bap-logo
Politics

ရခိုင်အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာမပြည့်မီသည့် မိသားစု ၅၇ ရာခိုင်နှုန်းအထိရောက်လာ

gHZQZdxijf5-bUxPLbXnm-image

လွန်ခဲ့သော ၃ နာရီ က

BAP၊ ဩဂုတ် ၁၃။

 

ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာပြည့်မီအောင် မစားသုံးနိုင်သည့် မိသားစုအရေ အတွက် ၅၇ ရာခိုင်နှုန်းအထိရောက်ရှိနေပြီဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆိုသည်။

 

ထိုအရေအတွက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ၃၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် သိသိသာသာ တိုးလာခဲ့ခြင်းဖြစ်သည်။

 

လူတွေက ပဋိပက္ခအကြား ပိတ်ဆို့ခံနေရတယ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့် ဆုံးရှုံးနေကြတယ်၊ လူသားချင်းစာနာမှုအကူအညီ အကာအကွယ်မဲ့နေကြတယ်၊ ဒီလို အဆိုးကျော့သံသရာထဲမှာပဲ တဝဲလည်လည် ပိတ်မိနေကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunfrod က ပြောသည်။

 

ဝမ်းဆာလို့ ငိုကြွေးနေတဲ့ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့အကြောင်း ကြေကွဲစရာ ဇာတ်လမ်းတွေကို ကျနော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့ တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြရပေမဲ့ ဒီလိုအခြေအနေမှာ သူတို့ ရုန်ုးအားတခုထည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်” ဟု သူက ဆက်ပြောသည်။

 

ကာလရှည်ကြာဖြစ်ပွားနေသည့် ပဋိပက္ခ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ၊ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ လျော့နည်းသွား ခြင်းကြောင့် အထောက်အပံ့များ လျော့ချခံခြင်းတို့က ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ပိုဆိုးအောင် တွန်းအားပေးလျက်ရှိသည်ဟု WFP ကဆိုသည်။

 

၂၀၂၅ ဧပြီတွင် WFP သည် ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာရှိ လူဦးရေ တသန်းကျော်ကို အထောက်အပံ့များ ရပ်ဆိုင်းခဲ့ရသည်။

 

လာမည့် ၆ လ အတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း ၂၇၀,၀၀၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်နေသည်ဟု WFP ကဆိုသည်။

 

အခု ချက်ခြင်း တုံ့ပြန်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီအကျပ်အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတခုအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက မျက်နှာလွှဲလိုက်လို့မရပါဘူး” WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောသည်။

 

လက်ရှိ ရခိုင်တွင် မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက် ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ကျောင်းထွက်ခြင်း၊ လူမှုရေးတင်းမာခြင်းနှင့် လူကုန်ကူးမှုအထိ နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားနေရသည်ဟုလည်း WFP က ဖော်ပြထားသည်။

 

Burma Associated Press

 

 

လူကုန်ကူးမှု
ရခိုင်

Share With
bap-logo