Local News
KTLA ကို လုံးဝ အခြေချလှုပ်ရှားခွင့် ပေးမည်မဟုတ်ဟု ကေအဲန်ယူ တပ်မဟာ ၇ ဆို
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၂။
ကော်သူးလေ Army(KTLA)ကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၇၊ ဘားအံခရိုင်အတွင်း လုံးဝ အခြေခွင့်၊ လှုပ်ရှားခွင့်ပေးတော့မည် မဟုတ်ဟု KNUက ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဘားအံခရိုင်တွင် တိုက်ပွဲများအတွင်း KTLAက ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူများ၏ ပစ္စည်း ဥစ္စာများကို လုယူခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု KNUက ဆိုသည်။ အဆိုပါ ပြောဆိုမှုကို KTLA ဘက်မှ တုန့်ပြန်ထားခြင်းမရှိသေးပေ။
KTLA သည် ကေအဲန်ယူမှ ခွဲထွက်ပြီး ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့အစည်းများ၏ စည်းလုံး ညီညွတ်မှုကို ပျက်စီးအောင် ကြိုးပမ်းနေ သည်ဟုလည်း KNUက ဆိုသည်။
ကော်သူးလေ Army (KTLA)ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ်ဟောင်း ဖြစ်သူ၊ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကေအဲန်ယူမှ ခွဲထွက်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ဝေါ်လေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဦးစီးမှူး ရာထူးမှ ရပ်ဆိုင်းခံခဲ့ရသူ ဖြစ်သည်။
ယခုနှစ် အစောပိုင်းတွင်လည်း တနင်္သာရီတိုင်း၊ ထားဝယ်-ထီခီးနယ်စပ်တွင် ကေအဲန်ယူတပ်မဟာ ၄ လက်အောက်ခံတပ်များနှင့် ကော်သူးလေ Army (KTLA) တို့အကြား ထိတွေ့မှုများဖြစ်ပေါ်ခဲ့သေးသည်။
ပုံစာ - ဓာတ်ပုံ - KTLA ခေါင်းဆောင် စောနယ်ဒါးမြ။ (Photo: KNDO)