ၂၄ ရက်နေ့အထိ သေဆုံးသူအရေအတွက်မှာ ၅၂၈ ဦးဖြစ်သည်။
လက်ရှိဝက်သက်ရောဂါဖြစ်ပွားမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးဖြစ်လာသည်။
"ဒါဟာ သေဆုံးမှုနှုန်း အလွန်မြင့်မားတဲ့ ကြီးမားတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုပါ။" ဟု အခြေအနေကို စောင့်ကြည့်နေသည့် Johns Hopkins Bloomberg School of Public Health မှ ဝက်သက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Dr. William Moss က ပြောသည်။ "သူတို့ရဲ့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်နေတာဟာ လုံးဝအံ့သြစရာ မဟုတ်ပါဘူး။" ဟု ၎င်းက ဆိုသည်။ ၎င်းက ဝက်သက်ရောဂါကူးစက်မှုနှင့် ဆက်စပ်သည့် အန္တရာယ်များအပြင် ဗိုင်းရပ်စ်သည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး လူနာများတွင် ဆေးကုသမှု လိုအပ်သည့် ဒုတိယအဆင့် ရောဂါပိုးဝင်ရောက်မှုများ ဖြစ်ပွားနိုင်ကြောင်း ရှင်းပြသည်။
Rahman က ဘင်္ဂလားဒေ့ရှ်၏ အခြေအနေမှာ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်ခဲ့သည့် နိုင်ငံခြားအကူအညီများ လျှော့ချခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောသည်။ သူမသည် လူမှုအသိုင်းအဝိုင်း ကျန်းမာရေး အစပျိုးလုပ်ဆောင်မှုများစွာ ရပ်ဆိုင်းသွားခြင်းနှင့် ဝန်ထမ်းအင်အား လိုအပ်ချက်များ ပိုမိုဆိုးရွားလာခြင်းတို့ကို မျက်မြင်တွေ့ရှိခဲ့သည်။ ယခုအခါတွင် သူမသည် ဝန်ပိနေသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က မိသားစုများကို မျက်နှာလွှဲနေခြင်း၏ အကျိုးဆက်ကို တွေ့မြင်နေရပြီး "မိဘတွေက [ကလေးဆေးရုံ] ရပ်ကွက်တွေအပြင်ဘက်မှာ ဘာလုပ်ရမှန်းမသိဘဲ အကူအညီမဲ့စွာ ထိုင်နေကြရပါတယ်။" ဟု ပြောကာ အခြေအနေကို "ရင်နင့်ဖွယ်ရာ" ဟု ဆိုသည်။
၉ လအရွယ် ကလေးငယ်တစ်ဦး၏ ရောဂါခန့်မှန်းချက်
Mim Akhter သည် သူမ၏ တစ်ဦးတည်းသောသမီး ၉ လအရွယ် Rizvi Ahmed Raihan တွင် ဝက်သက်ရောဂါ ကူးစက်ခံထားရသည်ဟု သံသယရှိချိန်တွင် သူမ ကြောက်ရွံ့စိုးရိမ်မှု တိုးလာသည်။ သေဆုံးမှု အရေအတွက် များပြားလာနေသည့် သတင်းများက သူမ၏ ခေါင်းထဲသို့ ရောက်လာသည်။ ကလေးငယ်မှာ အသက်ရှူရခက်ခဲလာပြီး ရေဓာတ်ခန်းခြောက်လာသဖြင့် သူမသည် Manikganj ခရိုင်ရှိ နေအိမ်မှ ဒါကာသို့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကားဖြင့် သုံးနာရီကြာ ခရီးနှင်ခဲ့သည်။
သို့သော် သူမသွားရောက်ခဲ့သည့် ဆေးရုံတွင် အခြေအနေမှာ ဆိုးရွားလှသည်။ ဝက်သက်လူနာများ အလွန်များပြားသဖြင့် သူမနှင့် သူမ၏ကလေးငယ်မှာ ဓာတ်လှေကားရှေ့ရှိ ပါးလွှာသော မွေ့ရာတစ်ထပ်သာ ခင်းထားသည့် ကြမ်းပြင်တွင်သာ နေရာရရှိခဲ့သည်။
