Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးရဲ့သားမက် လာအို သံအမတ်ဖြစ်လာ
လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ သားမက်ဖြစ်တဲ့ နိုင်ငံရေးရာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ကို ခန့်အပ် လိုက်ပါတယ်။
သံအမတ်ဖြစ်လာတဲ့ ဦးအောင်ကိုဟာ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်မှာ စကားပြန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဦးအောင်ကို မတိုင်ခင် လာအိုသံအမတ်ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းမြတ်သက်ဦးကိုတော့ စစ်ကောင်စီက ပြည်တော် ပြန်ခေါ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။ ဘာကြောင့်အခုလိုထောင်ချရတယ်ဆိုတာကို စစ်ကောင်စီက ထုတ်ပြောထားတာမရှိပါဘူး။
လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ပြီး ဇန်နဝါရီ ၁၀ ရက်မှာ မြန်မာ စစ်ခေါင်းဆောင်အပါအဝင် NCA အပစ်ရပ် ၇ ဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ-အိန္ဒိယ အချက်အခြာဖြစ်တဲ့ ပလက်ဝကို AA သိမ်း
ပလက်ဝဒေသထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နဲ့ “ခန်ခတောင်ဗျူဟာ” စခန်းကုန်း တွေကို သိမ်းပိုက်ပြီးချိန်မှာ ရခိုင်ပြည်နယ်၊ ပလက်ဝဒေသဟာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ရက္ခိုင့်တပ်တော်- AA က ဇန်နဝါရီ ၁၄ ရက်မှာ အသိပေးပါတယ်။
ပလက်ဝဟာ အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေပြီး စစ်ရေးအရရော၊ ကုန်စည်ကူးသန်းမှုအပိုင်းမှာပါ အဓိကကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းမြောက်က လောက်ကိုင်ဒေသပြီးရင် ဒုတိယမြောက် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာတာ ဖြစ်ပါတယ်။ ပလက်ဝဒေသတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့ပြီး ၆၂ ရက်အကြာမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ကွယ်လွန်
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ဟာ ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံမှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ လေးဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။ နောက်ပိုင်း ၂၀၂၀ ပြည့်နှစ်၊ ၁၀ ကြိမ်မြောက် မွန်ပြည်သစ် ပါတီ ညီလာခံမှာ ကျန်းမာရေးကြောင့် အနားယူကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ထောမွန် ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်၊ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) မှာ မွန်ပြည်သစ်ပါတီက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ထောမွန်ကို ၂၀၂၁ ခုနှစ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာ မွန်အသင်းအဖွဲ့တွေက “ဝီရဟံသာ” ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခဲ့ပါသေးတယ်။
ထိုင်းစစ်ဘက် အကြီးအကဲ မြန်မာ စစ်ခေါင်းဆောင်ကို လာတွေ့
ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးအဖွဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ခေတ်တီဆတ်ခ် ဘွန်းပရာသမ်ကျိုင်ဟာ ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သတင်း အချက်အလက် ဖလှယ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးဟာလည်း တိုက်ပွဲတွေကြောင့် ပိတ်ထားရတာ နှစ်လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အခုနှစ် ဇန်နဝါရီ ၁၂ ရက်ကလည်း မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးတို့ အွန်လိုင်းက တွေ့ဆုံပြီး မြဝတီက အွန်လိုင်းလောင်းကစားတွေနဲ့ ငွေကြေးလိမ်လည်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆွေးနွေး ခဲ့ ကြပါသေးတယ်။
နမ့်ဖတ်ကာမှာ စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပစ်ချခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ဗုံးလာကြဲတဲ့ စစ်ကောင်စီ တိုက်လေယာဉ် တစ်စင်းကို ဇန်နဝါရီ ၁၆ ရက်က ပစ်ချနိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က အတည်ပြုပါတယ်။
အဲဒီတိုက်လေယာဉ်မှာ လိုက်ပါသွားတဲ့ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူး နှစ်ဦးလုံး သေဆုံး သွားတယ်လို့ ပြည်တွင်းသတင်းဌာနတွေမှာ ရေးသားထားကြပြီး ဒီနှစ်ပိုင်းအစမှာတင် စစ်ကောင်စီရဲ့ စစ်လေယာဉ် MI-17 နဲ့ နှစ်ယောက်မောင်း Fighter FTC-2000G တစ်စီး စုစုပေါင်း ၂ စီး ပစ်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုပစ်ချခံလိုက်ရတဲ့ နှစ်ယောက်မောင်း Fighter FTC-2000G တိုက်လေယာဉ်ဟာ အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ်/အပေါ့စား ဖြစ်ပြီး ၂၀၂၂ ခုနှစ်က စစ်ကောင်စီက တရုတ်နိုင်ငံ ကနေ ဝယ်ယူထားတဲ့ ၆ စီးထဲက တစ်စီးဖြစ်ပါတယ်။
စစ်အာဏာသိမ်းကာလ ၃ နှစ်နီးပါးအတွင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ရဟတ်ယာဉ် တစ်စင်း၊ လိုင်ဇာမြို့အနီးမှာ စစ်ရဟတ်ယာဉ် တစ်စင်း၊ ကရင်နီဒေသ ဖရူဆိုမြို့နယ်မှာ တိုက်လေယာဉ် တစ်စင်း၊ ဘောလခဲမြို့နယ်မှာ စစ်လေယာဉ်တစ်စင်း၊ ရှမ်းမြောက် ကွတ်ခိုက်မြို့နယ်၊ နမ့်ဖတ်ကာမှာ တိုက်လေယာဉ်တစ်စင်း စုစုပေါင်း ၅ စင်း ပျက်ကျခဲ့ပြီး ဖြစ်ပါတယ်။
ဟိုပန်၊ ပန်လုံဒေသကို ‘ဝ’ ထံ လွှဲအပ်
ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်၊ ပန်လုံဒေသနှစ်ခုကို စစ်ကောင်စီက ‘ဝ’ပြည်နယ်အစိုးရဆီ လွှဲအပ်လိုက်ပြီ ဖြစ်တယ်လို့ UWSA ရဲ့ ရုပ်သံချန်နယ် WSTV က ဇန်နဝါရီ ၁၄ ရက်မှာ အသိပေးပါတယ်။
ဒေသနှစ်ခု လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကိုတော့ ဇန်နဝါရီ ၄ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသိပေးချက်မှာတော့ “ဝ”ပြည်နယ်အစိုးရက နှစ်ပေါင်းများစွာ တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး နောက်၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်စီက ဟိုပန်၊ ပန်လုံဒေသကို လွှဲပြောင်းဖို့ သဘောတူခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုကိစ္စကို အတိအလင်းထုတ်ပြောထားတာမရှိပါဘူး။
Burma Associated Press