Politics
စစ်တပ်ရော လက်နက်ကိုင်တွေပါ လူစုနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက စစ်မှုမထမ်းမနေရ ဒုက္ခ
လွန်ခဲ့သော ၂ ရက် က
BAP၊ ဒီဇင်ဘာ ၁၀။
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အများစုမှာ စစ်တပ်က ကျန်းမာရေးမကောင်းသူတွေကိုပါ စစ်မှုထမ်းဖို့ စုဆောင်းနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
စစ်မူထမ်းအသက်ပြည့်ခါနီး အသက်၃၀ ကျော် အရွယ်တွေကို စစ်မူထမ်းဖို့ အိမ်တိုင်ရာရောက် လာခေါ် နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
လစဉ်စစ်မူထမ်းထောက်ပံ့ကြေး ပေးဆောင်နေတဲ့ကြားကနေ လူဦးရေမပြည့်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ ရပ်ကွက်တာဝန်ရှိသူတွေကနေ လာရောက်ခေါ်လာဖို့ ဖိအားပေးလုပ်ဆောင်နေတယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
"ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲလဲနေသူလည်းမနေရဘူး၊ စာရင်းပါတယ်၊ ဆေးစာအုပ် ပြလည်း မရဘူး၊ သူတို့သတ်မှတ်ထားတဲ့ စစ်ဆေးရုံမှာပဲ စစ်ဆေးရမှာ၊ စစ်ဆေးချက်ကျမှ လွတ်မယ်တဲ့၊ သူတို့ စစ်ဆေးတဲ့သူတိုင်း ဆေးအောင်တယ်ဆိုပြီး စစ်မူထမ်းပါသွားတာ ဘယ်ရောက်လို့နေလဲမသိရဘူး "လို့ တောင်ကြီးမြို့ခံတဦးက ပြောပါတယ်။
စစ်မူထမ်းဖို့ အမျိုးသားတွေကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းဖို့ သတ်မှတ်ထားပါတယ် ။
ကျွမ်းကျင်ပညာရှင်တွေကို အသက် ၄၅ နှစ်အထိ သတ်မှတ်ထားပြီ ၃ နှစ်အထိ တာဝန်ထမ်း စေရမယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် အသက်ကန့်သတ်ချက်ထဲ လွတ်မြောက်ခါနီး အသက် ၃ဝ ကနေ ၃၅ နှစ်အတွင်း လူတွေ အများဆုံး ခေါ်ယူခံနေရတယ်လို့ ရှမ်းတောင်ဒေသခံအချို့ဆီက သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း မြို့နယ်တွေမှာစစ်မူထမ်းဖို့ ခေါ်ဆောင်ပြီး ဆေးစစ်ခံရသူတွေထဲမှာ စိတ်ကျန်းမာရေး မကောင်းသူ၊ အမြင်အာရုံမကောင်းသူတွေပါ ဆေးစစ်တာအောင်တဲ့ အခြေအနေတွေကြောင့် မိဘတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မူထမ်းစရိတ်ဆိုပြီး နေအိမ်တအိမ်ကို ၃ သောင်းကျပ်၊ ယောက်ကျားလေးရှိတဲ့နေအိမ်တွေကို အမျိုးသား တဦးကို ၅ သောင်းကျပ်ကနေ သိန်းချီပေးနေရတာ ဖြစ်ပါတယ်။
စစ်မူထမ်းဖို့ လူစားထိုးရင် ကျပ်သိန်း ၅၀ ကနေ သိန်းရာဂဏန်းအထိပေါက်ဈေးရှိနေပြီး ရပ်ကွက် အုပ်ချုပ်ရေးမူး၊မြို့နယ်အုပ်ချုပ်ရေးမူးတွေက ပွဲစားအဖြစ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကတော့ စစ်မူထမ်းဖို့ လူစာရင်းကို အထက်ကနေ စာပို့တာလို့ ပြောဆို ထားပြီး ၎င်းတို့က အကြောင်းကြားပေးရုံသာရှ်ိနေတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့က စာပေးစာယူအဆင့်ပဲရှိပါတယ်၊ တကယ်လို့ စစ်မူထမ်းထဲပါဝင်ဖို့ မသင့်ဘူးဆိုရင် တိုင်းရုံးတွေရောက်ရင် သူတို့စစ်ဆေးပြီး ပြန်လွတ်ပါတယ်၊ ဆေးစာအုပ်ပါလည်း သူတို့ စစ်ဆေးချက်သာ အတည်ပါ ကျွန်တော်တို့မှာ ဘာအာဏာမှမရှိဘူး"လို့ တောင်ကြီးမြိုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှ်ိအချိန်မှာတော့ အခကြေးငွေနဲ့ စစ်မူထမ်းလူစားထိုးလုပ်ချင်သူတွေ ရှားပါးနေတာမို့ စစ်မူထမ်းဖို့ စားရင်းဝင်နေသူတွေကိုယ်တိုင် လူရှာပေးနေရတယ်လို့ တောင်ကြီးမြို့ခံတွေက လက်ရှိကြုံနေရတာကို ပြောပါတယ်။
