bap-logo
Data

မြန်မာလူငယ် ၁၀ ယောက်တွင် ၄ ယောက်က ပြည်တွင်းမှ ထွက်ခွာလို

E959ZoPr5-ucu4RB5aQRL-image

လွန်ခဲ့သော တစ်ရက် က

 

BAP၊ ဩဂုတ် ၁၂။

 

အချက်အလက်အသစ်များအရ လူငယ် ၁၀ ယောက်တွင် ၄ ယောက်သည် ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကိစ္စရပ်များကြောင့် အခွင့်အခါပေးပါက နိုင်ငံအတွင်းမှထွက်ခွါလိုကြသည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ အစီရင်ခံစာသစ်တစ်စောင်ကဆိုသည်။

 

ယနေ့ ဩဂုတ်လ၊ ၁၂ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) မှ အစီရင်ခံစာသစ်တစ်စောင် (A Generation on the Move: Youth Migration and Perceptions in Myanmar) (ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း) ထုတ်ပြန်ခဲ့ရာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

  

နိုင်ငံတစ်ဝှမ်းရှိ လူငယ် ၇၀၀၀ ကျော်၏ အမြင်များကို စုဆောင်းရယူထားသည့် Myanmar Youth Survey 2024 (မြန်မာလူငယ် သဘောထားစစ်တမ်း ၂၀၂၄) တွင် လူငယ် ၁၀ ဦးတွင် (အသက် ၁၈ မှ ၃၅ နှစ်) ၄ ဦးသည် စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခနှင့် စစ်မှုထမ်း ခေါ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

 

ပညာအရည်အချင်းမြင့်မားသောလူငယ်များတွင် ရွှေ့ပြောင်းအခြေချရန် စဉ်းစားကြသည်မှာ သိသိသာသာပိုများပြီး မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချိန်၌ “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်လာနေသည်ဟုလည်း ဖော်ပြထားသည်။

 

သို့သော်လည်း အစီရင်ခံစာတွင် ရွှေ့ပြောင်းလို သည့် လူငယ် ၉၀ ရာခိုင်နှုန်းနီးပါးသည် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ ကောင်းမွန်လာပါက ပြန်လာမည်ဟု ဖော်ပြထားသည်။

 

အစီရင်ခံစာဖော်ပြချက်အရ ထက်ဝက်နီးပါးက မြန်မာလူငယ်တို့ဘဝသည် နောင်ငါးနှစ်အတွင်း ပိုကောင်းလာမည်ဟု ယုံကြည်ကြပြီး သုံးပုံနှစ်ပုံမှာ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောင်နိုင်မည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် ရွေ့ပြောင်းအခြေချလိုသူ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ အခြားတိုင်းနှင့်ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး ဖြစ်သည်ဟုလည်း ဆိုသည်။

 

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် လူငယ်များသည် အနာဂတ်သာမကဘဲ ယနေ့ခေတ် အပြောင်းအလဲ၏ မောင်းနှင်အားဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါသည်” ဟု UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောသည်။

 

ဒီအစီရင်ခံစာက မြန်မာနိုင်ငံတွင်း နေထိုင်နေသည်ဖြစ်စေ၊ နိုင်ငံအတွင်းမှ ထွက်ခွါသွားသည်ဖြစ်စေ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် ရင်းနှီးမြုပ်နှံ့ကြဖို့ တိုက်တွန်းနှိုးဆော်တာလဲဖြစ်ပါတယ်။ ဒါမှ ထိုလူငယ်များသည် အားလုံးပါဝင်ကြတဲ့ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ် နိုင်ငံတစ်ခုကို ပုံဖော်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

 

UNDP မှ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများအား လူငယ်များနှင့် ၄င်းတို့၏ ရပိုင်ခွင့်များကို ကာကွယ်ရန်၊ အခွင့်အလမ်းများ တိုးချဲ့ပေးရန်၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြည့်ပြည့်ဝဝ အကောင်ထည်ဖော်နိုင်ရန် စသည်တို့အတွက် ပြည်တွင်းနှင့် ပြည်ပရောက် လူငယ်များနှင့် လက်တွဲလုပ်ဆောင်ရန် တောင်းဆိုထားသည်။

 

ပုံစာ - စစ်ကောင်စီထံ စစ်မှုမထမ်းလိုသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များထံတွင် စစ်ပညာ သင်ယူနေကြသည့် လူငယ်အချို့

 

 

လူငယ်
မြန်မာ

Share With
bap-logo