bap-logo
Crime

ထိုင်းတွင် ဖမ်းမိသည့် မင်းအောင်လှိုင် သားသမီးများပိုင်ဆိုင်မှု စုံစမ်းစစ်ဆေးပေးရန်တောင်းဆို

2KiCMRTtw5spqoZu2oZYS-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၁။

 

မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ဖမ်းဆီးခံရသည့် ထိုင်းမူးယစ်ဆေးဝါးစီးနင်းမှုတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးများ ပိုင်ဆိုင်သည့် အရာများကို သိမ်းဆည်းရမိခဲ့သည်မို့ ၎င်းတို့ အနေဖြင့် ရာဇဝတ်မှုကျူးလွန်ခြင်းရှိ၊ မရှိစုံစမ်းစစ်ဆေးပေးရန် ထိုင်းအာဏာပိုင်များထံ Justice For Myanmar က ယနေ့ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

 

အဆိုပါထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာတွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့ ပိုင်ဆိုင်သည့် ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဇိမ်ခံကွန်ဒိုတစ်လုံးနှင့် Siam Commercial Bank မှ ဘဏ်စာအုပ် နှစ်အုပ်တို့ပါဝင်ကြောင်း သိရသည်။

 

"ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ထွန်းမင်းလတ်စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ် ရရှိခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှု တစ်စုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းပါတယ် " ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

 

ထို့အပြင် ထိုင်းဘဏ်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ခံ ထားရသည့် စစ်အုပ်စုဝင်များ၊ ခရိုနီနှင့် ၎င်းတို့ သားသမီး များ၏ ဘဏ်အကောင့်များပိတ်ပေးရန် Justice For Myanmar က တောင်းဆိုထားသည်။

 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်အောင်လှိုင်၏ သားနှင့် သမီးကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားသည်။

 

မင်းအောင်လှိုင်၏ သားသမီးများပိုင်ဆိုင်သည့် ပစ္စည်းများသည် ရာဇဝတ်မှုနှင့်ဆက်စပ်နေသော်လည်း ထိုင်းအာဏာပိုင် များက ယင်းပိုင်ဆိုင်မှုများကို သိမ်းယူထားခြင်းမရှိကြောင်း သိရသည်။

 

အမေရိကန်ဒေါ်လာ တစ်သန်းတန် အဆင့်မြင့်ကွန်ဒို Belle Rama 9 အိပ်ခန်း လေးခန်းပါကွန်ဒိုအခန်းကို အောင်ပြည့်စုံပိုင်ဆိုင်ပြီး Siam commercial Bank စာအုပ်တွင် ခင်သီရိသက်မွန် အမည်ပေါက် ဖြစ်ကြောင်း Justice For Myanmar ထံမှ သိရသည်။

 

အဆိုပါပိုင်ဆိုင်မှုအထောက်အထားများသည် ထွန်းမင်းလတ်ကို ဖမ်းဆီးမိချိန်တွင် တစ်ပါတည်းအတူ သိမ်းဆည်း ရမိသည့် စာရင်းများဖြစ်သည်။

 

ယင်းအပြင် ထွန်းမင်းလတ်၏ လုပ်ဖော်ကိုင်ဖက်များပိုင်ဆိုင်သော အိမ်ခြံမြေအများအပြားကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက် သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုအပါအဝင် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုများဖြင့် ဒီဇင်ဘာ ၁၃ ရက်တွင် စွဲ ချက်တင်ထားကြောင်းသိရသည်။

 

Burma Associated Press

 

မြန်မာ
စစ်တပ်
ထိုင်းနိုင်ငံ
စီးနင်း
ထွန်းမင်းလတ်
ဘန်ကောက်
မင်းအောင်လှိုင် မိသားစု

Share With
bap-logo