"ကုသမှုရဖို့အတွက် ကျွန်မတို့ ဒီကြမ်းပြင်ပေါ်မှာပဲ လှဲအိပ်နေရပါတယ်။" ဟု သူမက ပြောသည်။ ဝက်သက်ရောဂါအတွက် သီးသန့်ကုသမှုမရှိသည့်အတွက် ကလေးငယ်မှာ ကြမ်းပြင်တွင်ပင် အောက်ဆီဂျင်၊ အရည်များနှင့် ရေဓာတ်ဖြည့်တင်းခြင်းအပါအဝင် အခြားသော အထောက်အကူပြု ကုသမှုများကို ရရှိခဲ့သည်။ ၅ ရက်ကြာပြီးနောက် ကလေးငယ်၏ အခြေအနေ တိုးတက်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။
NPR မှ အင်တာဗျူးခဲ့သော လူနာများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂရုံးမှ ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ လူနာများ ပြည့်ကျပ်နေရုံသာမက လုံလောက်သော ဆေးကုသမှု မရရှိခြင်းအကြောင်းကို ဖော်ပြထားသည်။
ဝန်ထမ်းအင်အား လိုအပ်ချက်များရှိသည်။ မရှိမဖြစ်လိုအပ်သည့် ဆေးဝါးပစ္စည်းများ ပြတ်လပ်နေသည်။ ဝက်သက်လူနာ နှစ်ဦးမှာ အထူးကြပ်မတ်ကုသဆောင် ကုတင်တစ်ခုကို မျှဝေအသုံးပြုနေရလေ့ရှိပြီး တစ်ခါတစ်ရံတွင် နှစ်ဦးစလုံးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အကူ လိုအပ်နေသည်။
အချို့ဆေးရုံများမှာ ဝက်သက်လူနာများကို အခြားလူနာများနှင့် လုံးဝခွဲခြားထားရန် မစွမ်းဆောင်နိုင်ပေ။ ဥပမာအားဖြင့် ဒါကာရှိ ကူးစက်ရောဂါဆေးရုံတွင် ကိုယ်ခံအားစနစ် အားနည်းနေသည့် HIV/AIDS လူနာများသည် ဝက်သက်လူနာများနှင့် တူညီသော ဝင်းအတွင်း (မတူညီသော အထပ်တွင် ဖြစ်သော်လည်း) ရှိနေသည်။
"ကျွန်မရဲ့ဆေးရုံမှာ ကုတင် ၁၀၀ ပဲ ရှိပြီး နေ့တိုင်းလိုလို လူနာ ၁၀၀ ကျော်ကို လက်ခံနေရပါတယ်။" ဟု ကူးစက်ရောဂါဆေးရုံ၏ ကြီးကြပ်ရေးမှူး Dr. F. A. Asma Khan က ပြောသည်။ သူမက ဤလူနာများအားလုံး ဝက်သက်လူနာများ မဟုတ်သော်လည်း အများစုမှာ ဝက်သက်ရောဂါ သို့မဟုတ် ဆက်စပ် နောက်ဆက်တွဲရောဂါများ ရှိနေကြောင်း ပြောသည်။
မိုင်အနည်းငယ်အကွာတွင် Dr. Reaz Mobarok က သူ၏ဆေးရုံသည် စီမံခန့်ခွဲရေးအခန်းများကို လူနာကုသရေးအခန်းများအဖြစ် ပြောင်းလဲနေကြောင်း ပြောသည်။ "ကျွန်တော်တို့က ဆရာဝန်တွေကို 'ခင်ဗျားတို့ တစ်ခုခုကို ထိုင်ပြီး ဆွေးနွေးဖို့ လိုအပ်ရင် တခြားနေရာတွေမှာ ထိုင်ပါ။' လို့ ပြောရပါတယ်။" ဟု Bangladesh Shishu Hospital and Institute ရှိ အဆင့်မြင့် မှီခိုကုသမှုနှင့် သီးသန့်ကုသမှုဌာနမှ ပါမောက္ခနှင့် ဌာနမှူး Mobarok က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ဆေးရုံများစွာတွင် ဆေးကုသမှုမှာ အခမဲ့ဖြစ်သော်လည်း အခြားကုန်ကျစရိတ်များမှာ လျင်မြန်စွာပင် တတ်နိုင်စွမ်းမရှိသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည်
မျှော်လင့်ချက်မဲ့နေသည့် မိဘများ
မိဘများစွာသည် နေမကောင်းဖြစ်နေသော ကလေးတစ်ဦးရှိခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရသည့်အပြင် ငွေကြေးပိုင်းဆိုင်ရာတွင်လည်း ရုန်းကန်နေကြရသည်။ ဘင်္ဂလားဒေ့ရှ်ဆေးရုံများစွာတွင် ဆေးကုသမှုမှာ အခမဲ့ဖြစ်သော်လည်း အခြားကုန်ကျစရိတ်များမှာ လျင်မြန်စွာပင် တတ်နိုင်စွမ်းမရှိသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
