Politics
မြန်မာစစ်အာဏာရှင်၏ မိတ်ဖက်များကို ဒဏ်ခတ်အရေးယူမှု အမေရိကန် ဖယ်ရှား
လွန်ခဲ့သော ၁၆ နာရီ က
BAP၊ ဘာသာပြန်။
စစ်အာဏာရှင် မြန်မာစစ်ဗိုလ်ချုပ်များ၏ မိတ်ဖက်အချို့ကို အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုမှ ကြာသပတေးနေ့တွင် ဖယ်ရှားလိုက်သည်။
အခွန်တိုးမြှင့်မည့် သတိပေးချက်ကို တုန့်ပြန်ရာ၌ စစ်အာဏာရှင်မှ သမ္မတ ဒေါ်နယ်ထရန့်ကို ချီးကျူးမြှောက်ပင့်ကာ ဒဏ်ခတ်အရေးမှုများ လျှော့ပေါ့ပေးရန် တောင်းဆိုအပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ လျော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
Human Rights Watch က ၎င်း လျှော့ပေါ့မှုကို “အလွန်အမင်း စိုးရိမ်ဖွယ်” ဟု ခေါ်ဆိုခဲ့ပြီး မြန်မာစစ်တပ်အတွက် အမေရိကန် မူဝါဒ ကြီးကြီးမားမား ပြောင်းလဲနေပြီဟု ယူဆရသည်ဟု ဆိုသည်။
KT Services & Logistics နှင့် ၎င်း၏ တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group နှင့် ၎င်း၏ ပိုင်ဆိုင်သူ အောင်လှိုင်ဉီး၊ Suntac Technologies နှင့် ၎င်း၏ ပိုင်ဆိုင်သူ စစ်တိုင်းအောင်၊ အခြားသော တစ်သီးပုဂ္ဂလ တင်လတ်မင်း တို့ကို အမေရိကန်နိုင်ငံ ဒဏ်ခတ်အရေးယူမှု စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်ခြင်းဖြစ်သည်။
KT Services & Logistics နှင့် ဂျွန်နသန် မျိုးကျော်သောင်းမှာ အရေးယူမှုစာရင်းသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဘိုင်ဒန်အုပ်ချုပ်စဉ် မြန်မာနိုင်ငံအာဏာသိမ်းမှု ပထမနှစ်ပတ်လည်အဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
စစ်တိုင်းအောင်နှင့် အောင်လှိုင်ဦးတို့ကိုလည်း ၎င်းနှစ်တွင်ပင် မြန်မာ့ကာကွယ်ရေးကဏ္ဍတွင် လုပ်ငန်းလည်ပတ်မှုအတွက် အရေးယူမှု စာရင်း၌ ထည့်သွင်းခဲ့သည်။ တင်လတ်မင်းသည် စစ်အာဏာရှင်တို့နှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်အနေဖြင့် ဖော်ပြကြပြီး အာဏာသိမ်းသည့် တတိယနှစ်ပတ်လည် ၂၀၂၄ ခုနှစ်တွင် အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။
ဘဏ္ဍာရေးဌာနက ၎င်းဖယ်ရှားမှု၏ အကြောင်းရင်းကို ရှင်းလင်းဖော်ပြခြင်း မရှိပါ။ အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင် မတုန့်ပြန်ပါ။
Human Rights Watch ၏ Asia advocacy director ဖြစ်သူ John Sifton က အမေရိကန်၏ လုပ်ရပ်သည် “တုန်လှုပ်ဖွယ်” ဖြစ်ပြီး အကြောင်းရင်းလှုံ့ဆော်ချက်မှာလည်း မရှင်းလင်းဟု ဆိုသည်။
“မြန်မာအာဏာရှင်စစ်တပ်ကို အပြစ်ပေး အရေးယူမှုအပေါ် ဗဟိုပြုထားတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ဒီလုပ်ရပ်ကြောင့် ကြီးကြီးမားမား ပြောင်းလဲနေပြီလို့ ယူဆရတယ်။” ဟု အီးမေးလ် ထုတ်ပြန်ချက်တွင် ၎င်းက ပြောသည်။
“မြန်မာစစ်တပ်ရဲ့ ကျုးလွန်မှုခံရသူတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး တိုက်ပွဲဝင်နေသူတွေ၊ စည်းရုံးလှုံ့ဆော်နေသူတွေ အကြားမှာ ဒီဆုံးဖြတ်ချက်ကြောင့် နက်ရှိုင်းစွာ စိုးရိမ်စရာတွေ ဖြစ်ပေါ်စေလိမ့်မယ်။” ဟု Sifton က ဆိုသည်။
ကိုးကား - Reuters
ပုံစာ -Washington, D.C ရှိ အမေရိကန် ဘဏ္ဍာရေးဌာန။
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၅ ရက် က