Local News
ခင်ဦးအနောက်ဖက်ခြမ်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကျဆုံး ပြည်သူ ငါးဦး အဖမ်းခံရ
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၉။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဖက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ ဧပြီလ ၁၉ ရက် မနက် ၈ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားရာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး ပြည်သူ ငါးဦး အဖမ်းခံရကြောင်းသိရသည်။
အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိကာ မြင်းဒေါင်းကျေးရွာ အရှေ့ဘက် ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတားတွင် အထိုင် ချနေသည့် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းခဲ့သည်။ ထို့နောက် ရွာသစ်ကုန်းရွာ အရှေ့တောင်ဘက် ပေ ၅,၀၀၀ ခန့် ဝေးသော ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ် ဝင်ရောက်ခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။
ထို့ကြောင့် ဒေသခံကာကွယ်ရေးများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိသည့် အတွက် ကာကွယ်ရေးရဲဘော်များ ဖြစ်သော ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော် ကိုနောင်၊ ရဲဘော် ကျော်နိုင်တို့ ကျဆုံးခဲ့ရသည်ဟုဆိုသည်။
ထို့အပြင် ဒေသခံအမျိုးသားပြည်သူ ၅ ဦး ဖမ်းဆီးခံရပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ ကြောင်းလည်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြထားသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ၁၁ နာရီဝန်းကျင် အချိန်တွင် အောင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးတင်ရှို့ခဲ့သည်ဟုလည်းသိရသည်။
အဆိုပါစစ်ကြောင်းသည် လက်ရှိအချိန်မှာ ခင်ဦးအနောက်တောင်ခြမ်း ကျွန်းလည်ရွာ ဘုန်းကြီးကျောင်းတွင် အခြေချကာ ကျေးရွာအတွင်းရှိ နွား/ဝက်များ ခိုးယူသတ်ဖြတ် စားသောက်နေသကဲ့သို့ ဘေးပတ်ဝန်းကျင် ရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိနေသည်ဟုလည်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဆိုသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ကျေးရွာများဖြစ်သော အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံ ကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊ မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာတို့မှ ဒေသခံ နှစ်သောင်းကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည် ဟုလည်း ဖော်ပြထားသည်။
စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များပါဝင်ကာ အခက် အခဲများ ဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။