bap-logo
Data

ကြံ့ခိုင်ရေးက ဦးဆောင်ကာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်ရန် လမ်းကြောင်းပြခဲ့မှု ၅ နှစ်ပြည့်ပြီ

oRLYaMZ_KralRWQSVBOcJ-image

လွန်ခဲ့သော ၂ နာရီ က

 

BAP၊ သြဂုတ် ၁၄။

 

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီ လွန်ခဲ့သည့် ၅ နှစ် ( ၂၀၂၀ သြဂုတ်လ ၁၄) ရက်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ပါတီက မြန်မာနိုင်ငံတွင် ဆိုးရွားကြမ်းကြုတ်သည့် စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်စေရန် လမ်းကြောင်းပြခဲ့ကြသည်။

 

ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက “မည်သို့ တာဝန်ယူ ဖြေရှင်းပေးမလဲ” ဆိုသည့် မေးခွန်းကို ယခုအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့ အုပ်စုဖွဲ့ကာ လူကိုယ်တိုင်သွား မေးခဲ့ကြခြင်းဖြစ်သည်။

 

ထိုနေ့ တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီ ၃၄ ပါတီက ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပေးရန်၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ ဝင်များကို ဖြုတ်၍ အသစ်လဲပေးရန်၊ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော်က မည်သို့ တာဝန်ယူမလဲ ဆိုသည့် အချက် ၃ ချက်ကို မေးမြန်းခဲ့ကြသည်။

 

နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမှုအပြီးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံနှင့်ဒေသကို လက်တွေ့အကျိုး ပြုသူ၊ တရားဥပဒေ စိုးမိုးရေးအမြင်ရှိပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းစောင့်ရှောက်သူ တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်လမ်းမှန် ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံရသူတို့ကို ရွေးချယ်ရမည်ဟူသည့် မဲပေးရန် မူ(၆) ချက်ထွက်ပေါ်လာခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲတွင် ''ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး'' ဆိုသည့် လူမိုက်ဆန်ဆန်စကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများအား ထုတ်ပြောခဲ့သည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၄ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းပေါင်း ၂,၁၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်ရရှိခဲ့သူ ၉၀ ကျော်သာ ရှိသည်။

 

နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော် ဝင်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအများဆုံး ယှဉ်ပြိုင်ခဲ့သည့်ပါတီ ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော် ၃၀ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၃၅ နေရာသာ အနိုင်ရရှိခဲ့သည်။

 

မင်းအောင်လှိုင်နှင့်တွေ့ရာတွင် ပါခဲ့သည့် ကျန် ၂၉ ပါတီသည် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

 

တွေ့ဆုံခဲ့သော ထို ၃၄ ပါတီအနက် ပြည်ခိုင်ဖြိုးပါတီမှလွဲ၍ နေရာအနည်းငယ်စီ အနိုင်ရခဲ့သူများမှာ တိုင်းရင်းသား ပါတီများသာဖြစ်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က စုစုပေါင်း ၈ နေရာ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO)က ၉ နေရာ၊ ‘o’ အမျိုးသားပါတီ(WNP) ၃ နေရာနှင့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP) ၁ နေရာ အနိုင်ရရှိခဲ့သည်။

 

NLD က အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုခြင်းမရှိသည့် ကြံ့ခိုင်ရေး ပါတီက စစ်တပ်နှင့် ပူးပေါင်းကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ထိုစဉ်က တောင်းဆိုခဲ့သည်။

 

ထို့ပြင် နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော အဖွဲ့အစည်း များပါဝင်သည့် လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင်ကို (၇) ရက်အတွင်း ဖွဲ့စည်း စိစစ်ပေးရန်လည်း ကြံ့ခိုင်ရေးပါတီနှင့် ရွေးကောက်ပွဲအနိုင်မရခဲ့သည့် ပါတီ ၁၅ ခု ပူးပေါင်းကာ ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

 

ရွေးကောက်ပွဲအပြီး ၂ လအကြာ ပြည်ထောင်စုလွှတ်တော်မခေါ်ယူမီ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က သမိုင်းဝင် အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ကြသည်။

 

၂၀၂၀ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

 

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်က ကာလုံဟု အတိုကောက်ခေါ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူရန် တင်ပြခဲ့သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီက ဦးသိန်းညွန့်နှင့် ရွေးကောက်ပွဲကော်မရှင်ကို ပြောင်းလဲပေးရန် တောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးခင်မောင်ဆွေတို့သည် ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရခဲ့သော်လည်း အာဏာသိမ်းပြီးဖွဲ့စည်းသည့် စစ်ကောင်စီတွင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။

 

 

တွေ့ဆုံမှုတွင် ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ ခေါင်းဆောင်များသည် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီ၏ ယန္တယားတွင် ပါဝင်ခဲ့ကြသည်။

 

ယခု ၂၀၂၅ ခုနှစ်တွင် ထပ်ဖွဲ့သည့် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့တွင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ ထပ်မံပါဝင်နေသည်။

 

လက်ရှိအချိန်တွင် နိုင်ငံအနှံအကြမ်းဖက်မှုများကို ကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပရန် တာစူလျှက်ရှိနေသည်။

 

ထိုအချိန်က စစ်တပ်နှင့်သွားတွေ့ခဲ့သည့် နိုင်ငံရေးပါတီအားလုံးလိုလိုသည် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်သည်။

 

အာဏာသိမ်းမှုကိုဖြစ်ပေါ်စေသည့် စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီသည်လည်း မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ဦးမည်ဖြစ်သည်။

 

 

Burma Associated Press

 

 

အာဏာသိမ်း

Share With
bap-logo