Mohammad Kamal Hossain မှာ ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သူသည် Bhola တွင် ဆိုင်ကယ်ကယ်ရီသမားအဖြစ် လုပ်ကိုင်ရင်း တစ်နေ့လျှင် ၄ ဒေါ်လာခန့်သာ ရရှိသည်။ သို့သော် သူ၏ ၉ လအရွယ်သမီး Saifa ကို ကုသပေးရန် ပြီးခဲ့သည့် ရက်ပေါင်း ၂၀ ကို အချိန်ပေးခဲ့ရသဖြင့် အလုပ်မလုပ်နိုင်တော့ပေ။
သမီးဖြစ်သူတွင် ဝက်သက်ရောဂါနှင့် ဆက်စပ်လေ့ရှိသည့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီးနောက်တွင် သူမကို ပိုမိုကောင်းမွန်သော ဆေးကုသမှုရရှိရန် ဒါကာသို့ ခေါ်ဆောင်သွားရန် အကြံပြုခံခဲ့ရသည်။ သူသည် မြို့တော်သို့ ရောက်ရှိရန်အတွက် ၁၆၀ ဒေါ်လာ သုံးစွဲခဲ့ပြီးဖြစ်ကြောင်းနှင့် နေ့စဉ် ဆေးရုံတွင် နေထိုင်ခြင်းနှင့် အစားအသောက် အပါအဝင် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
"ကျွန်တော့်ရဲ့ ကလေးအကြီးက ကိုးတန်းတက်နေတာပါ။ အခုတော့ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ဆေးရုံမှာ နေထိုင်ရတဲ့စရိတ်တွေကြောင့် အကြွေးတင်နေပြီဖြစ်လို့ ဒီလအတွက် ကျောင်းလခကို ဘယ်လိုပေးရမလဲဆိုတာ မသိတော့ပါဘူး" ဟု Hossain က ပြောသည်။
အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု
ဖေဖော်ဝါရီလတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်အစိုးရသစ်သည် ဧပြီလ ၅ ရက်နေ့တွင် ကြီးမားသော ဝက်သက်ကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်ခဲ့သည်။
ယခုအခါ အရာရှိများက ကလေးငယ် ၁၈ သန်းခန့်ကို ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းချက် ပြည့်မီသွားပြီဖြစ်ကြောင်း ပြောသည်။ သူတို့၏ နောက်ထပ်ဦးစားပေးမှာ လူအများပါဝင်သည့် အစီအစဉ်တွင် လွတ်သွားသည့် ကလေးငယ်များကို လိုက်လံရှာဖွေပြီး "ကလေးတစ်ဦးတစ်ယောက်မျှ မကျန်ခဲ့သည်ကို သေချာစေရန်" ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန (DGHS) ၏ ရောဂါထိန်းချုပ်ရေး ဒါရိုက်တာ Dr. Halimur Rashid က ပြောသည်။
ဤကြိုးပမ်းမှုမှာ UNICEF မှ Flowers အပါအဝင် ကျယ်ပြန့်သော ချီးကျူးမှုကို ရရှိခဲ့သည်။ "တုံ့ပြန်မှုက ချက်ချင်းပါပဲ။ ဒါဟာ [ကျန်းမာရေး] ဝန်ကြီးဌာနရဲ့ ပြင်းထန်တဲ့ လုပ်ဆောင်မှုပါ။ အဲဒီအတွက် ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။" ဟု သူမက ဆိုသည်။
Rashid က သူ၏ရုံးသည် ဆေးရုံများက လျော်ကန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် လုပ်ဆောင်နေကြောင်း ပြောသည်။ "ဆေးရုံအားလုံးကို ဝက်သက်လူနာများအတွက် သီးသန့်ကုသဆောင်များ ဖွင့်လှစ်ရန် ညွှန်ကြားထားပြီး ထိခိုက်ခံစားရသည့် ကလေးငယ်များကို ဗီတာမင်အေ ဆေးတောင့်များ တိုက်ကျွေးနေပါတယ်။" ဟု ၎င်းက ပြောသည်။
