bap-logo
Politics

ရွေးကောက်ပွဲကျင်းပပြီးလျှင်ပင် မြန်မာနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် 'ခက်ခဲ'နေဦးမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးပြော

IOPwBPIuJ3-U30LeZO3Vw-image

လွန်ခဲ့သော ၁၅ ရက် က

BAP၊ နိုဝင်ဘာ ၂၆။

လာမည့်ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အာဆီယံဒေသတွင်းအဖွဲ့အစည်းအတွက် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ၏ ယခင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏ အုပ်ချုပ်မှုကို သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် အတုအယောင် လုပ်ရပ်တစ်ခုအဖြစ် ဝေဖန်သူများက ရှုတ်ချထားကြသည့် အဆင့်လိုက် အထွေထွေရွေးကောက်ပွဲကို ပြည်တွင်းစစ်မီးတောက်လောင်နေသည့်ကြားမှပင် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။

 

နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားထားသည့် အဆိုပါရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော ပါတီအများအပြားမှာ ပိတ်ပင်ခံထားရခြင်း သို့မဟုတ် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆန်ခြင်းများ ရှိနေသည်။

 

"လက်ရှိအခြေအနေတွေရယ်၊ လိုအပ်သူ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေရယ် မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အချက်တွေက မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့အတွက် ခက်ခဲပါလိမ့်မယ်။" ဟု Sihasak Phuangketkeow က ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

 

"ဒီရပ်တည်ချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ညီညီညွတ်ညွတ် ဆက်လက်ရပ်တည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ၎င်းက ဆိုသည်။

 

အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့်လက တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာစေရန်နှင့် အာဆီယံ၏ လွန်ခဲ့သည့် ၄ နှစ်က ချမှတ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာရန် စစ်အုပ်စုအား တိုက်တွန်းခဲ့ကြသည်။

 

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာခဲ့ပြီး မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

ထိုအချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက် ၈၀ အရွယ် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါဝေဒနာ ခံစားနေရပြီး အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း ၎င်း၏ သားဖြစ်သူက ပြောကြားထားသည်။

 

"သူ့ကို ပြန်လွှတ်ပေးဖို့ သူတို့အနေနဲ့ သေချာစဉ်းစားသင့်တဲ့ အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်။" ဟု Sihasak က စစ်ကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောကြားသည်။ "သူ ထိန်းသိမ်းခံထားရတာ ကြာလွန်းလှပါပြီ။ သူ့အသက်အရွယ်နဲ့ဆိုရင် ကျန်းမာရေးအခြေအနေက ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။"

 

ကိုးကား - Reuters

 

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (REUTERS/Edgar Su/File Photo)

 

 

ထိုင်း
မြန်မာ

Share With
bap-logo