"အရင်ကဆို လူပြည့်အောင်ရပ်ကွက်ထဲက ဆေးသုံးတဲ့ကလေးတွေ၊ ရာဇဝတ်မူကျူးလွန်ဖူးတဲ့သူတွေကို အလွယ်တကူဖမ်းပြီးထည့်လိုက်ကြတာ၊ ရပ်ကွက်က ကောက်ထားတဲ့ စစ်မူထမ်းထောက်ပံ့ကြေးထဲက သိန်းနှစ်ဆယ်လောက်မိသားစုကိုပေးတယ်၊ ခုကအစားထိုးဖို့ လူကိုမရှ်ိတော့တာ၊ အဲဒါကြောင့် ကိုယ်တိုင် လူရှာနေရတယ်"လို့ တောင်ကြီးမြို့ခံ မိဘတဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မူထမ်းဥပဒေကို အသက်သွင်းတာဖြစ်ပြီး မြန်မာနိုင်ငံ ၁၄ သန်းဟာ စစ်မှုထမ်းဖို့ အကျုံးဝင်နေတယ်လို့ စစ်အုပ်စုဘက်က ပြောဆိုထားပါတယ်။
တစ်နှစ်ကို လူဦးရေ ၆၀,၀၀၀ ခန့် စစ်မှုထမ်းစာရင်းသွင်းမယ်လို့ စစ်တပ်ဖက်က အသိပေးထားပါတယ်။
လက်ရှိအချိန်မှာ စစ်မူထမ်းဖို့ ခေါ်ဆောင်ခံရသူတွေကို စစ်တပ်ပိုင်စစ်ဆေးရုံတွေမှာ ဆေးစစ်ပေးနေပြီး ဆေးစစ်ခံရသူတိုင်း ဆေးအောင်တယ်လို့ ကလောမြို့ခံတွေက ပြောပါတယ်။
"စာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမူးရုံးကို လာခေါ်တယ်၊ ညတွင်းချင်းစစ်မူထမ်းဖို့ နေခဲ့ခိုင်းတယ်၊ ပြင်ဆင်စရာရှိလို့ဆိုပြီးတောင်းပန်းပြီး ပြန်ခေါ်လာရတယ်၊ အကြားအာရုံမကောင်းသူတွေလည်းပါတယ် ၊ လေဖြန်းထားသူတွေလဲမလွတ်ဘူး၊ လူစားထိုးရှာဖို့ သိန်း ၁၀၀ အထိတောင်းတယ်၊ မိဘတွေကလည်း ရှိတာရောင်းပြီး လူစားထိုးဖို့ ချက်ချင်းရှာကြရတယ်၊ တဝက်လောက်က သူတို့အုပ်ကြီးတွေခွဲယူကြရတာ၊ မတိုင်ရဲကြဘူး"လို့ ကလောမြို့ခံတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်မူထမ်းကိစ္စအတွက် အာဏာအရှိဆုံးသူတွေက ရပ်ကွက်အုပ်ချုပ်ရေးမူးတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမူးတွေက အများဆုံးပါဝင်နေတယ်လို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမူးတွေခေါ်လာသူတွေကိုသာ စစ်တပ်ဖက်က ဆေးစစ်ပေးတာတွေ ပြုလုပ်ပေး နေတာလို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
စစ်မူထမ်းဖို့ ခေါ်ဆောင်ခံရသူတွေထဲမှာ အကြုံးမဝင်သူတွေပါခဲ့ရင် တိုင်ကြားမယ့်နေရာ မရှ်ိသလို ဖြေရှင်းပေးမယ့် အဖွဲ့အစည်းမရှိဝာာကြောင့် ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကလည်း မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပေမယ့် အောက်ခြေမှာ ကြုံတွေ့ နေရတဲ့ အခက်ခဲတွေကို နားထောင်ပေးတာမျိုး မရှ်ိသေးဘူးလို့ ပြည်သူတွေက ဝေဖန်ပါတယ်။
လက်ရှိရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီအများစုက မဲဆွယ်ချိန်မှာ စစ်မူထမ်းနဲ့ပတ်သက်ပြီး နူတ်ဆိတ် နေကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းစစ်သားစုဆောင်းရာမှာ စစ်တပ်တင်မက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကလည်း အမျိုးသားရှိတဲ့ နေအိမ်တွေမှာ တအိမ်ကိုတယောက် ခေါ်ယူနေတာလည်းရှ်ိပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေ မှာ ပအိုဝ်း ပြည်သူ့ စစ်တွေက ရပ်ရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့စစ်မှုထမ်းဖို့ ပြည်သူ့စစ် သင်တန်းပေး နေတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဂိတ်တွေမှာ အလှည့်ကျ ကင်းသွားစောင့်ပေးရတယ်။ အသက် ၅၀ အထိခေါ်ယူတယ်၊ သူတို့တပ်ထဲ လည်း ဝင်ခိုင်းတယ်၊ ငွေလည်းထောက်ပံ့ရတယ်၊ စစ်တပ်ဖက်ရော ပြည်သူ့စစ်ကိုပါ နှစ်ဖက်လုံး ပေးရတယ်"လို့ ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၉ အထိရောက်ရှိလာပြီဖြစ်ပြီး အပါတ်စဉ် ၂၀ အတွက် လူစုဆောင်းနေပါတယ်။
Burma Associated Press