Johns Hopkins မှ Moss က ဤသည်မှာ မှန်ကန်သော တုံ့ပြန်မှုဖြစ်ကြောင်း ပြောသည်။ "ဗီတာမင်အေ ကုထုံးက ဝက်သက်ကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။" ဟု ၎င်းက ရှင်းပြပြီး အမေရိကန်တွင် ဗီတာမင်အေ ချို့တဲ့မှုမှာ အလွန်ရှားပါးသော်လည်း ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နေရာများတွင် အဖြစ်များနိုင်ကြောင်း မှတ်ချက်ပြုသည်။
လက်ရှိအစိုးရ၏ တုံ့ပြန်မှုရှိသော်လည်း အချို့သော မိဘများနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှာ စိတ်ပျက်လျက်ရှိသည်။ ရောဂါကို ထိန်းချုပ်နိုင်သည်အထိ ကျောင်းများကို ပိတ်ထားရန်နှင့် နိုင်ငံတွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန် တောင်းဆိုမှုများ ရှိခဲ့သည်။
သို့သော် Moss က အခြေအနေများ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ "ကာကွယ်ဆေးထိုး အစီအစဉ်၏ အကျိုးသက်ရောက်မှုကို စတင်တွေ့မြင်ရဖို့ တစ်လ သို့မဟုတ် ထို့ထက်ပိုပြီး ကြာနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ "သို့သော် ကျွန်တော်တို့အနေနဲ့ ဒီအလွန်ကြီးမားတဲ့ ဝက်သက်ကာကွယ်ဆေးထိုး အစီအစဉ်ကြောင့် ရောဂါဖြစ်ပွားသူအရေအတွက် လျော့ကျလာတာကို စတင်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ၎င်းက ဆိုသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်ရှိ အချို့သူများအတွက်မူ ဤဝက်သက်ရောဂါဖြစ်ပွားမှုမှာ ကိုဗစ်ကပ်ရောဂါ အမြင့်ဆုံးအချိန်ကို ပြန်လည်အမှတ်ရစေပြီး ထိုဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့သည်။ သို့သော် ထိုရောဂါဖြစ်ပွားမှုနှင့် လက်ရှိဝက်သက်အကျပ်အတည်းကြားတွင် ကြီးမားသော ခြားနားချက်ရှိသည်။ ယခင်အကြိမ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ကမ္ဘာ့တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားခဲ့ရသည်။ Bangladesh Shishu Hospital and Institute မှ Mobarok က ယခုတစ်ကြိမ်တွင်မူ ဘင်္ဂလားဒေ့ရှ်သည် ပိုမိုတိတ်ဆိတ်စွာ အထီးကျန်ဖြစ်နေသလို ခံစားနေရကြောင်း ပြောသည်။ "ကျွန်တော်တို့ အကူအညီ များများစားစား မရပါဘူး။" ဟု ဆိုသည်။
ကိုးကား - NPR
ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ကူးစက်ရောဂါဆေးရုံ၌ မိခင်ဖြစ်သူက ကလေးအထူးကုဆရာဝန်နှင့် ပြောဆိုနေစဥ် မိခင်ဖြစ်သူ၏ ပေါင်ပေါ်ထိုင်နေသည့် ဝက်သက်ရောဂါကူးစက်ခံထားရသော ၉ လအရွယ် ကလေးငယ် Rizvi Ahmed Raihan။ ဓာတ်ပုံ - Anik Rahman for NPR
Top News
လွန်ခဲ့သော ၁၄ နာရီ က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၂ ရက် က